ဒေါ်နယ် ထရန့်၏ ကျဆုံးခန်း စပြီလော

by Hla Soewai - Dec 21 2019

ဗုဒ္ဓဟူးနေ့  တွင် အမေရိကန် အောက်လွှတ်တော်၌ သမိုင်းတွင်သွားခဲ့သည့် လုပ်ရပ်ကြီးတခု ဖြစ်ပွားသွားခဲ့ပါတယ်။

ဒါကတော့ သမ္မတ ဒေါ်နယ် ထရန့် ကို စွဲချက်နှစ်ခု တင်ပြီး တရားစွဲဖို့ အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ပါတယ်။
ဒီအတွက် ဒေါ်နယ် ထရန့်သည် အမေရိကန်သမိုင်းတွင် တတိယမြောက် တရားစွဲခံရသည့် အမေရိကန် သမ္မတ ဖြစ်သွားခဲ့ပါတယ်။ (၁၈၆၈ တွင် သမ္နတ အင်
ဒရူး ဂျွန်ဆင်၊ ၁၉၉၈ မှာ ဘီလ် ကလင်တန်တို့ ဖြစ်ပါတယ်။ နစ်ဆင်ကတော့ တရားစွဲ မခံရခင် ၁၉၇၄ မှာ နှုတ်ထွက်သွားခဲ့ပါတယ်၊ ဂျွန်
ဆင်သည် မဲတမဲ အသာနဲ့ ရာထူးမှ ဖြုတ်ချခံရမယ့် အရေးက ရှောင်ရှားနိူင်ခဲ့ပြီး ကလင်တန်ကတော့ မဲတဝက်ကျော်နဲ့ အနိုင်ရရှိသွား ခဲ့ပါတယ်)

ယခုအခါ သူရဲ့ အမှုကို အထက်လွှတ်တော်ကနေ ကြားနာစစ်ဆေးပြီး အပြစ်ရှိတယ် ဆိုရင် သမ္မတ ရာထူးကနေ ဖယ်ရှားပြစ်မှာ ဖြစ်ပါတယ်။ ဒါကလည်း လုပ်ထုံးလုပ်နည်းအရသာ ဖြစ်ပြီး ရီပတ်ဘလီကင်တွေ အားသာနေတဲ့အထက်လွှတ်တော် မှာ ဒေါ်နယ် ထရန့်က
အရေးသာနေပါတယ်။ ယခု အောက်လွှတ်တော် မှာ တနေ့လုံး တညလုံးနီးပါး အခြေအတင် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလီကင် အမတ် တဦးတလေမျပင် ထောက်ခံမဲမပေးခဲ့ကြပါဘူး။

နောက်နှစ်ဆန်းပိုင်းမှာ စတင်ဖို့ ရှိနေတဲ့အတွက် ရွေးကောက်ပွဲမတိုင်မီ ဆယ်လ အလိုမှာ ဒေါ်နယ် ထရန့် အဖို့ ဆီးနိတ် ကြားနာပွဲနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

သို့သော်လည်း သူသမ္မတ ဖြစ်လာခဲ့ခြင်းနှင့် အတူ ဥပဒေပြု အဖွဲ့အတွင်း ရင်ကြားစေ့မရအောင် ဖြစ်လာတဲ့ နိူင်ငံရေး အကွဲအပြဲကို ဘယ်လို အသုံးချရမယ် ဆိုတာ သိနေတဲ့ ဒေါ်နယ် ထရန့်ကတော့ နည်းနည်းလေးတောင် ဖြုံပုံ မရတာ တွေ့နေရပါတယ်။

မီချီဂန် ပြည်နယ် အတွင်း မဲဆွယ် ပွဲတခုမှာ သူ ရလာတဲ့ သတင်းကို အပြုံးမပျက် ရယ်သွမ်းသွေးရင်း ဖတ်ပြခဲ့ပါတယ်။ ဆီနိတ်တာတွေ အားလုံးက အမှန်အတိုင်း ဖြစ်ရ
အောင် လုပ်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

သို့သော်လည်း တွစ်တာ မှာတော့ ဒီမိုကရက်တို့၏ လုပ်ရပ်သည် အမေရိကား ကို တိုက်ခိုက်မှု၊ ရီပတ်ဘလီကင် ပါတီကို တိုက်ခိုက်မှု ဟု ဒေါသတကြီး တုန့်ပြန်ခဲ့ပါတယ်။

ဒီမိုကရက် အမတ်များကတော့ နိုင်ငံကို ယခုထက် ပိုပြီး ပျက်ဆီးအောင် ဆွဲခေါ်နေတဲ့ အကျင့်ပျက် သမ္မတ တယောက်ရဲ့ လုပ်ရပ်ကို
ဟန့်တားနိူင်အောင် အရေးပေါ် ပြုလုပ်ရတာဖြစ်တယ်လို့ ခေါင်းစဉ်တပ်လိုက်ပြီ ဖြစ်ပါတယ်။

မည်သို့ပင် ဒေါ်နယ် ထရန့် က တုန့်ပြန်‌သည်ဖြစ်စေ သူရဲ့ သမ္မတ ဖြစ်ခဲ့တဲ့ ကာလတလျောက် ဖျက်မရတဲ့ အမဲစက်ကြီး စွန်း
ထင်း သွားခဲ့ရလေပြီဟု နယူးယောက် တိုင်းမ်သတင်းစာကြီးက ရေးသားလိုက်ပါတယ်။

ရုရှားဖက်မှ ရွေးကောက်ပွဲမှာ ဝင်ရောက်နှောက်ယှက်လာတာကို သိသိကြီးနဲ့ မှိန်းကာကြိုဆိုခဲ့ခြင်း၊ အခွန်တိမ်းရှောင်ခြင်း၊ သမ္မတ
သက်တမ်းအတွင်း အမြတ်ထွက်အောင် ကြိုးစားလာခဲ့ခြင်း၊ အပြာမင်းသမီးကို ငွေပေးပြီး ပါးစပ်ပိတ်အောင် လုပ်ခဲ့ခြင်းနဲ့ သူရဲ့ ကုသိုလ်
ဖြစ် ဖောင်ဒေးရှင်းများရဲ့ မသမာသော လုပ်ရပ်များ အစရှိတာတွေ တခုပြီး တခု ဆက်တိုက်ဆိုသလို ဖြစ်လာနေခဲ့ပါတယ်။

အခု လောလောဆယ် ထရန့်ရဲ့ သမ္မတ ရာထူးကို ခြိမ်းခြောက်လာနေတဲ့ ဖြစ်စဉ်ကတော့ ဇူလိုင်လအတွင်း လောလောလတ်လတ် သမ္မတ ဖြစ်လာတဲ့ ယူကရိန်း သမ္မတကို နာရီဝက်အကြာ တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့စဉ်အတွင်း ထရန့်က သူရဲ့ပြိုင်ဖက် ဖြစ်လာနေတဲ့ ယခင် ဒုသမ္မတဟောင်း ဂျိုး ဘိုင်ဒင်ရဲ့
သားဖြစ်သူ အပေါ် တရားဝင် စုံစမ်းစစ်ဆေးရေး ပြုလုပ်ပေးဖို့ ဖိအားပေးခဲ့တာက စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ သူပြောသလို
မလုပ်ပေးဘူးဆိုရင် ယူကရိန်းကို ထောက်ပံ့ဖို့ ရှိနေတဲ့ စစ်ရေး အကူအညီ ဒေါ်လာ သန်းလေးရာကို ထုတ်မပေးမယ့် အပြင် အိမ်ဖြူတော် အလည်အပတ် ခရီးစီစဉ် မပေးနိူင်ဘူးဆိုတဲ့ သဘောမျိုး ပြောလာခဲ့ပါတယ်။ အဆိုပါ ကိစ္စက ဖုန်းတခါပြောနဲ့ ပြီးသွားခဲ့တာမျိုး မဟုတ်ပဲ သူရဲ့ ရှေ့နေ ဂူလီယာနီ အဆက်
အသွယ်နဲ့ တလလောက် လုံးပမ်းနေခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုအကြောင်းကို စီအိုင်အေ သို့ တိုင်တန်းတဲ့လူ ရှိလာတဲ့ အတွက် ကွန်ဂရက်က သိရှိသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ကွန်ဂရက် ရဲ့ ကြားနာ စစ်ဆေးပွဲတွေမှာ အမေရိကန် သံတမန်များနဲ့ အစိုးရ အရာရှိများကဟုတ်မှန်ကြောင်း ထောက်ခံခဲ့ကြတဲ့အပြင် သူတို့ သိသမျကို ပါ ထွက်ဆိုလာခဲ့ကြပါတယ်။

ဒါကို သိလာတဲ့ သမ္မတ က သူလက်အောက်ငယ်သားများအား ကွန်ဂရက်မှာ သွားရောက် အစစ်မခံဖို့ ပြောင်ပြောင်တင်းတင်း တားမြစ်
လာခြင်းဖြင့် နောက်ထပ် တမှုကျုးလွန်ခဲ့ပြန်ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံမှာ ဥပဒေပြူရေး နှင့် အုပ်ချုပ်ရေး အာဏာကို စည်းခြား
ထားမှုကို လျစ်လျုရှုပြီး သူသည် ဥပဒေ အထက် က ရှိတယ် ပုံစံမျိုး ချိုးလိုက်တာလည်း ဖြစ်ပါတယ်။ ယခင်တရားစွဲခံရတဲ့
သမ္မတ နှစ်ယောက်စလုံး လွှတ်တော်ကနေသိလိုတဲ့ သတင်းအချက်အလက်များကို လွှဲအပ်ပေးခဲ့တာ ဖြစ်ပေမယ့် ထရန့်ကတော့
ခါးခါသီးသီး ငြင်းဆန် အာခံနေတဲ့ အတွက် အမေရိကန် ဖွဲ့စည်းပုံ ရဲ့ အနှစ်သာရ ဖြစ်တဲ့
အပြန်အလှန် စစ်ဆေး ထိန်းညှိရေး check and balance ကို ခြိမ်းခြောက်လာနေပြီဆိုကာ ဒီမိုကရက်‌တွေ အလန့်တကြား ဖြစ်လာ
ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထရန့်ကို အခုလို စွဲချက်နှစ်ခုနဲ့ တရားစွဲလိုက်ခြင်းကြောင့် သမ္မတအဖြစ် ဆက်လက်ရပ်တည်သွားနိူင်မယ့် လမ်းကြောင်းနဲ့ အမေရိကန် ရဲ့ နိူင်ငံရေး မျက်နှာပြင်ကို ပြောင်းလဲသွားစေနိူင်ပါတယ်။

အလယ် အလတ် သဘောထား ရှိတဲ့ ဒီမိုကရက် အမတ်အချို့ မဲဆန္ဓရှင်များရဲ့ ဒေါသကြောင့် သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေ ဆုံးရှုံး
သွားနိူင်ပါတယ်။ ဒီမိုကရက် အမတ်တယောက် ရီပတ်ဘလီကင်ဖက် ခြံခုန်သွားခဲ့ပါတယ်။

အောက်လွှတ်တော် ဥက္ကဌ မစ္စက် ပီလိုဆီ ကတော့ ဆီးနိတ် တရားစီရင်ရေးမှာ တရားမျတစွာ ဆောင်ရွက်ပါမယ်လို့ အာမခံချက် မရမချင်း အမှုကို မတင်သေးဖူးလို့လည်း ပြောနေပါတယ်။ ထရန့်နဲ့ သူ့မဟာမိတ်တွေက တော့ ဆီးနိတ်ကို မြန်မြန်တင်ပြီး မြန်မြန်အဆုံးသတ်စေချင်နေပါတယ်။ ဒါကိုသိထား
တဲ့ အတွက် မစ္စက် ပီလိုစီက ဆီးနိတ်မှ ဒီမိုကရက်တွေ အလိုကျ တရားစီရင်ရေးမျိုး ဖြစ်အောင် လိုက်လျောလာစေဖို့ အချိန်ဆွဲတယ်လို့ ယူဆရပါတယ်။ ဆီးနိတ်က အခုအတိုင်းဆို နောက်ထပ် သက်သေတွေဘာတွေ ထပ်ခေါ်ဖို့ မရှိပဲ မြန်မြန် အဆုံးအဖြတ်ပေးမယ့် သဘောတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သို့သော် ဆီးနိတ်တွင်လည်း အမေရိကန်၏ ဒီမိုကရေစီ အဆောက်အအုံကြီးကို တရားမျတစွာ ကာကွယ်ပေးလိုတဲ့ အလယ်အလတ် ရီပတ်ဘလီကင် သမားတွေရယ်၊ သမိုင်းကြောင်း ကောင်းအောင် လုပ်ခဲ့ချင်တဲ့ နိူင်ငံရေး ကနေ အနားယူ တော့မယ် ရီပတ်ဘလီကင် အမတ်အိုတွေလည်း ရှိနေတာကြောင့်
ဘယ်လိုရလဒ် ထွက်လာမလဲ ယတိပြတ်မပြောနိူင် ဖြစ်နေပါတယ်။

မည်သို့ပင် ဖြစ်စေ ယခုလို တရားစွဲခံလိုက်ရခြင်းသည် ထရန့်ရဲ့ ဘဝတလျောက်လုံးအရိပ်ပမာ ကပ်လိုက်သွားမယ့်အပြင် သမိုင်းမှာလည်း တတိယမြောက် သမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Hla Soewai