ပီဂါဆူး

by Hla Soewai - Jan 23 2023

ပီဂါဆူး သည် နောက်ဆုံးပေါ် လွန်စွာ အန္တရာယ်များလှသည့် စပိုင် ဆော့ဝဲယား တခုပင် ဖြစ်သည်။

 

ထိုဆော့ဝဲယားသည် ဟက်ကာ အမျိုးအစား ဖြစ်ပြီး စမတ်ဖုန်း အားလုံးရှိ မက်ဆေ့ခ်ျများ၊ ကင်မရာများ၊ မိုက်ကရိုဖုန်းများ အထိ ထဲထဲဝင်ဝင် ထိုးဖောက်မွှေနှောက်နိုင်စွမ်း ရှိနေသည်။

 

 လွန်ခဲ့သည် ဆယ်ငါးနှစ်က အိုင်ဖုန်း ဈေးကွက်ထဲသို့ စတင် ဝင်ရောက်ခဲ့ချိန်မှစ၍ အများစုသည် စမတ်ဖုန်းများ နှင့် စတင်ရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်။ စမတ်ဖုံးဖြင့် အင်တာနက် ပါ သုံးလာနိုင်သဖြင့် တကမ္ဘာလုံးကို ဒိုးလို‌မွှေ ရေလိုနှောက် လှန်လှောကြည့်ရှု နိုင်ခဲ့သည်။ အီးမေးလ် လည်း သွားလေရာ သုံးနိုင်ပြီး ယူကျု့ ဖြင့်လည်း တေးဂီတ များ စိတ်ကြိုက် ရှာဖွေကာ နားထောင်လာနိုင်သည်။

 

သို့သော်လည်း မိမိ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ၊ ဦးနှောက်ထဲတွင်သာ ထားသည့် အရာများကိုတော့ မဖြစ်မနေ အသိပေးခဲ့ရပြီ ဖြစ်သည်။ စမတ်ဖုန်း အသုံးပြုလာမှု‌ ကြောင့် ကိုယ်ရှိနေသည့် အရပ်၊ ကိုယ့်အကျင့် စရိုက်၊ အကြိုက်များကို ကမ္ဘာတဝှမ်း ရှိ ဘာမှန်း မသိရသော ကော်ပိုရေး ရှင်း ကြီးများသို့ ပေးပို့ပြီးသား ဖြစ်နေသည်။ ထို ကော်ပိုရေးရှင်းကြီးများသည် ရရှိလာသော အချက်အလက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ခေါင်းလျှော်ရည်မှသည် ကားအာမခံ ရောင်းသည့် ကုမ္ပဏီများ သို့ ‌ကြော်ငြာ နိုင်ရန် လက်ဆင့် ကမ်းပေးခဲ့ကြသည်။

 

နောက်ပိုင်းတွင် စမတ်ဖုန်း ကိုင်ဆောင်ထားသူများ၏ ခွင့်ပြုချက်ကိုပင် မတောင်းခံတော့ပဲ ဆော့ဖ်ဝဲယား ခေါ် လွန်သွားများ တီထွင်၍ ဖေါက်ထွင်းဝင်ရောက်လာကြသည်။

 

ထိုအထဲတွင် အထင်အရှား ထွက်ပေါ်လာသည်က အစ္စရေး ရှိ NSO Group ဆိုသည့် ကုမ္ပဏီ ပင် ဖြစ်သည်။ ထိုကုမ္ပဏီသည် ပီဂါဆူး ဟု အမည်ပေးထားသည့် စပိုင် ဆော့ဖ်ဝဲယားကို ထုတ်လုပ် ရောင်းချခဲ့သည်။ အထူးသဖြင့် ကမ္ဘာတဝှမ်းရှိ သူလျို အဖွဲ့အစည်းများ၊ လျို့ဝှက် စစ်ထောက်လှန်းရေး အဖွဲ့များက ဝယ်ယူလာကြသည်။ ထိုဆော့ဖ်ဝဲယား ဖြင့် မိုဘိုင်းဖုန်း ကိုင်ဆောင်ထားသူ လုပ်သမျှ ကို မြင်ခွင့် ရလာခဲ့သည်။

 

ဖုန်း၏ စကရင်ပေါ်တွင် ပေါ်လာသော မက်ဆေ့ခ်ျကိုပင် တိုက်ရိုက် ဖတ်နိုင်ခဲ့သည်။ WhatsApp နှင့် Signal ကဲ့သို့ လျို့ဝှက် သင်္ကေတ များ ထည့်သွင်းပေးထားသည်ကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်။

 

ပီဂါဆူး ဆော့ဖ်ဝဲယားသည် ဖုန်းပိုင်ရှင် မသိအောင်ပင် ခိုးကြောင်ခိုးဝှက်ဖြင့် ဖုန်းရှိ ကင်မရာ နှင့် မိုက်ကရိုဖုန်းများကို activate လုပ်နိုင်သည်။ ဤသို့ဖြင့် ဖုန်းပိုင်ရှင် လှုပ်ရှားသွားလာသမျှ၊ မြင်ကြားသမျှ နှင့် ပြောသမျှကို စောင့်ကြည့်နေသူများထံ ပြန်၍ ထုတ်လွှင့်ပေးနိုင်ခဲ့သည်။

 

NSO ၏ လုပ်ရပ်များသည် ၂၀၂၁ အတွင်း နိုင်ငံတကာ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး နှင့် ပဲရစ်တွင် အခြေစိုက်သည့် Forbidden Stories ဆိုသော အကျိုးဆောင် အဖွဲ့ကြီးမှ ၎င်းတို့ထံ ပေါက်ကြားလာခဲ့သော ကမ္ဘာတဝှမ်းရှိ ပီဂါဆူး ဆော့ဖ်ဝဲယား အသုံးပြုနေသူများ၏ လက်ထဲ ရောက်ရှိနေသည့် ဖုန်း နံပတ်ပေါင်း ငါးသောင်းကျော် စာရင်းကို လူသိရှင်ကြား ထုတ်ပြန်ပေးလာခဲ့သည်။

 

NSO မှ မိမိတို့ ဆော့ဖ်ဝဲယား အား အစိုးရများက အကြမ်းဖက်သမားများ၊ ရာဇဝတ်သားများ နှင့်

ပီဒိုဖိုင်း ခေါ် ကလေး များ အပေါ် ကာမစိတ် ဖေါက်ပြန်နေသည့် လူများအား စောင့်ကြည့်နိုင်ရန် အတွက်သာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ခုခံ ပြောဆိုလာသည်။

 

သို့သော်လည်း ထွက်ရှိလာသည့် စာရင်းထဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ရှေ့နေများ နှင့် နိုင်ငံရေး သမားများ၏ ဖုန်းနံပတ်များ ပါဝင်နေသည်။ ထိုအထဲတွင် ပြင်သစ် သမ္မတ အီမန်နျူရယ် မာကရွန်၊ အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူး ဂန္ဒီ၊ Financial Times သတင်းစာကြီး၏ အယ်ဒီတာ ရိုလာ ခါလတ်ဖ်၊ ၂၀၁၈ အတွင်း အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန် ရုံးထဲတွင် ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ် အသတ်ခံခဲ့ရသည့် ဂျမယ် ခါရှော်ဂျီ တို့ ၏ ဖုန်းနံပတ်များသည် ထိတ်ဆုံးက ထွက်လာခဲ့သည်။ ခါရှော်ဂျီ နှင့် ပတ်သက်၍ မူ NSO က ငြင်းဆိုခဲ့သည်။

 

NSO သည် နည်းပညာ ပိုင်း အားသန်သော အစ္စရေး တပ်ထွက်များကို စုစည်း လေ့ကျင့်ပေးခဲ့သည်။ အစပထမ တွင် မက်ဆေ့ခ်ျ တွင် ပါလာသည့် လင့်ခ် ကို နှိပ်မှသာ ထောက်လှန့်းနိုင်သော်လည်း ယခုအခါတွင် ဖုန်းပိုင်ရှင်မှ ဘာမျှ မလုပ်ရခင်မှာပင် ထိုသူ၏ ဖုန်းထဲသို့ ကျုးကျော် ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ NSO အား WhatsApp နှင့် Apple တို့မှ တရားစွဲဆိုထားခဲ့ပြီး၊ ခါရှော်ဂျီ၏ ကျန်ရစ်သူ ဇနီးမှလည်း တရားစွဲရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ပြီးခဲ့သည့် နှစ် အတွင်း အမေရိကန်သည် ဟွာဝေးကို လုပ်သလိုမျိုး NSO အား အမေရိကန်၏ မိုက်ကရိုချစ် နှင့် ဆော့ဖ်ဝဲယားများ တင်ပို့ ရောင်းချမှု ကို ကန့်သတ်လာခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ သတင်းသမားများ၊ နိုင်ငံရေး သမားများ နှင့် ကုမ္ပဏီ စီအီးအိုများသည် ပီဂါဆူး ကြောင့် ယုံထင်ကြောင်ထင်၊ မယုံမရဲ ဖြစ်လာနေမှုကို မည်မျှ အတိုင်းအတာ အထိ ခွင့်ပြုသင့်သည်ကို ချင့်ချိန်နေရပြီ ဖြစ်သည်။

 

(၂၀၂၃ ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ "The spy in your pocket" မှ ကောက်နှုတ် တင်ပြသည်။)