ရုရှား မှ အကြမ်းဖက် စစ်တပ်ကို ကူညီလျှင် မိမိတို့မှ နှစ်ဆတိုး ကူညီသွားမည်ဟု အမေရိကန်ပြော

by Hla Soewai - Jan 23 2023

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရက် ရှိုလေ မှ ဗီအိုအေ နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် မြန်မာ စစ်တပ်အား ရုရှား မှ ထောက်ခံ အားပေးနေတာ တိုးလုပ်လာလျှင် မိမိတို့မှလည်း နှစ်ဆတိုး ကူညီသွားမည်ဟု တရားဝင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

ရုရှား နှင့် ဆက်ဆံရေး ပို၍ ခိုင်မာလာနေသည်ကို မိမိတို့ တွေ့မြင်လာရသည့် အတွက် ရှေ့လျောက် ကုလ လုံခြုံရေး ကောင်စီ တွင် ယခုလို လိပ်ခဲတည်းလည်း ဖြစ်လာမည့်အတွက် မိမိတို့မှ မဟာမိတ်များ နှင့် အတူ လက်တွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်သည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ ပြုလုပ်ရန် ရှိနေသည့် အတုအယောင် ရွေးကောက်ပွဲ လုပ်မည့် အစီအစဉ်ကို ဇန်နဝါရီလ ကုန်ပိုင်းတွင် ကာလုံ ခေါ်ပြီး ထုတ်ပြန်သွားမည်ဟု ပြောကြားလာမှုကို ရှိုလေ က ၎င်းတို့ ၏ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုမည် မဟုတ်ဆိုသည့် မိမိတို့ ရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ဟုလည်း ထပ်လောင်း အတည်ပြု ပြောကြားသွားခဲ့ပြန်သည်။ နိုင်ငံတဝက်ကျော်ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိသူ များ အဖို့ ရွေးကောက်ပွဲကို မည်သို့များ ပြုလုပ်သွားမည် ဆိုသည်ကို မသိနိုင်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။

 

သမ္မတ ဘိုင်ဒင် လက်မှတ်ထိုးထားသည့် NDAA တွင် ပူးတွဲ ပါရှိလာသည့် BURMA ACT တွင် ပေးအပ်ရန် လျာထား ထားသည့် ဒေါ်လာ ၁၃၆ သန်းကိုလည်း လက်နက်မဟုတ်သော အကူအညီများ အဖြစ် NUG, PDF, CDM နှင့် EAO များကို ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်သွားမည်ဟု လည်း ပြောသွားကြောင်း ဗီအိုအေ၏ သီးသန့် တွေ့ဆုံ မေးမြန်းခန်း တွင် ပါရှိလာခဲ့သည်။

 

ဒဲရက် ရှိုလေ သည် မနှစ်က ၎င်းတို့အား ပရိုဖက်ရှင်နယ် စစ်တပ်မဟုတ်၊ လူဆိုး လူမိုက် တသိုက် bunch of thugs ဟူ၍ပင် ကင်ပွန်းတပ် ခေါ်ဆိုခဲ့ပြီး ဖြစ်သည်။ အမေရိကန်သည် တရုတ် နှင့် ယှဉ်ပြိုင်မှု မြင့်တက်လာနေချိန်တွင် ထိုလူဆိုး လူမိုက်များ ကန့်လန့်ခံနေမည့် အရေးကို လက်ပိုက်ကြည့်နေဖို့ စိတ်ကူးနေကြမည်တော့ မဟုတ်‌ပေ၊ နည်းလမ်း အမျိုးမျိုး ရှာကြံနေမည်ကား အမှန်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် ကိုယ်ကျင့် သိက္ခာတရား ခြူတပြားမှ မကျန်တော့သည့် ညစ်တွန်း တွန်းနေရသည့် ဘဝ နှင့် ရပ်တည်နေရပြီး ၎င်းတို့နှင့် ဆက်ဆံပါရန် အလားအလာ ရှိသည့် နိုင်ငံများကို ခခယယ တောင်းပန်နေရပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း အင်ဒိုနီရှား မှ ရေကြောင်း နှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ညှိနှိုင်းရေး ဝန်ကြီး လူဟွတ် ပန်ဂျေတန် မှ “အရည်အချင်း မရှိပဲ ဘာကြောင့် သမ္မတ ဖြစ်သင့် ပေမည်နည်း” ဟု ဆွစ်ဇာလန် နိုင်ငံ ဒါဗို ရှိ ကမ္ဘာခေါင်းဆောင်များ စုဝေးလာသည့် ကမ္ဘာစီးပွားရေး ဖိုရမ် တွင် မြန်မာ စစ်ခေါင်းဆောင်များ အရည်အချင်း မဲ့နေမှုကို ထည့်သွင်း ပြောဆိုသွားသည်။

 

အင်ဒို အထက်တန်း ဝန်ကြီး တဦး၏ မှတ်ချက်သည် ၎င်းတို့ အပေါ် မည်မျှ အထိ သက်ရောက်မှု ရှိနိုင်သည် ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသော်လည်း ထင်ရှားသွားသည်က အင်ဒိုနီရှားမှ မြန်မာ အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ် သွားတော့မည် ဆိုသည်ပင် ဖြစ်သည်ဟု The Diplomat စာစောင်တွင် ရေးသားလာခဲ့သည်။

 

စစ်ခေါင်းဆောင်များသည် ၎င်းတို့ကို ၎င်းတို့ ပြည်ထောင်စု ကို ထိန်းသိမ်း ကာကွယ်နေသူများ ဟု အနှစ်နှစ် အကာလ ခေါင်းထဲ ရိုက်သွင်း ခံထားရမှု ကို ယုံကြည်နေကြသူများ ဖြစ်ပြီး၊ ၎င်းတို့ကို ဆန့်ကျင်သူများသည် တိုင်းပြည်ကို ဖျက်ဆီးရန် ကြံနေသူများဟူ သော စိတ္တဇ ရောဂါ အပျော့စား (အချို့ကလည်း အပြင်းစား) ဆွဲကပ်နေကြသူများသာ ဖြစ်သည်။ ကိုယ်နိုင်မှ သူရှုံး ဆိုကာ အဓိပ္ပါယ်မဲ့ ရလဒ် မထွက်မည့် Zero-sum ဂိမ်း ဖြင့် ရုန်းမထွက် နိုင် ဖြစ်နေကြသည်။ ထို့အတွက်ကြောင့်လည်း တတိုင်းပြည်လုံး ကျွမ်းထိုး မှောက်ခုံ ဖြစ်နေစေကာမူ လှေနံဓါးထစ် မှတ်ကာ စိတ္တဇ ရောဂါ အခံ ရှိလာခဲ့သူများက မည်သို့မျှ အလေးထားရကောင်းမှန်း မသိကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

လျပ်စစ် ရထား၊ ကား၊ နျူကလီယားကို အသာထားဘိဦး လက်ရှိ ရှိနေပြီးသား သံမဏိစက်ရုံများကိုပင် နိုင်ငံ အတွက် အရေးတကြီး လိုအပ်ချက် ဖြစ်နေ၍ ပြန်လည် လည်ပတ်မည်ဟု ၎င်းကိုယ်တိုင် ကြွေးကျော်ခဲ့သော်လည်း နှစ်နှစ် ကြာလာသည့်အထိ မည်မည်ရရ ဖြစ်မလာသေး။ 

 

၎င်းတို့ သာ ပုံမှန်စိတ် ရှိပြီး တိုင်းပြည်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်လိုသူများ ဖြစ်က ထိုသို့သော အရည်အချင်းမျိုး မရှိသည်ကို သိသင့်နေပြီ ဖြစ်သည်။ လက်ရှိတွင်တော့ တိုင်းပြည် အနာဂတ်ကို ၎င်းတို့ စည်းစိမ်အာဏာ တည်မြဲရေး အတွက် လုယက်ခဲ့ကြသူများ အဖြစ် သမိုင်းတွင် သွားခဲ့ပြီ ဖြစ်သည်။ 

 

စစ်တပ် လက်အောက်တွင် ဖိနှိပ်ချုပ်ချယ်မှု များ ဖြင့် သံသရာ လည်နေခဲ့ကြသော လူထု လူတန်းစား အသီးသီးသည် ယခုတကြိမ်တော့ နောက်ဆုတ်တော့မည် မဟုတ်ဘဲ ဒေါသများ၊ မျှော်လင့်ချက် များ ဖြင့် တော်လှန်‌ရေး လေပွေမုန်တိုင်းကြီးက ပြင်းထန်စွာ တိုက်ခိုက်လာတော့မည် ဖြစ်သည်ဟု ဟောင်ကောင် တက္ကသိုလ် နိုင်ငံတကာ ရေးရာ ဌာနမှ တွဲဖက် ပါမောက္ခ Renaud Egreteau မှ Asia Times တွင် သုံးသပ်ထားခဲ့သည်။

 

ကရင် အမျိုးသား အစည်းအရုံး မှ ပြောရေးဆိုခွင့်ရ ဖဒို စောတောနီးမှ တော်လှန်ရေး ဖြင့်သာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်မည့် တခုတည်းသော နည်းလမ်း ဖြစ်သဖြင့် မြို့ပြတိုက်ပွဲများ အပါအဝင် နယ်ပယ် အသီးသီး တွင် စစ်ဆင်ရေး များကို အရှိန်မြှင့် ဆင်နွှဲသွားမည်ဟု ဧရာဝတီသို့ ပြောကြားသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!