သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(97)

by Hla Soewai - Jan 23 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၅)

 

လောလောဆယ် တွင် ဆိုဗီယက် တို့သည် မော်စကို တွင် အခြေစိုက်သည့် ကိုမင်တန် ခေါ် ကွန်မြူနစ် အင်တာနေရှင်နယ် မှ တဆင့် တရုတ် အမျိုးသားရေး ဝါဒီ များနှင့် အလုပ်သဘော လက်တွဲလာကြသည်။ တရုတ်တို့အား ကိုမင်တန် မှ အကူအညီ ပေးရေး အတွက် ရုရှား ဂျုး တဦး ဖြစ်သော မီခေးလ် ဗိုရိုဒင် အား တာဝန်ပေးခဲ့သည်။ ဗိုရိုဒင်သည် ယနေ့ခေတ် ဘဲလာရုစ် တွင် မွေးဖွားခဲ့သူ ဖြစ်သည်။

 

ဗိုရိုဒင်သည် ဆိုဗီယက် ယူနီယံ ပြင်ပတွင် ကွန်မြူနစ် အင်တာနေရှင်နယ် ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက် ခဲ့ဖူးသည် အတွေ့အကြုံ များစွာ ရှိထားသူလည်း ဖြစ်သည်။ သူသည် ၁၉၂၃ ခုနှစ်တွင် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့ပြီး သူတလူ ငါတမင်း ထင်တိုင်းကြဲနေသော စစ်ဘုရင် များ၊ အရင်းရှင် နယ်ချဲ့များ နှင့် မြေရှင် ပဒေသရာဇ်များအား နှိမ်နှင်းနိုင်ရန်အမျိုးသားရေး ဝါဒီ များ နှင့် ပေါ်ထွန်းစ တရုတ် ကွန်မြူနစ် များ အတူ လက်တွဲ လုပ်ကိုင်ကြရန် နားချလာခဲ့သည်။ ဗိုရိုဒင် ၏ အကူ အညီ ဖြင့် ဆွန်ယက်ဆင်သည် အမျိုးသား လွတ်‌မြောက်ရေး တပ်ဦး ကြီး ဖွဲ့စည်း နိုင်ရန် နိုင်ငံတဝှမ်း လှည့်လည် စည်းရုံးခဲ့သည်။

 

ထိုတပ်ဦးကြီး ပီပြင်စွာ အကောင်အထည် ပေါ်လာရေး အတွက် ဆိုဗီယက် စစ်အကြံပေး များ၏ အကူအညီဖြင့် စစ်ကောင်စီ ကို ဖွဲ့စည်းခဲ့သည့် အပြင် တပ်ဦး တွင် ဦးဆောင်မည့် အရာရှိများကို လေ့ကျင့်သင်ကြားပေးရန် စစ်အကယ်ဒမီ ကျောင်းကိုပါ ထူထောင်ခဲ့သည်။

 

သို့မှသာ စည်းကမ်းတကျ နှင့် နိုင်ငံရေး အယူအဆများ သင်ကြား တတ်မြောက်လာမည့် ပရော်ဖက်ရှင်နယ် အမျိုးသား တော်လှန်ရေး တပ်မတော် ပေါ်ထွန်းလာမည် ဖြစ်သည်။ ဆိုဗီယက်တို့ဖက်ကလည်း တော်လှန်ရေး နှင့် စစ်ရေး သဘောတရား များ၊ လက်နက်များ၊ ရံပုံငွေများ ပံ့ပိုးပေးကာ ဦးဆောင်လာခဲ့သည်။ သဘောတရားရေး ရာ တပ်စိတ်များလည်း ဖွဲ့စည်းပေးခဲ့သည်။

 

ဤသို့ဖြင့် အမျိုးသား တော်လှန်ရေး တပ်မတော်ကြီးသည် ကနဦး တွင် အောင်မြင်မှုများ ရလာခဲ့သည်။ သို့သော် ကြာရှည် မခံခဲ့ပဲ အမျိုးသားရေး ဝါဒီ များ နှင့် ကွန်မြူနစ်များ အကြား အက်ကြောင်း လိုက်လာခဲ့သည်။ ထိုနှစ်ဖွဲ့စလုံးသည် အနိုင့်ကျင့် ဗိုလ်ကျ အုပ်ချုပ်နေကြပြီး အကျင့်ပျက် ခြစားနေကြသော စစ်ဘုရင်များ နှင့် တိုင်းတပါးသား တို့ လွှမ်းမိုး ချယ်လှယ်နေခြင်းကို ဆန့်ကျင်ရာတွင် တူညီကြသော်လည်း အနာဂတ် တရုတ်ပြည်ကြီး အတွက် ရည်မှန်းချက်များ တွင် သဘောထားများ တိုက်ဆိုင်ခဲ့ကြခြင်း မရှိပေ။

 

လူမှုတော်လှန်ရေး ကြီး တရပ် ဆင်နွှဲမှ ဖြစ်မည် ဆိုသော ကွန်မြူနစ်တို့၏ ခံယူချက်သည် အစွန်းရောက်လွန်းသည်ဟု အမျိုးသားရေးဝါဒီ များ အပြင် အတော်များများက ယူဆခဲ့ကြသည်။ တင်းမာနေမှု များ လျော့ကျသွားရန် အတွက် ဗိုရိုဒင်သည် ကွန်မြူနစ်များကို စစ်တပ် အတွင်း နှင့် ဝါဒ ဖြန့်ချီရေး ဖက်ရှိ အဓိက ကျ‌သော နေရာများတွင် ထားရှိရန် အကြံပြုလာခဲ့သည်။ ဆွန်ယက်ဆင်ကလည်း လိုက်လျော ပေးခဲ့သဖြင့် ဗိုရိုဒင် နှင့် ဆိုဗီယက်တို့ မျှော်လင့်သလို ကွန်မြူနစ်များ ဩဇာ ကြီးထွားလာခဲ့သည်။

 

အမျိုးသားရေး ပါတီ၏ ဝါဒဖြန့်ချီရေး ဌာန တာဝန်ခံသည် မော်စီတုန်း ဆိုသည့် လူငယ် ကွန်မြူနစ် တဦး ဖြစ်သည်။ သူသည် ပီကင်း တက္ကသိုလ် စာကြည့်တိုက်တွင် လုပ်ကိုင်နေရင်းက မက်စ် ဝါဒ သဘောတရားများကို နှစ်နှစ်ကာကာ ယုံကြည်လာခဲ့သည်။ မော်သည် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားများ၊ စစ်သားများ အစရှိသည့် လူထု လူတန်းစား အလွှာအသီးသီး၏ ထောက်ခံမှု ရရန် ဦးဆောင် ကြိုးပမ်းလာခဲ့သည်။

 

တဖက်တွင် ဆွန်ယက်ဆင်သည် နယ်ချဲ့ဆန့်ကျင်ရေး နှင့် စစ်ဝါဒ ဆန့်ကျင်ရေး သဘောတရားများကို ဟောပြော ပို့ချနေသည်။ မော် နှင့် ကွန်မြူနစ်များက လူမှုတော်လှန်ရေး ကြီး ဖြစ်ပေါ်ရန် အတွက် မျိုးချစ် ဝါဒ လောက် နှင့် တင်းတိမ်နေ၍ မဖြစ်ဟု ခံယူထားကြသူများ ဖြစ်သည်။ လယ်ယာမြေများကို မူလ ပိုင်ရှင် လယ်သမားများ လက်ဝယ် ပြန် ပေးနိုင် အောင် လုပ်ရမည်၊ သို့မှသာ ကျေးလက် လူထုသည် စစ်ဘုရင်များ အား ဆန့်ကျင်ရကောင်းမှန်း သိလာပြီး မိမိတို့၏ တော်လှန်ရေး တပ်မတော်ကြီး ကို ထောက်ခံလာကြမည်ဟု ယူဆခဲ့ကြသည်။ 

 

ထိုသဘောတရား အပေါ် အမျိုးသားရေး ဝါဒီများ အကြား အထိတ်တလန့် ဖြစ်လာခဲ့ပြီး တနေ့တခြား ကြီးထွားလာနေသော ကွန်မြူနစ်တို့၏ ဩဇာ အာဏာကို ပယ်ဖျက်နိုင်ရန် ကြိုးပမ်းလာကြသည်။

 

အမျိုးသား‌ ရေး ဝါဒီ တို့၏ ခြေလှမ်းကို ရိပ်စားမိလာသော ဗိုရိုဒင်သည် အမျိုးသားရေး လှုပ်ရှားမှု များ တွင် ကွန်မြူနစ် တို့ ပါဝင်မှသာ ဆိုဗီယက် တို့က ထောက်ခံသွားမည် ဖြစ်သည်ဟု ရှင်းလင်းပြတ်သားစွာ အသိပေးလာခဲ့သည်။