မင်းအောင်လှိုင်၏ ကလေးကလား အတွေးဖြင့် လူထု နှင့် ကမ္ဘာကို လှည့်စားရန် ကြံနေပြီ

by Hla Soewai - Jan 25 2023

မင်းအောင်လှိုင်သည် အထက် ဆရာသမား များ ချပြထားသော စစ်တပ် အာဏာ တည်မြဲရေး လမ်းစဉ် ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ မျက်စိမှိတ် လိုက်နာရတော့မည် ဖြစ်၍ ယခုလ ကုန်ပိုင်းတွင် ၎င်း ၏ ရုပ်သေး ဖြစ်သော ယာယီ သမ္မတ မြင့်ဆွေ အား အာဏာ ပြန်လွှဲပေးရန် ရှိနေသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်၏ ဦးနှောက်မပါ အရုပ်သာသာ ရှိသော မြင့်ဆွေအား လွှဲပြောင်းပေးပြီး နောက်မှ ကြိုးဆွဲရာ ကမည့် ထိုလုပ်ရပ်သည် လူတကာ၏ အသိညဏ်ကို စော်ကားလိုက်ခြင်း ဖြစ်၍ ၎င်း၏ လက်ရှိ အနေအထား သည် ပို၍ ဆိုးရွားသွားဖွယ်သာ ရှိပေသည်။

 

မင်းအောင်လှိုင်သည် မည်သူမျှ လက်မခံတော့သော ဖွဲ့စည်းပုံ ကို ဖျက်ပစ်ရဲသည့် သတ္တိမျိုး မရှိ၊ ရှိလျှင်ပင် ဆရာသမားများက လက်မခံ၍ အမျိုးစုံ လိမ်ညာ လှည့်ဖျားပြီး လူသတ် ရွာမီးရှို့ ရာဇဝင်တွင်မည့် လူဆိုး လူမိုက်ကြီး ဘဝ အရောက်ခံပြီး ကြိုးပမ်းမှ ရမည့် သမ္မတ ရာထူးမျိုး ဖြစ်နေသည်က သူ့အား ကံကြမ္မာကပင် မျက်နှာ လွှဲ ခဲပြစ် လုပ်နေသည်မှာ သိသာ ထင်ရှားနေပေသည်။

 

မင်းအောင်လှိုင် အဖို့က ၂၀၀၈ ဖွဲ့စည်းပုံကို အပျက်မခံပဲ အာဏာသိမ်း ကာ တိုင်းပြည်ကို ငြိမ်အောင် ထိမ်းပါမည် ဆိုသော ကတိ တလုံး နှင့် အာဏာသိမ်းခဲ့ရသည်မှာလည်း ထင်ရှားနေပေသည်၊ ထိုအရေး တွင် စစ်တပ် မှ သန်းရွှေ မှ သည် အားလုံး တွင် တာဝန်ရှိနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် လုပ်မည့် ရွေးကောက်ပွဲအားလည်း အလိမ်အညာ အတုအယောင် အဖြစ် ပြည်တွင်း ပြည်ပမှ ပယ်ချထားပြီး ဖြစ်သည်။ နိုင်ငံတကာ မျက်နှာစာ တွင် ကုလသမဂ္ဂ နှင့် အမေရိကန်မှ ဦးဆောင်၍ လက်မခံ အသိအမှတ် မပြုကြောင်း ပွင့်လင်းစွာ ပြောဆိုထားပြီး ဖြစ်သည်၊ ဒေသတွင်းရှိ အမေရိကန် နှင့် မကင်းရာ မကင်းကြောင်း အာဆီယံ အဖွဲ့ အတွင်းရှိ နိုင်ငံများသည်လည်း ထို့အတူပင် ရှိပေလိမ့်မည်။

 

ယခု လကုန်တွင် ပြုလုပ်မည့် ကာလုံ အစည်းအဝေး တွင်လည်း မင်းအောင်လှိုင်သည် သူ့နှစ်နှစ်တာ ကာလ အုပ်ချူပ်မှု တိုးတက်မှု ရှိကြောင်း ဗြောင်လိမ် ဗြောင်စား အစီရင်ခံစာ တင်ပြနိုင်ရန် ချွေးတဒီးဒီး ဖြင့် အလုပ်များနေပေတော့မည်။

 

လက်ရှိ အနေအထား သည် မင်းအောင်လှိုင် အတွက် စိုးရိမ်မည် ဆိုက လွန်စွာ စိုးရိမ်ဖွယ် ကောင်းသော အနေအထား ဖြစ်လာသည်။ လူဆိုး လူမိုက်တယောက် အဖြစ် နာမည် အပျက်ခံ ပြီး ခက်ခက်ခဲခဲ ရယူထားသော နေရာကို မည်မျှ ပင် ရုပ်သေး ဟု ဆိုစေကာမူ ၁၀၀ ရာနှုန်း စိတ်ချယုံကြည်၍ မရသူထံ ရွေးကောက်ပွဲ မလုပ်မီ “အသွင်ကူးပြောင်းရေး အစိုးရ” ဆိုကာ ခြောက်လ ခန့် လွှဲပြောင်းပေးရတော့မည် ဖြစ်သည်။ သူ့အတွက် ဖြေသိမ့်စရာ ဆို၍ စစ်တပ်သည် သူ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသေးသည် ဆိုခြင်းသာ ဖြစ်သည်။

 

မြေပြင် အခြေအနေများကလည်း လာမည့် ၆ လ အတွင်း မည်သို့မည်ပုံ ပြောင်းလဲလာမည် ဆိုသည်ကား တပ်အပ်သေချာ မပြောနိုင် ဖြစ်နေသည်။ မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်သည် စာဖတ်နေသူကြီး၏ ဩဇာကို ယခုထိ မကျော်လွန်နိုင်သေးပဲ ရှိနေဆဲပင် ဖြစ်သည်။ ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံကိုပင် တရက်ထဲနှင့် အမှိုက်ပုံးထဲ ပစ်ထဲ့ရဲသည့် သတ္တိ ရှိသည်ကားတော့ အမှန်ပင် ဖြစ်သည်။

 

ပြဿနာကား ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ကို သူကိုယ်တိုင် ဦးဆောင် ပြုလုပ်ခွင့် မရှိ ဖြစ်နေခြင်းပင်၊ ထို့အတွက် ရုပ်သေး အစိုးရ လုပ်ပေးမည့် ရွေးကောက်ပွဲ ဖြင့် သမ္မတ ဖြစ်လာရန် ထိုင်စောင့်နေဖို့သာ ရှိသည်။ ပြည်သူတရပ်လုံးက ၎င်းတို့အား သံပုံးတီး တောထုတ်ကာ ဆန့်ကျင်ခြင်း ခံခဲ့ရသည့်အပြင် လက်ရှိတွင်လည်း နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် ၎င်းတို့ အုပ်ချုပ်မှု အောက်တွင် မရှိ ဖြစ်နေချိန်တွင် ရွေးကောက်ပွဲ လုပ်၍ သမ္မတ ဖြစ်ရန် ကြံစည်နေခြင်းသည် နဲနဲနောနော ရူးသွပ်မှုမျိုးတော့ မဟုတ်ပေ။

 

ဗြိတိသျှ ရုပ်သံ SKY NEWS မှ “Land of Fear” ခေါင်းစဉ်ဖြင့် ၎င်းတို့ ရွေးကောက်ပွဲ လုပ်မည့် တိုင်းပြည် အခြေအနေကို ကမ္ဘာသိ ထုတ်လွှင့်သွားခဲ့ပြီ ဖြစ်သည်။

 

မည်သည့် နိုင်ငံရေး ပါတီကမျှလည်း ယခင်ကလို ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု ၎င်းထံ လာရောက် အရေးဆိုကြတော့မည် မဟုတ်၊ ယခု လို အခြေအနေနှင့် ပြုလုပ်မည့် ရွေးကောက်ပွဲသည် သူတို့ အတွက် လွန်စွာ တရားမျှတမှု ရှိနေပြီ ဖြစ်သည်။

 

လေ့လာသူများကမူ မင်းအောင်လှိုင်သည် ထိုသို့ မလုပ်ပဲ ဖွဲ့စည်းပုံကို ကလိမ်ကကျစ် လုပ်ကာ လက်ရှိ တိုင်းပြည် အခြေအနေ ဆိုးဝါးလာနေ၍ ဆိုကာ အရေးပေါ် အခြေအနေ သက်တမ်း ကို နှစ်ကြိမ်တိတိ တိုးကောင်း တိုးလာနိုင်သည်ဟု သုံးသပ်နေကြသည်။ မင်းအောင်လှိုင်ကတော့ လွတ်လပ်ရေးနေ့ “ငါ့ကိုရှု” သဘင်တွင် ရွေးကောက်ပွဲ ကို မဖြစ်ဖြစ်သည့် နည်းဖြင့် လုပ်မည်ဟု ကြွေးကျော်ခဲ့ပြီး ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုနေ့ အစည်းအဝေးကို တက်ခွင့်ရမည်လော၊ ရွေးကောက်ပွဲ ဆိုသည်ကို တကယ်ပဲ လုပ်မည်လော၊ ဘယ်လို ပုံစံမျိုး ဖြစ်လာမည် ဆိုသည်ကား ဇန်နဝါရီ ၃၁ ရက်နေ့ တွင် အဖြေပေါ်လာတော့မည်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အာဏာသိမ်း အဖွဲ့က အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် အကြောင်းရှာလာကြတော့မည် သာ ဖြစ်သည်။

 

မိုက်လျှင်လည်း အစွမ်းကုန် မိုက်ရဲမှသာ လူရှိန်မည် ဖြစ်သည်၊ ယခုလို တနပ်စား ညဏ်မျိုးဖြင့် လှည့်စားမည်ဆိုက သူ၏ အနေအထားသည် ပို၍ ပင် ဆိုးလာတော့မည် ဖြစ်သည်။ လူထု နှင့် နိုင်ငံတကာ ကလည်း ထိုသို့ ၎င်းတို့၏ အသိညဏ်ကို စော်ကားလာသည့် လုပ်ရပ်မျိုးကို လက်ခံဖို့ ပို၍ပင် ဝေးလာပေတော့မည်။ 

 

မင်းအောင်လှိုင် ဆောင်းရမည့် သရဖူသည် ပရပ်ရှား ဘုရင်ကြီး ဒုတိယမြောက် ဖရက်ဒရစ် ပြောသလို “A crown is merely a hat that lets the rain in” ဆိုသည့် မိုးမလုံသည် ဦးထုပ် တလုံးသာ ဖြစ်ပေတော့မည်။

 

မည်သို့ပင် ဆိုစေ ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် ကား အောင်မြင်ရန် နောက်ထပ် တံခါး တချပ် ဖွင့်ပေးလိုက်သလို ဖြစ်လာခဲ့၍ ၎င်းလုပ်မည့် ရွေးကောက်ပွဲ ဆိုသည်အား စိတ်မနှံ့သူ တဦး မှ မိမိအိမ်တွင် အလှုလုပ်မည်ဆိုကာ ဖိတ်စာလိုက်ကမ်းနေသလို မျိုး မယူကလည်း ဆဲဆို ခံရမည် လောက်သာ သဘောထားမှ ဖြစ်ပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!