မင်းအောင်လှိုင် ၏ တပါတီ အာဏာရှင် အဖြစ် ဘိသိတ်ခံမည့် ရွေးကောက်ပွဲ နှင့် ကုလ မှ စစ်အာဏာသိမ်း အဖွဲ့အား ဖြုတ်ချရန် မပြောယုံတမယ် ထွက်ပေါ်လာသော ကျေညာချက်

by Hla Soewai - Jan 28 2023

ယခု လာမည့် ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတ ရမည် ဟု မင်းအောင်လှိုင် ပြောနေခြင်းသည် သူ့အတွက်သူ ရည်ညွှန်းပြောဆိုနေခြင်းသာ ဖြစ်သည် ကို ရွေးကော် ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရမည့် ဥပဒေ ကြောင့် အားလုံးက တအံ့တဩ သဘောပေါက် လာခဲ့ကြရသည်။ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသော်လည်း မည်သူကိုမျှ ယုံကြည်ရဲခြင်း မရှိပဲ လက်ရုံး ဖြစ်သည့် ခင်ရီ ပါတီ နှင့် သာ စခန်းသွားရန် ဆုံးဖြတ်ထားသည် ဆိုခြင်းက ယခု ထွက်ရှိလာသော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း အက်ဥပဒေက အထင်အရှား ပြဆိုနေပေသည်။

ထိုဥပဒေ ဖြင့် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ နေရာတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် သာ အစားထိုးပြီး တပါတီ အာဏာရှင် စနစ် ကို အပြီးအပိုင် ထူထောင်ရန် ကြံစည် လာခြင်းပင် ဖြစ်သည်၊ သူ၏ စိတ်ထဲတွင် သူ့အာဏာ မခိုင်သေး သရွေ့ မည်သူမျှ ခေါ်သွင်း၍ မဖြစ်သေးဟု ထင်မြင်လာသည်။

အတိုက်အခံ ပါတီ မရှိပဲ ဒီမိုကရေစီ အဘယ်သို့များ ရှင်သန် နိုင်မည်ဟု စစ်တပ်နှင့် အတူ တွဲ၍ ဒီမိုကရေစီ စနစ် ဖေါ်ဆောင်၍ ရသည်ဟု ယုံကြည်ပုံရသော ပြည်သူ့ပါတီမှ ဦးကိုကိုကြီးကပင် စိတ်ပျက်လက်ပျက် ငြည်းတွားလာခဲ့ပြီ ဖြစ်သည်။

စာမျက်နှာ ၂၀ ပါ ဥပဒေတွင် (၁) နိုင်ငံအနှံ့ ယှဉ်ပြိုင်ရမည့် ပါတီများ တွင် မှတ်ပုံတင်သည့် နေ့မှစ၍ သုံးလ အတွင်း ပါတီဝင် အင်အား အနည်းဆုံး တသိန်း ရှိရမည်၊ စပေါ်ငွေ ကျပ် သန်း ၁၀၀ ကို အစိုးရ ဘဏ်သို့ အပ်နှံထားရမည်။
(၂) လက်ရှိ နိုင်ငံရေး ပါတီများ သည် နှစ်လ အတွင်း ပြန်လည် မှတ်ပုံတင်ရန် ပျက်ကွက်ပါက အလိုအလျှောက် ပါတီ အဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်မည်။
(၃) နိုင်ငံအနှံ့ ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ သည် မှတ်ပုံတင်ပြီး ၆ လ အတွင်း မြို့နယ်ပေါင်း ၃၃၀ တွင် တဝက် ကျော် ၌ ရုံးခန်း များ ဖွင့်ထားပြီး ဖြစ်ရမည်။
(၄) မည်သည့် ပါတီ မဆို မဲဆန္ဒနယ်မြေ စုစုပေါင်း ထက်ဝက် ကို ယှဉ်ပြိုင်ရန် ပျက်ကွက်ခဲ့လျှင် (သို့မဟုတ်) ကြားဖြတ် ရွေးကောက်ပွဲ အား မယှဉ်ပြိုင်ခဲ့လျှင် ကော်မရှင်မှ ဖျက်သိမ်းပစ်ခွင့် ရှိသည်။
အစရှိသည်တို့ ပါရှိလာသည်။

ဤသည်ကပင် ၎င်းတို့ အချင်းချင်း အကြား မှာပင် မည်သို့မျှ လွတ်လပ်ပြီး တရားမျှတ မှု မရှိတော့ပဲ ကြံဖွတ် ပါတီ တပါတီ တည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။

မင်းအောင်လှိုင်ကို အားကိုးတကြီး နှင့် ဖက်တွယ်ကာ အာဏာသိမ်းခိုင်းခဲ့သော ၃၃ ပါတီသည်လည်း “အချိုလည်း မရ၊ အချောင်လည်း မရ” အနေအထား မျိုး ရောက်သွားခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။

ထိုအထဲတွင် မည်သည့် ပါတီမဆို “အကြမ်းဖက် အဖွဲ့” များ ဟု သတ်မှတ်ခံထားရသူ များ နှင့် ဆက်သွယ်သည်ဟု သံသယ ရှိပါက ဖျက်သိမ်းခြင်း၊ ဖမ်းဆီးခြင်း ခံရဖို့လည်း ရှိနေသည်။

မင်းအောင်လှိုင်သည် ထိုသို့သော အခြေအနေများ ကြားထဲတွင် ပါတီ တပါတီ အား သုံးလ အတွင်း လူပေါင်း တသိန်းခန့် ဝင်ရောက်လာမည် ဟု မျှော်လင့်နေသော bird-brained ငှက်ဦးနှောက် နှင့် စီမံ ခန့်ခွဲနေသည်ကပင် နွေဦးတော်လှန်ရေး အတွက် အားတက်ဖွယ် ဖြစ်နေသည်။

၎င်းအဖို့က ငှက်ဦးနှောက် သာသာ ရှိ၍ ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေကဲ့သို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူ မဟုတ် ဖြစ်နေပြီး အရာရာ ကို သံသယ ဖြင့် ထိတ်လန့်နေသူ သာ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ အဆိုပါ ဥပဒေအား လက်ခံမည် မဟုတ်ဟု အေပီ သတင်းဌာန သို့ ပေးပို့သော မက်ဆေ့ချ် တွင် ဖေါ်ပြထားသည်။

မင်းအောင်လှိုင်သည် ဤနည်းဖြင့် တရုတ် အပြော လွတ်အောင် NLD အား သူ့အလိုလို ဖျက်သိမ်းပြီးသား ဖြစ်အောင် ဂွင်ဖန်လာခြင်းလည်း ဖြစ်သည်။

မင်းအောင်လှိုင်သည် မျက်နှာပြောင်တိုက်ပြီး ၎င်း သမ္မတ ဖြစ်ရေး အတွက် ရွေးကောက်ပွဲ ဆိုသည်ကို အတင်းအကျပ် လုပ်မည်ဟု ပြောဆိုနေသော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ ဗေါ်ကာ တပ်ခ်ကမူ အခြေအနေများ သည် နှစ် နှစ် ကြာလာသော်လည်း လူ့အခွင့်ရေး ပိုင်းတွင်သာမက အခြား မည်သည့်ဖက် က လှည့်၍ တိုင်းတာ တိုင်းတာ အလွန်အကျွံ ကိုပင် နောက်ပြန်ဆုတ်သွားနေပြီ ဟု မနေ့က ထုတ်ပြန်သော ကျေညာချက်တွင် ပါရှိလာသည်။

နိုင်ငံတကာ ကျင့်ထုံးများ ဖြစ်သည့် အရပ်သားများကို အကာအကွယ် ပေးရမည့် ဆိုသည်ကို အမြဲလို ချိုး ဖောက်နေပြီး အကာအကွယ် မပေးသည့် အပြင် ပစ်မှတ် အဖြစ် သဘောထား လာနေသည်ဟု ဆိုသည်။

ထိုသို့ နေစဉ်နှင့် အမျှ လူထု ဒုက္ခသုက္ခ များ ခံစားနေပြီး အခွင့်အရေးများ လည်း ချိုးဖောက်ခံနေရမည့် အဖြစ် အတွက် ထွက်ပေါက် ရှာကြရမည် ဖြစ်သည်ဟုလည်း ပါရှိလာသည်။

အာဆီယံ အဖွဲ့၏ သွေးထွက်သံယိုမှု များ အဆုံးသတ်ရန် နှင့် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ခွင့် ရှိ‌ရေး ဆိုသည့် သဘောတူညီချက် အား စစ်အာဏာသိမ်း အဖွဲ့သည် “အဖက်မတန် အရေးစိုက်စရာ မလို” ဟု သဘောထားနေမှုအားလည်း ရှုတ်ချလိုက်သည်။

တိုင်းပြည်နှင့် လူထု ကို ကာကွယ်ပေးပါမည် ဆိုသော စစ်တပ်သည် အဘယ်ကြောင့် ယခုလို ဆောက်တည်ရာ မဲ့သည့် အခြေအနေမျိုး ဖန်တီးလာရသနည်း ဟုလည်း မေးခွန်းထုတ်ထားပြန်သည်။

ထို့အတွက် စစ်တပ်အား အရပ်သား များ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ထားရှိဖို့ လိုအပ်လာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။

ကုလ လူ့အခွင့်အရေး အဖွဲ့ကြီး မှ စစ်အာဏာသိမ်း အဖွဲ့ကို ဖြုတ်ချရန် မပြောယုံတမယ် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

DSA ကျောင်းဆင်း ပညာရေးသာ ရှိသော မင်းအောင်လှိုင်သည် ကမ္ဘာကြီးအား ရိုဟင်ဂျာ ပြဿနာ၊ အာဏာသိမ်း မှုများ နှင့် မည်သို့သော ‌တောင်းဆိုမှု မျိုး ကိုမျှ လိုက်လျောခြင်း မရှိပဲ၊ စစ်ရာဇဝတ်မှု များ နေ့ဉ်နှင့်အမျှ ကျုးလွန်ကာ ကြံ့ကြံ့ခံ နေမှုသည် မည်မျှ အထိ တာရှည်ခံမည်လဲ ဆိုသည်ကား ကိုယ့်ကိုကိုယ် ပြန်၍ မေးခွန်းထုတ်ရတော့မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Illustration credit - The Economist