ကုလ ကန့်လန့်ကာ နောက်ကွယ် မှ တရုတ်၏ တိုက်ပွဲများ

by Hla Soewai - Dec 22 2019

ကုလသမဂ္ဂတွင် တရုတ်သည် ဗီတို အာဏာ ကိုင်စွဲထားခွင့်ရှိနေသော်လည်း သိုသိုသိပ်သိပ် နေလာခဲ့တာ ကြာပြီ ဖြစ်သော်လည်း ပြီးခဲ့တဲ့ နှစ် နှစ်ဆယ် ဝန်းကျင်လောက်ကမှ စတင်အသုံးပြုလာခဲ့တယ်လို့ ဆိုပါတယ်၊ သို့သော် ကုလဌာနချုပ်ရှိ ကန့်လန့်ကာ နောက်ကွယ်တွင်တော့ တရုတ် သံတမန်တွေက အနောက်အုပ်စု ကို နင်လားငါလား အကြိတ်အနယ် ငြင်းခုံ ပြီး တိုက်ပွဲဆင်နွဲလာနေကြပါတယ်၊ စစ် အေး တိုက်ပွဲ ပြီး နောက်ပိုင်း နိူင်ငံတကာ မှာ သူထက်ငါ တွင်ကျယ် လွှမ်းမိုးနိူင်အောင် အခုအလို အတိုင်းအတာအထိ အခြေအတင် ဖြစ်လာခဲ့တာမျိုး မရှိဖူးလို့ ဗြိတိန်နိူင်ငံ ထုတ် The Economist မဂ္ဂဇင်းကြီး က ဒီဇင်ဘာ ၇ ရက်နေ့ထုတ် စာစောင်မှာ A New Battleground ဆိုတဲ့ ခေါင်းစဉ် နဲ့ အခုလို ရေးသားထားပါတယ်။

တရုတ်ပြည်တွင် ဝီဂါ မူဆလင် မျိုးနွယ်စုများ အား အစုလိုက် အပြုံလိုက် စခန်းသွင်း အကျဉ်းချထားသလို ဖြစ်နေတာနဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားစစ်ထိုးပွဲတွေ အောက်တိုဘာလ အတွင်းမှာ စတင်လာခဲ့ပါတယ်၊ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး မှတ်တမ်းများကို ဗြိတိန် က ထူးထူးခြားခြား ဦးဆောင်ပြီး ရှုတ်ချလာခဲ့ပါတယ်၊ ကုလသမဂ္ဂရှိ ဗြိတိသျှ သံအမတ်ကြီး ကရင် ပီယာစ် ဦးဆောင်ပြီး ရှင်ကျန်း ပြည်နယ်ရှိ ဝီဂါ စခန်းများကို ကုလ အား အတားအဆီး မရှိ ဝင်ခွင့်ပေးဖို့ အမေရိကန် အပါအဝင် နိူင်ငံပေါင်း ၂၂ နိူင်ငံကို စည်းရုံးပြီး လက်မှတ်ထိုး တောင်းဆိုလာပါတယ်၊ ထို့အတွက် သံတမန် ရေး ဆိုင်ရာ အငြင်းပွားမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်လာခဲ့ပါတယ်။

တရုတ် သံတမန်တွေက အရှေ့အလယ်ပိုင်းရှိ မူဆလင် နိူင်ငံများ အပါအဝင် ဒါဇင်ပေါင်းများစွာ ရှိ အာဏာရှင်နိူင်ငံများကို စည်းရုံးပြီး ရှင်ကျန်း ရှိ တရုတ်၏ ဆောင်ရွက်နေမှုများသည် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ဘာသာရေး အစွန်းရောက်မှုများ ကို တည့်မတ်ပေးရန်သာ ဖြစ်တယ်ဆိုတဲ့ ချီးကျုးကြောင်း သဝဏ်လွှာ ကို လက်မှတ် ရေးထိုးပြီး တန်ပြန် ကြေငြာချက် ထုတ်ဖို့ သွေးဆောင်ခဲ့ပါတယ်။

ဒီလို စည်းရုံးရာမှာလည်း ခြိမ်းခြောက်မှု တွေ၊ လက်တုံ့ပြန်မှုတွေ ပါဝင်လာခဲ့ပြန်ပါတယ်၊ ဩစတီးယားသည် အကယ်၍ ဗြိတိန်ရဲ့ တောင်းဆိုချက်ကို ပါဝင် လက်မှတ် ရေးထိုးမည်ဆိုက ဘီဂျင်းတွင် ၎င်းတို့ သံရုံး အသစ်အတွက် မြေ‌နေရာ ချပေးတော့မှာ မဟုတ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်၊ သို့သော်လည်း ဩစတီးယားက လက်မှတ်ကို ထိုးဖြစ်အောင် ထိုးခဲ့ပါတယ်၊ နောက်ထပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ အယ်ဘေးနီယား နဲ့ လည်း ဘီဂျင်းတွင် ကျင်းပရန် ရှိနေတဲ့ နှစ်နိူင်ငံ ပူးတွဲ အစီအစဉ် တရပ်ကို ဖျက်သိမ်းခဲ့ပါတယ်၊ “နိူင်ငံ အတော်များများ အပြင်းအထန် ဖိအားပေးခံခဲ့ရပေမယ့် မိမိတို့ ရဲ့ တန်ဖိုးထားမှုများ နဲ့ လူ့အခွင့်အရေးများအတွက် အခိုင်အမာ ရပ်တည်သွားရမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်၏ လက်ထောက် သံအမတ် ဖြစ်သူ ဂျိုနသန် အယ်လင် က တွစ်တာမှာ  ရေးသားခဲ့ပါတယ်။

တရုတ်ပြည်က ကုလတွင် လူ့အခွင့်အရေး ကိစ္စများတွင်သာ မက ပဲ စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာလည်း ကာကွယ်ဖို့ ကြိုးစားလာခဲ့တာ တွေ့ရပါတယ်။

ဒီလို အပတ်တကုတ် ကြိုးစားလာရတာကလည်း ရည်ရွယ်ချက် နှစ်ခု ရှိနေပါတယ်၊ ပထမတခုက တရုတ် ကွန်မြူနစ် ပါတီရဲ့ အုပ်ချုပ်ရေး ကို အခြားနိူင်ငံတွေက ဝေဖန်လာတာမျိုး မဖြစ်ရအောင် လုံခြုံစိတ်ချရတဲ့ အနေအထား တခု ဖန်တီးထားလိုခြင်းပဲ ဖြစ်ပါတယ်၊ ဒီအတွက် တရုတ် အရာရှိတွေ အကျောက်အကန် တုံ့ပြန်နေကြခြင်းပဲ ဖြစ်ပါတယ်၊ နောက်ထပ် ရည်ရွယ်ချက်တခုကတော့ ခေါင်းဆောင်ကြီး ရှီ ရဲ့ ကမ္ဘာ အရေးမှာ နဲ့ ပတ်သက်ပြီး လမ်းညွန်ထားချက်များကို ကုလသမဂ္ဂ မှ ထုတ်ပြန်တဲ့ ကြေငြာချက်တွေထဲမှာ ထည့်သွင်းလိုတာ ဖြစ်ပါတယ်။

ထရန့် က လက်ရှိမှာ နိူင်ငံစုံ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အပေါ် အစာမကျေ ဖြစ်နေတာကို အခွင့်အရေးယူ အသုံးချ လှုပ်ရှားဖို့ အချိန်ကောင်းပဲလို့ တရုတ်က ယူဆလာပါတယ်၊ ရှီကျင်ပင့် အာဏာရလာတဲ့ ၂၀၁၂ နောက်ပိုင်း မှာ တရုတ်ရဲ့ ကုလနဲ့ ပတ်သက်ပြီး ထည့်ဝင်ငွေများက သိသိသာသာ ကို တိုးတက်လာနေပြီး ယခုအခါ အမေရိကန် ပြီးလျင် ဒုတိယမြောက် အများဆုံး နိူင်ငံ ဖြစ်လာခဲ့ပါတယ်၊ အထွေထွေ အသုံးစရိတ် နဲ့ ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး ရံပုံငွေများအတွက် အဓိက ထည့်ဝင်ခဲ့ပါတယ်၊ ဒီအတွက် တရုတ်က ကုလ အဖွဲ့အစည်း အတော်များများရှိ ထိတ်တန်းရာထူးတွေ မှာ တရုတ် သံတမန်တွေ နေရာယူလာခဲ့ကြပါတယ်၊ လတ် တလောလေးကပင် ရောမတွင် အခြေစိုက်သော ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးရဲ့ အကြီးအကဲ ရာထူးကို တရုတ်က အမေရိကန် ထောက်ခံထားတဲ့ လူကို အနိူင်ယူသွားနိူင်ခဲ့လို့ အားလုံးတအံ့တဩ ဖြစ်ခဲ့ကြရပါတယ်။ နောက်နှစ်မှာလည်း ကုလ ငွေစာရင်းများကို စစ်ဆေးဖို့ ခန့်ထားတဲ့ အဖွဲ့ဝင် သုံးဦးပါ ဘုတ်အဖွဲ့ ထဲ တရုတ် ပါဝင်လာဖို့ ရှိနေပြန်ပါတယ်။

သို့သော်လည်း တရုတ်တွေ ရာထူးကြီးကြီး ယူထားတဲ့ အဖွဲ့အစည်းများကို အတော်များများက ပျင်းစရာ ကောင်းတဲ့ အလုပ်မျိုးလို့ ခံယူထားကြပါတယ်၊ တရုတ်ဖက်ကတော့ သူတို့ရာထူး တခု ရလာလေ ဒါကို အသုံးချပြီး နိူင်ငံငယ်များကို အလိုလိုက် အကြိုက်ဆောင် ပေးလို့ရတယ်လို့ ယူဆထားပါတယ်။

တရုတ်က သူ့အတွက် အရေးကြီးတယ်လို့် ယူဆထားတဲ့ ပြဿနာတခုကို မဲနဲ့ ဆုံးဖြတ်ရဖို့ ဖြစ်လာတိုင်း နိုင်ငံများရှိ လုပ်ရန်ရှိနေသော စီမံကိန်းများကို ငွေထောက်ပံ့ပေးခြင်း၊ သို့မဟုတ် ထောက်ပံ့နေမှုများ ရပ်စဲမည်ဟု ခြိမ်းခြောက်ခြင်း အစရှိတဲ့ အပေးအယူ ပုံစံမျိုး နဲ့ အမြဲလို ချည်းကပ်လေ့ ရှိပါတယ်။

တရုတ် သံတမန်တွေကြားမှာ စီရှင်ပင့် ရဲ့ ဩဇာကလည်း အတော်ကို ကြီးမားနေပြန်ပါတယ်။ သူရဲ့ လက်သုံးစကား ဖြစ်တဲ့ “နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်ခြင်း”၊ “လူသားမျိုးနွယ်များအတွက် တူညီသော အနာဂတ် ရှိ အသိုက်အဝန်း” (ဒီအတွက် တရုတ်ကို လက်ရှောင် ကြ လို့ ဆိုလိုရင်း ဖြစ်ပါတယ်) အစရှိတဲ့ စကားရပ်တွေကို ကုလသမဂ္ဂ စာရွက်စာတမ်းတွေထဲ ထည့်သွင်း အသုံးပြု လာအောင် ကြိုးပမ်းနေကြပြန်ပါတယ်။ သုံးနှစ်ဆက်တိုက် ဆိုသလို အာဖဂန်နစ္စတန် နဲ့ ပါတ်သက်တဲ့ ကုလ ဆုံးဖြတ်ချက်တိုင်းမှာ ရှီကျင်ပင့် ရဲ့ ရပ်ဝန်း နှင့် လမ်း စီမံချက်သည် တကမ္ဘာလုံး အကျိုးတူ ခံစားကြရမည့် အခြေခံ  အဆောက်အအုံများ တည်ဆောက်ပေးရေး လို့ ရည်ညွန်းတဲ့ စာသားကို ထည့်လာနိူင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကုလ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုလည်း ရပ်ဝန်း နှင့် လမ်း စီမံချက်သည် ကမ္ဘာကြီး ဖွံ့ဖြိုးလာဖို့ ပုံစံ တရပ်အဖြစ် မိန့်ခွန်း ထဲ ထည့်ပြီး ချီးကြူး ပေးဖို့ကိုပါ သွေးဆောင် စည်းရုံးလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း ဂျီနီဗာရှိ ကုလ လူ့အခွင့်အရေး ကောင်စီအား နိူင်ငံများ၏ ပြဿနာများအပေါ် ဝေဖန်မှုကို ရှောင်ရှားပြီး “အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး” ဖြင့် ချည်းကပ်သွားရန် ဆိုတဲ့ သဘောထားကို လက်ခံလာအောင် နားချစည်းရုံးနိူင်ခဲ့ပြန်ပါတယ်။

စကား အသုံးအနှုန်း နှင့်ပင် မလုံလောက်‌သေးပဲ ၂၀၁၇ ခုနှစ်ထဲမှာ လူ့အခွင့်အရေးများ တိုးတက်လာအောင် ကုလ အေဂျင်စီများနဲ့ ပရိုဂရမ် များအားလုံး လုပ်ကိုင်လာစေရေး သေချာအောင် ကြီးကြပ်ရမယ့် ရာထူးအတွက် ရံပုံငွေ ချမပေးနိူင်အောင် အောင်မြင်စွာ ဟန့်တားနိူင်ခဲ့ပြန်ပါတယ်။ ထိုနှစ်ထဲမှာပဲ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ ဖွံ့ဖြိုးမှု ဌာန တာဝန်ခံ တရုတ် သံတမန် တဦး ဖြစ်သူ ဝူ ဟောင်ဘို မှ ဝီဂါ အရေး လှုပ်ရှားသူ ဒိုကန် အီဆာ ကို ကုလသမဂ္ဂ ဖိုရမ် တခုမှ မောင်းထုတ်ခဲ့ပါတယ်၊ ၎င်းသည် ဂျာမန် အင်ဂျီအို တခုကို ကိုယ်စားပြုပြီး တက်ရောက်လာသူလည်း ဖြစ်ပါတယ်။ နောက်ပိုင်း အမေရိကန်နဲ့ဂျာမန် သံတမန်တွေ အပြင်းအထန် ကန့်ကွက်မှုကြောင့် အစည်းအဝေး တက်ခွင့် ပြုခဲ့ရပါတယ်။ ကုလ အရာရှိ တယောက်ဖြစ်တဲ့ ဝူ အဖို့ နိူင်ငံစွဲ မထားရမှာ ဖြစ်သော်လည်း “မိမိအနေနဲ့ အမိမြေရဲ့ အကျိုးကို အခိုင်အမာ ကာကွယ်ခဲ့ရတယ်” လို့ သူရဲ့ လုပ်ရပ်အပေါ် တရုတ် အစိုးရ ရုပ်မြင်သံကြား အစီအစဉ် မှာ ကြွားဝါခဲ့ပြန်ပါတယ်။

ကြာလာရင်တော့ တရုတ် ရဲ့ ဆရာလုပ်လိုတဲ့ လုပ်ရပ်ကို တဖြေးဖြေး ဆန့်ကျင်လာကြမှာပဲလို့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် သံတမန်တဦးက ဆိုပါတယ်၊ သို့သော် သူပြောသလို ဖြစ်လာဖို့ မရှိနိူင်ပါဘူး၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းရှိ နိူင်ငံငယ်များနှင့် အာဏာရှင် နိူင်ငံ အတော်များများက စစ်အေးကာလအပြီး အမေရိကန်မှ ကုလသမဂ္ဂတွင် လွှမ်းမိုးလာနေမှုကို သဘောမတွေ့ ဖြစ်လာနေပါတယ်၊ တရုတ်ဆီက တခုခု လိုချင်ရင် ရနိူင်ပြီး အမေရိကန် က တရုတ်လို ဗြောင်မကျပေမယ့် သူ့နည်းသူ့ဟန် နဲ့ အပေးအယူ လုပ်တာပဲ လို့ အဆိုပါနိူင်ငံများထဲက သံတမန် တဦးက ဆိုပါတယ်။ အခုလို သူတို့ အလိုကို လိုက်ဖို့ အင်အားကြီး နှစ်နိူင်ငံ ပြိုင်ဆိုင်လာနေတာကို အချို့ နိူင်ငံငယ်များက သဘောကျကောင်း ကျနေကြမှာ ဖြစ်ပါတယ်။

 

Hla Soewai