သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(99)

by Hla Soewai - Jan 31 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၇)

 

ဒေသ တခု မှ စစ်ဘုရင်များကို နှိမ်နှင်းဖယ်ရှားပြီးသွားသည့် အခါတိုင်း မည်သူ ဆက်၍ အုပ်ချုပ်မည်နည်း ဆိုသည့် ပြဿနာက အမြဲလို ပေါ်ပေါက်လာရစမြဲပင် ဖြစ်သည်။ ချန်ကေရှိတ် ဦးဆောင်သည့် ကူမင်တန် အမျိုးသားရေး အင်အားစု များ နှင့် မော်စီတုံး ဦးဆောင်သည့် ကွန်မြူနစ်များသည် ဘုံရန်သူ စစ်ဘုရင်များကို ဖယ်ရှားပြီးသည့် အခါတိုင်း အသာစီး ရရေး ကြိုးပမ်းရာမှ တဖွဲ့ကို တဖွဲ့ ရန်သူဟု ရှုမြင်လာကြသည်။ 

 

စစ်ဘုရင်များ ကင်းရှင်းသွား သည် ‌ဆိုသည်နှင့် ကွန်မြူနစ်များသည် အချိန်မဆိုင်းပဲ ‌ဒေသခံများအား စတင် စည်းရုံးလာသည်။ ဤသို့ဖြင့် ၁၉၂၅ မှ ၁၉၂၇ ခုနှစ် အတွင်း တရုတ်ကွန်မြူနစ် ပါတီ ဝင် အင်အားသည် ယခင်ကထက် အဆ ‌၆၀ ခန့် တိုးလာပြီး ၆၀,၀၀၀ ခန့်ထိ ဖြစ်လာခဲ့သည်။

 

စည်းရုံးရာတွင် ယခင် ပညာတတ် များ မှ သည် မြို့ပေါ် အလုပ်သမား၊ ကျေးလက် နေ လယ်သမားများအထိ ပါ တိုးချဲ့လာခဲ့သည်။ ကွန် မြူနစ်များသည် လူတန်းစား တိုက်ပွဲ ဆိုသည်ကို ပါးစပ်ကမချ ဟောပြော စည်းရုံးနေ၍ အမျိုးသား ရေး အင်အားစု များနှင့် မည်သို့မျှ ရင်ကြားစေ၍ မရနိူင်လောက်အောင် ခွာပြဲလာနေပြီ ဖြစ်သည်။

 

အခြေခံ ကစ၍ ကွဲလွဲနေသဖြင့် ထို အဖွဲ့နှစ်ဖွဲ့ သည် ရေရှည်တွင် တစိတ်တဝမ်းတည်း ရပ်တည်သွားဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်တော့၊ ၁၉၂၇ နွေဦးပေါက်တွင် ထိပ်တိုက် ရင်ဆိုင်တိုးခဲ့ရာ မှ အကွဲအပြဲ ဇာတ်လမ်းသည် ထပ်မံ ဖုံးဖိ၍ မရအောင် ဖြစ်လာခဲ့သည်။ 

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန် မြို့တွင် ကွန်မြူနစ် ခေါင်းဆောင်များက ချန်ကေရှိတ်၏ ဩဇာ သက်ရောက်မှု မရှိအောင် ဟန့်တားဖို့ ပြီးခဲ့သည့် နှစ်အတွင်း ကြိုးပမ်းလာမှုကို အမျိုးသားရေး အင်အားစု များဖက်က မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ပဲ တန်ပြန်လာခဲ့သည်။ ချန်ကေရှိတ်သည် ကွန်မြူနစ် ပါတီဝင်များ၊ အလုပ်သမား ခေါင်းဆောင်များကို ဖမ်းဆီးပြီး၊ ထိုအထဲမှ အတော်များများကို ကွပ်မျက် ပစ်ခဲ့သည်။

 

ဝူဟန် အုပ်ချုပ်ရေး အဖွဲ့မှ မဲခွဲပြီး သူ့အား အပ်နှင်းထားသော နိုင်ငံရေး နှင့် စစ်ရေး တာဝန်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ သို့သော် ချန်ကေရှိတ် သစ္စာခံတပ်များက အသာစီး ပြန် ရလာခဲ့သည်၊ ကွန်မြူနစ်များသည် ၁၉၂၇ နွေရာသီ နှင့် ဆောင်းဦးပေါက်များတွင် ရလာသည့် အခွင့်အရေး မှန်သမျှ ကို အမိအရ ဖမ်းဆုပ်ဖို့ ကြိုးစားလာမှု အားချန်ကေရှိတ် နှင့် ကူမင်တန်များက အကြမ်းဖက် တုန့်ပြန်ခဲ့ကြသည်။

 

သွေးထွက်သံယို အဖြစ်ဆုံး အကြမ်းဖက်မှုကြီးသည် ကန်တုံ တွင် ဖြစ်ပွားခဲ့သည်။ ကွန်မြူနစ် တို့ ပုန်ကန် ထကြွမှု များ မအောင်မြင် ခဲ့၍ ကွန်မြူနစ်ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ကွန်မြူနစ် ထောက်ခံသူ ၂,၀၀၀ ခန့် ကွပ်မျက်ခံခဲ့ရပြန်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 

၁၉၂၈ ခုနှစ် အရောက်တွင် ချန်ကေရှိတ် တပ်များက ယခင် မန်ချုးမင်းဆက် နောက်ဆုံး ထီးနန်းစိုက်ခဲ့သည့် ပီကင်း ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ သူ၏ တပ်မှုး ကြီး အားလုံးသည် ဆွန်ယက်ဆင်၏ အုတ်ဂူ ဘေးတွင် တစုတဝေး တည်း ရပ်ကာ မိမိတို့၏ မြောက်ပိုင်း စစ်ဆင်ရေး ကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

၁၉၁၁ တော်လှန်ရေး၏ နှစ်ပတ်လည် ဖြစ်သော အောက်တိုဘာ လ တွင် အမျိုးသား အစိုးရ သစ်ကို ဖွဲ့စည်းလိုက်ကြသည်၊ ချန်ကေရှိတ်သည် လက်ရှိ တော်လှန်ရေး ကို အမျိုးသားရေး ဝါဒီများ၏ တော်လှန်ရေး ဟု သတ်မှတ်ကာ ပြီးဆုံးသွားပြီဟု မှတ်ယူခဲ့သည်။

 

သို့သော် ကွန်မြူနစ်များကတော့ သူလို မှတ်ယူခဲ့ခြင်း မရှိကြပေ။ တောတောင်ထူထပ်သော တရုတ်ပြည် အရှေ့တောင်ဖက် နယ်ခြားရှိရာသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်။ သူတို့အားလုံးသည် တရုတ်ပြည်တွင် လူမှု တော်လှန်ရေးကြီး ဖေါ်ဆောင်ပေးရန် ဟူသော မျှော်လင့်ချက် ကိုမူ စွန့်လွှတ်ခဲ့ခြင်း တော့ မရှိပဲ အချိန်ကောင်းကို စောင့်နေကြခြင်းသာ ဖြစ်သည်။

 

နောက်နှစ်အနည်းငယ် အတွင်းမှာပင် အမျိုးသားရေး အစိုးရသစ်သည် ကွန်မြူနစ်များ၏ အန္တရာယ်သာမက၊ စစ်ဘုရင် အကြွင်းအကျန်များ၊ ဂျပန်တို့ ကျုးကျော် သိမ်းပိုက်လာခြင်း တို့ကို ရင်ဆိုင် ဖြေရှင်းလာခဲ့ရသည်။

 

ထိုကာလများ အတွင်း ချန်ကေရှိတ် အစိုးရသည် တရုတ်ပြည်သူတို့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို မဆိုသလောက်သာ ဖေါ်ဆောင်ပေးနိုင်ခဲ့သည်။ တရုတ်လယ်သမားများသည် ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင် ပဲ ကြွေးလည်ပင်းခိုက်သည့် ဘဝမျိုး နှင့်ပင် ရှိနေဆဲ ဖြစ်သည်။ နိုင်ငံတကာ မှ အစိုးရ သစ်ကို အသိအမှတ် ပြုခဲ့ကြသော်လည်း နိုင်ငံကို ပိုင်နိုင်စွာ ထိန်းချုပ် နိုင်မှု မရှိသေးပေ။

 

၁၉၃၁ တွင် ဂျပန်တို့သည် မန်ချုရီးယားကို ကျုးကျော် သိမ်းပိုက်လာခဲ့ပြီးနောက်တွင် ၁၉၃၂ တွင် ရှန်ဟိုင်းမြို့ကြီးကို စတင် တိုက်ခိုက်လာသည်။ ချန်ကေရှိတ်သည် သူ၏ အဓိက ရန်ဖက် ဖြစ်သော ကွန်မြူနစ်များ၏ ရန်ကို အာရုံစိုက်နိုင်ရန် ဂျပန်တို့ နှင့် စေ့ဆပ် ညှိနှိုင်းခဲ့သည်။

 

ကွန်မြူနစ်များကမူ ၎င်းတို့ ခြေကုပ်ယူထားသည့် နယ်မြေတွင် ယီအန်ရှီး ဆိုဗီယက် သမ္မတ နိုင်ငံ အဖြစ် ဖွဲ့စည်းလိုက်ပြီး ဂျပန်တို့အား စစ်ကျေညာ တိုက်ခိုက်ခဲ့ကြသည်။

 

မော်စီတုံး၊ ချုအင်လိုင်း နှင့် ဇူဒီး တို့ ဦးဆောင်သော ကွန်မြူနစ်များသည် သူတို့ အခေါ် တတိယ တော်လှန်ရေးကြီးကို အပြီးသတ် ဆင်နွှဲရန် ပြင်ဆင်လာခဲ့ကြသည်။ ၁၉၃၀ မှ ၁၉၃၄ ကာလအတွင်း မော် သည် စစ်အင်အား တိုးချဲ့ရန် နှင့် နိုင်ငံရေး အရ လူထု ထောက်ခံမှု ရရှိရန် ဦးစားပေး လုပ်ဆောင်လာခဲ့သည်။ ၎င်းတို့ထက် အဆမတန် အင်အားကြီးမားသော အမျိုးသားရေး တပ်များနှင့် ရင်ဆိုင်နိုင်ရန် ပျောက်ကျား စစ်ဆင်ရေး နည်းဗျုဟာ ကို ဦးစားပေး လေ့ကျင့်စေခဲ့သည်။

 

သို့သော် ၁၉၃၄ တွင် အမျိုးသားရေး တပ်များသည် ကွန်မြူနစ်များအား ၎င်းတို့ အ‌ခိုင်အမာ ခြေကုပ်ယူထားသည့် ယီအန်ရှီး ဒေသမှ မောင်းထုတ်ပစ်နိုင်လိုက်သည်။ မော်၏ တပ်များသည် ထိုဒေသ မှ ဆုတ်ခွာခဲ့ကြပြီး ကီလိုမီတာ ၁၀,၀၀၀ ခန့် ကွာဝေးသည့် အရပ်ကို ၁၂ လ ကြာအောင် ချီတက်ခဲ့ကြသည်။ ဤသို့ဖြင့် မော် ၏ ကမ္ဘာကျော် "ခရီးရှည် ချီတက်ပွဲကြီး" စတင်လာခဲ့ရခြင်းလည်း ဖြစ်သည်။

 

ရှန်စီ ပြည်နယ်ရှိ ယာနန်း ဒေသ သို့ ရောက်ရှိလာချိန်တွင်တော့ ကွန်မြူနစ်များသည် သူတို့ စတင် ခရီးထွက်ခဲ့ကြသည့် မူလအင်အား၏ ၉၀ ရာနှုန်း ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။

 

နောက်ပိုင်းကာလ များတွင် တပ်နီ တော်ကြီး၏ ပင်ပန်းဆင်းရဲ ခံနိုင်မှု၊ သတ္တိ၊ သေမင်းနှင့် နပန်းလုံးခဲ့ရမှု၊ ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့မှု အစရှိသည့် ဇာတ်လမ်းများသည် တရုတ် ကွန်မြူနစ် ပါတီ အတွက် အမြဲလို ပါးစပ်က မချတန်း ပြန်ပြောင်းပြောစရာ ဖြစ်လာခဲ့ရသည်။