ဗြိတိသျှ အစိုးရမှ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီ များ အား စတင် အရေးယူ

by Hla Soewai - Feb 02 2023

ယနေ့တွင် Burma Campaign (UK) မှ စစ်တပ်အား လေယာဉ်ဆီ ရောင်းချပေးနေသော ကုမ္ပဏီ များ အား ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူ မှုများ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ တို့ မှ စတင် ပြုလုပ်လိုက်ခြင်းကို ကြိုဆိုထောက်ခံကြောင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။

 

ဗြိတိသျှ အစိုးရ ၏ စာရင်းတွင် ဗွေဆော်ဦး ပါဝင်လာသည့် ကုမ္ပဏီသည် ဇော်မင်းထွန်း နှင့် ၎င်းပိုင် Asia Sun Co ပင် ဖြစ်သည်။

 

ထို့အတွက် တော်လှန်ရေး အား လေကြောင်း အင်အား အလွန်အကျွံ သုံးစွဲလာနေမှုများ တဖြေးဖြေး နှင့် ချုပ်ငြိမ်းသွားတော့မည် ဖြစ်သည်။

 

ထိုအချိန်တွင် နေပြည်တော်၌ အာဏာသိမ်း အဖွဲ့မှ ကာလုံ အစည်းအဝေး ခေါ်ယူပြီး တ‌ယောက် မျက် နှာ တယောက် ကြည့်ကာ ၎င်းတို့ ကိုယ်တိုင်ပင် စိတ်ထဲက လက်ခံခြင်း မရှိသော စကားကို ရှေ့မျက်နှာ နောက်ထားပြီး ကျောသပ်ရင်သပ် ပြောဆိုနေကြပြီ ဖြစ်သည်။ ၎င်းတို့ ရှေ့ဆက် မည်သို့ မည်ပုံ စခန်းသွားမည်ကို ပြည်တွင်းပြည်ပက အထူး စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။

 

အားလုံးက ပြောင်းလဲလာနေသော အနေအထားများ ကြောင့်ဆိုကာ အရေးပေါ် စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ရှိနေသည်ဟု ယနေ့ အစည်းအဝေး တွင် ထွက်လာသော စကားများ ကို ကြည့်ကာ ခန့်မှန်းနေကြကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုအချိန်တွင် ကမ္ဘာစာနယ်ဇင်း မီဒီယာများတွင် ၎င်းတို့ အာဏာ သိမ်းယူခဲ့သည် နှစ် နှစ်တာ ကာလ အတွင်း တိုးတက်မှု ရီပို့ကပ် ကို ထောင့် ပေါင်းစုံ မှ ရေးသား ‌နေကြရာ အနှုတ်လက္ခဏာ များ နှင့် သာပြည့်နှက်နေပေသည်။

 

Nikkei Asia Review မှ မင်းအောင်လှိုင်သည် တိုင်းပြည်ကို သံလက်သီး ဖြင့် ဆက်လက် အုပ်ချုပ်သွားနိုင်ရေး အတွက် ရာဇပလ္လင်ပေါ်မှ မဆင်းရရန် နည်းမျိုးစုံ သုံး၍ ကြံစည်လာတော့မည်ဟု ရေးသားလာခဲ့သည်။

 

ကာလုံ အစည်းအဝေးသို့ တက်ရောက်လာသူများ သည် တကယ်တမ်း တွင် မြန်မာ လူ့အစည်း အရုံးကြီး တခုလုံး အပေါ် လက်နက်နှင့်ရော စိတ်ဓါတ်ရေးရာ အရပါ စစ်ပွဲကြီး ဆင်နွှဲနေသူများ ဖြစ်သည်မှာ မည်သူမျှ မငြင်းနိုင်၊ ရှင်းလင်း ထင်ရှား လွန်းလှပေသည်။

 

တိုင်းပြည် ဖွံဖြိုးရာ ဖွံ့ဖြိုးကြောင်းလည်း ဘာတခုမျှ မလူပ်နိုင်၊ ဘောင်းဘီ ချွတ်လိုက်၊ ပြန်ဝတ်လိုက်ကြဖြင့် အားမနာ ရှာမကျိုး အာဏာကို ရယူထားသူများ ဖြစ်သည်။ Nikkei Asia Review ကမူ စစ်ခေါင်းဆောင် အဆက်ဆက် သည် ၎င်းတို့ကိုယ် ၎င်းတို့ ရှေးမြန်မာ ဘုရင်များ ဝင်စားသည်ဟု ယုံကြည်နေသူများ ဖြစ်နေကြပြန်သည်ဟု ဆိုသည်။ တကယ်တမ်းတွင် ထိုသို့ ထင်မြင်လာအောင်လည်း ဘုရား သားတော်ဆိုးများက မြှောက်ပင့်ပေးခဲ့ကြသည်။

 

ထိုသို့ အကြိမ်ကြိမ် ကျုးလွန်နေကြမှု ကို မည်သူမျှ လက်မခံတော့၊ ၎င်းတို့အား စစ်တန်းလျားများသို့ အပြီး တိုင် ပြန်ပို့ရန်သာ ပြည်သူတရပ်လုံး က နည်းမျိုးစုံ သုံး၍ အားထုတ်နေကြပြီ ဖြစ်သည်၊ ထိုအရေးသည် မည်သည့် နည်းနှင့်မျှ စေ့ဆပ်ဆွေးနွေး အဖြေရှာ၍ မရတော့။

 

အာဆီယံ၏ ဘုံရပ်တည်မှု သဘောထား ၅ ချက်ကိုအကြမ်းဖက် အာဏာသိမ်း အဖွဲ့က မချွင်းမချန် လိုက်နာသည် ဆိုစေဦး အနည်းငယ် အသက်ရှူ ချောင်သွားနိုင်သည်မှ အပ ပြည်သူတို့ ရည်မှန်းချက် များ က မည်သို့မျှ ပြောင်းလဲသွားမည်မဟုတ်။

 

တခုတော့ ရှိသည်၊ ကုလ လုံခြုံရေး ကောင်စီ မှ နောက်နောင် ထိုသို့ ဥပဒေ ဘောင် ပြင်ပမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူမှု ပြုလုပ်ပါက လူသားများ အပေါ် ကျုးလွန်သော စစ်ရာဇဝတ်မှု အဖြစ် သတ်မှတ်ကာ R2P ဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟူသော အာမခံချက် မျိုး ရှိမှသာ ရှေ့လျောက် ‌ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ ဖြစ်နိုင်ပေမည်။ 

 

စစ်တပ်သည် မေမြို့ စစ်တက္ကသိုလ် မှ သံမှို စွဲအောင် ရိုက်သွင်း ပုံဖေါ်ပေးခဲ့သည့် အသိညဏ် မျိုး နှင့် အာရှ တွင် ကျား ဖြစ်ခဲ့သည့် နိုင်ငံအား နှစ် နှစ်ဆယ်ကျော် အတွင်းမှာပင် ကုလ၏ ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းထဲ ရောက်အောင် ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်က ငြင်းမရအောင် သမိုင်း တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ LDC အဆင့်မှ လူ ၁၈ သန်း ခန့်အား အငတ်ဘေးသို့ တွန်းပို့နေသည့် Failed State အဖြစ်သို့ ဒို့တာဝန် အရေး သုံးပါးဟု ကြွေးကျော်ကာ ချီတက်နေပြီ လည်း ဖြစ်သည်။

 

ထိုအဖြစ်သည်လည်း သမိုင်းစဉ် တလျောက် ပြောဆိုခံကြရဦးမည် ဖြစ်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း ကြိမ်းသေပေါက် ‌ထည့်သွင်း သင်ကြားဦးမည် ဖြစ်၍ သားစဉ်မြေးဆက် ရှက်ဖွယ်လိလိ ခေါင်းမဖေါ်နိုင်အောင် ဖြစ်ကြရပေဦးမည်။

 

တက်စ်မေးနီးယား တက္ကသိုလ် နှင့် ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ်တို့ရှိ ပါမောက္ခ နှစ်ဦးမှ ယူကရိန်း သမ္မတ ကဲ့သို့ နိုင်ငံတကာ အပေါ် ဩဇာ သက်ရောက်နိုင်စွမ်း ရှိသည့် ဒေါ်အောင်ဆန်းစုကြည် ကွယ်ပျောက်နေရခြင်း နှင့် အာဆီယံ မှ အပြီးသတ်တွင် အာဏာသိမ်း အဖွဲ့ ခိုင်မြဲသွားမည်ဟု တွက်ဆနေမှု များ ရှိနေ၍ ချီတုံချတုံ ဖြစ်နေသည်ဟု ထောက်ပြခဲ့သည် ကို စင်္ကာပူရှိ ရုပ်သံ ChannelNews Asia မှ ဖေါ်ပြလာခဲ့သည်။

 

သို့သော်လည်း လက်ရှိတွင် တော်လှန်ရေး အင်အားစုများ ပို၍ စည်းလုံးလာနေပြီး စစ်တပ်အတွင်း ထိလွယ်ရှလွယ် ဖြစ်လာနေခြင်းများ နှင့် အတူ ပြည်ပနိုင်ငံများက တက်တက်ကြွကြွ ပါဝင်လာနေခြင်းများကြောင့် အောက်ပါ အကြောင်းခြင်းရာများကို

ကြည့်၍ သုံးသပ်မည် ဆိုက အကောင်းဖက်က ရှုမြင်နိုင်စရာ များစွာ ရှိနေသည်ဟု အင်္ဂလန်ရှိ The Conversation အွန်လိုင်း ဂျာနယ်တွင် ယခုလို ဖေါ်ပြထားသည်။

 

(၁) ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကုလ လုံခြုံရေး ကောင်စီ မှ အကြမ်းဖက်မှု များ အားလုံး ရပ်တန်ရန့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း။

 

(၂) အမေရိကန် မှ စစ်ဗိုလ်ချုပ်များ၊ လက်နက်ထောက်ပံ့နေသော ကုမ္ပဏီများ နှင့် ကရိုနီ များ အပေါ် တိုး၍ တိုး၍ ပိတ်ဆို့ဒဏ်ခတ်လာနေခြင်း၊ NDAA ဥပဒေ ဖြင့် ဒီမိုကရေစီ အင်အားစုများ အား သင်တန်းများ ပေးခြင်း နှင့် လက်နက် မဟုတ်သည့် အခြား အကူအညီများ ထောက်ပံ့လာနေခြင်း။

 

(ယနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်၊ တွင်းထွက် သတ္ထု တူးဖေါ်နေသည့် ကုမ္ပဏီ များ နှင့် ပိုင်ရှင်များအပါအဝင် စုစုပေါင်း လူ ခြောက်ဦး နှင့် အဖွဲ့အစည်း သုံးဖွဲ့အား အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထပ်မံ ပိတ်ဆို့ အရေးယူလိုက်ပြန်သည်။)

 

(၃) အီးယူ မှ လက်နက် တင်ပို့သည့် ကုမ္ပဏီများကို ၂၀၂၂ နိုဝင်ဘာလ အတွင်း ပဉ္စမ အကြိမ်မြောက် ပိတ်ဆို့ အရေးယူခဲ့ခြင်း။

 

(၄) တိုးပွားလာနေသော နိုင်ငံ တကာ ဖိအားများ ကြောင့် တရုတ်အဖို့ အာဏာသိမ်း အဖွဲ့ နှင့် အတူ ယှဉ်တွဲ မြင်လာရမည့် အရေးကို ရှက်စရာ အဖြစ် သဘောပေါက်လာခြင်း တို့ပင် ဖြစ်သည်။

 

ပြည်တွင်းစစ်သည် အချိန်အတိုင်းအတာ တခု အထိ ဆက်လက် ဖြစ်ပွားနေဦးမည်သာ ဖြစ်သည့်အပြင် ပြီးဆုံးသွားပါကလည်း ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များကို ကုစားရန် အချိန်ယူရဖို့ ရှိ‌နေပြန်သည်။

 

ထိုသို့ အနာတရများကို ပြည်သူများ ခံနိုင်ရည် ရှိစေမည့် အချက်သည် စစ် ခေါင်းဆောင်များ၏ အမြဲလို ခြိမ်းချောက်နေမှူ နှင့် ၎င်းတို့ ခံစားစံစားနေသော ချမ်းသာကြွယ်ဝနေမှု များကို အပြီးအပိုင် ဖယ်ရှားနိုင်ရေးပင် ဖြစ်သည်။

 

ပြည်ပ အစိုးရ များ နှင့် အဖွဲ့အစည်းများသည် လက်ရှိ မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲ ဒုက္ခများ သက်သာရာ ရကြောင်း အဖြစ် လက်နက် မဟုတ်သည့်တိုင် အခြား အကူအညီများ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး များ အတွက် NUG ထံသို့ အမြန်ဆုံး ကူညီ ထောက်ပံ့သင့်သည်ဟု တိုက်တွန်းရေးသားထားသည်။

 

တကမ္ဘာလုံးက ထိုသို့ ဝိုင်းဝန်း ဆန့်ကျင်ခံနေရသည့် အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့သာ ရှိပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

သတင်းဓါတ်ပုံ - Nikkei Asia Review