နိုင်ငံတကာ၏ ဝေဖန် ရှုတ်ချမှုများ ပိုမို မြင့်တက်လာနေ၊ တိုင်းပြည်နှင့် လူထု ဖွတ်ဖွတ်ကြေလာနေပြီဟုပင် ပြောလာ

by Hla Soewai - Feb 05 2023

ပထမဦးဆုံး အမေရိကန် ဆီးနိတ် မှ စစ်အာဏာသိမ်း မှု နှစ် နှစ် မြောက် အဖြစ် မြန်မာပြည်သူများ ‌အပေါ် ကြင်နာမှု ကင်းမဲ့စွာ နှိပ်စက် သတ်ဖြတ်နေခြင်းအား အပြင်းအထန် ရှုတ်ချကြောင်း၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ချက်ခြင်းလွှတ်ပေးရန်၊ ယခုနှစ်တွင် စစ်အာဏာသိမ်း အဖွဲ့မှ ပြုလုပ်မည် ဆိုသည့် ရွေးကောက်ပွဲသည် အတုအယောင် သာဖြစ်၍ မြန်မာပြည်သူများ နှင့် နိုင်ငံတကာ အလယ်တွင် မည်သို့မျှ တရားဝင်လာမည်လည်း မဟုတ်ကြောင်း။

 

ထို့အတွက် အာဆီယံသည် အချက် ငါးချက် ကိုင်စွဲပြီး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၎င်းတို့အား အသိအမှတ် မပြုရန် နှင့် Burma ACT ဖြင့် တိုးမြှင့် အကူအညီ ပေးသွားရန် အမေရိကန် အစိုးရ အား တိုက်တွန်းကြောင်းများ ပါရှိလာခဲ့သည်။

 

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ နတလီဂါဝါ က မြန်မာ ပြဿနာ ကို မဖြေရှင်းနိုင်မှု ကြောင့် အာဆီယံသည် ကမ္ဘာအမြင်တွင် မိမိတို့ လတ်တလော အကျိုးကိုသာ ကြည့်တတ်ပြီး အရှည် မျှော်တွေးတတ်သူ များ မဟုတ်ဟု ထင်မြင်လာပြီ ဖြစ်ကြောင်း နှင့် မြန်မာပြည်သူများ အနေဖြင့် အာဆီယံ အပေါ် ယုံကြည်မှု ကင်းမဲ့လာနေ့ပြီ ဖြစ်သည်ဟုလည်း စင်္ကာပူ ရှိ ChannelNews Asia နှင့် တွေ့ဆုံခန်းတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ကုလ အထွေထွေ ညီလာခံ နှင့် ကမ္ဘာ လူ့အခွင့်အရေး ကော်မရှင်တွင် မဲခွဲတိုင်း အာဆီယံ နိုင်ငံများ တညီတညွတ်တည်း ရပ်တည်ခဲ့ခြင်း (ဆိုလိုသည်က ထောက်ခံ၊ ကန့်ကွက်၊ ကြားနေများ ကို ရည်ညွန်းခြင်းဖြစ်) မရှိသည်ကိုလည်း နမူနာ အဖြစ် ထောက်ပြသွားခဲ့သည်။

 

အာဆီယံ အစည်းအဝေးများ တွင် မြန်မာနေရာ အတွက် ထိုင်ခုံ အလွတ်ကြီး ချထားနေယုံဖြင့် မဖြစ်ပဲ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် အခြား ဒီမိုကရေစီ အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး လက်ရှိ အနေအထားကို တင်ပြခွင့် ပြုသင့်သည်ဟုလည်း ဆိုသည်။

 

(အာဆီယံသည် စစ်တပ် ပြန် ခေါင်းထောင်လာနိုင်ဆဲဟု ယုံကြည်နေ၍ မလုပ်ခြင်းလည်း ဖြစ်သည်၊ ၎င်းတို့ အဖို့က နေပြည်တော်ကို ဝိုင်းမထားသရွေ့ ထိုသို့ လုပ်ဖို့မရှိ ဟု ယူဆရသည်)

 

လက်ရှိ အာဏာသိမ်း အဖွဲ့ လုပ်မည့် အတုအယောင်ရွေးကောက်ပွဲအားလည်း အာဆီယံ မှ အသိအမှတ် ပြုမည် မဟုတ် ဆိုသည်ကို နိုင်ငံတကာ နှင့် မြန်မာ စစ်တပ်ကို ယခုကတည်းက ရှင်းရှင်းလင်းလင်း အသိပေး ရေးသည် လွန်စွာ မှ အရေးကြီးနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

လူများအား လိုက်လံ သတ်ဖြတ်နေသည့် အချိန်မျိုးတွင် ယခုလို ရွေးကောက်ပွဲမျိုး သည် အဘယ်သို့များ အဓိပ္ပါယ် ရှိမည်နည်းဟု လည်း မေးခွန်း ထုတ်သွားခဲ့သည်။

 

ကုလ အတွင်းရေး မှုး ချုပ်၏ အထူး သံတမန် နိုလင်း ဟေဇာ မှ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကြာလာချိန်တွင် နိုင်ငံ နှင့် ပြည်သူများ "ဖွတ်ဖွတ် ညက်ညက် ကြေအောင်" ထိခိုက်လာနေပြီဟု ထုတ်ဖေါ်ပြောဆိုလိုက်ပြန်သည်။

 

ထိုသို့ ဖြစ်ပျက်နေမှုများကို ကာကွယ်ရန် အာဆီယံ နှင့် အိမ်နီးချင်း နိုင်ငံ များ အနေဖြင့် လုပ်ငန်း ဘောင် တခု ချမှတ်ရတော့မည် ဖြစ်ပြီး နိုင်ငံတကာ နှင့်‌ ဒေသတွင်းရှိ နိုင်ငံများ တစည်းတလုံးတည်း လုပ်နိုင်မှသာ ဖြစ်မည်။ ကုလ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် သည် စကား အဖြစ်သာ မက လက်တွေ့ အကောင်အထည် ဖေါ်ရန်လည်း တောင်းဆိုလိုက်သည်။

 

နိုလင်း ဟေဇာက တိုင်းပြည် ဖွတ်ဖွတ် ညက်ညက် ကျေလာနေပြီ ဆိုသည်က မိမိမှ ပိုပိုသာသာ ရေးခြင်း မဟုတ်၊ အင်္ဂလိပ် လို "devastating (highly destructive or damaging)" ဟု အတိအကျ သုံးနှုန်းသွားခြင်း ဖြစ်သည်ကို သိထားသင့်သည်။

 

Pacific Media Watch မှလည်း မြန်မာစစ်တပ်သည် တနိုင်ငံလုံးကို အကျဉ်းထောင် အဖြစ် ပြောင်းလဲနေ ခေါင်းစဉ် ဖြင့် အစီရင်ခံစာ ထုတ်ပြန်လိုက်ပြန်သည်။

 

အာဏာသိမ်း အဖွဲ့မှ ထပ်၍ အကြမ်းဖက် နိုင်ရန် အတွက် မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကျေညာလိုက်ပြီ ဖြစ်သည်။ ယင်းတိူမှာ ကယားပြည်နယ် တွင် ၄ ၊ ကရင် ၂၊ ချင်း ၇၊ မွန် ၁၊ မကွေး ၅၊ စစ်ကိုင်း ၁၁၊ ပဲခူး ၅၊ တနင်္သာရီ ၂ တို့ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ် များ အား အံ့ဩမိသည်မှာ ဆရာသမားက အာဏာသိမ်းသည့် လုပ်ရပ်ကို ထောက်ခံခဲ့ကြသည်ကို နားလည် ပေး၍ ရသော်လည်း ဆရာသမား ကိုယ် နှိုက်က နှစ် နှစ် ကြာလာသည့်တိုင် မအောင်မြင်သေးဟု ဆိုကာ ယခုလို အတင်းအဓမ္မ ရှေ့ဆက်တိုးမည့် လုပ်ရပ်အား ဆက်၍ လက်ပိုက်ကြည့်နေကြသည့် အဖြစ်ကိုတော့ မည်သို့မျှ မတွေးတတ်အောင် ဖြစ်နေရသည်။ လူမဟုတ်ပဲ ယူနီဖောင်း ဝတ် စစ်ဗိုလ်ချုပ်များ ဖြစ်နေသလောဟုပင် သံသယ ဝင်မိသည်။

 

ထိုသို့ ဖြစ်နေမှု အပေါ် မိမိ မျှော်စင် ဂျာနယ်တွင် ရေးသားနေသည့် ဒင်းနစ် စမစ်၏ ယဉ်ကျေးသော သူပုန်ကြီးများ စာတမ်းတွင် တောင်အာဖရိက ၏ အပါသိုက် စနစ် နှင့် ယခုလို နှိုင်းယှဉ် တင်ပြသွားခဲ့သည်။

 

စာရေးသူ က စစ်တပ်သည် တောင်အာဖရိက ရှိ Afrikaner Broederbond ကဲ့သို့ လူဖြူ နွယ်ဖွားများ ကောင်းစားရေး ကိုသာ ရှေးရှု လုပ်ဆောင်ခဲ့သည့် လျို့ဝှက် အဖွဲ့အစည်းကြီးလို ဖြစ်လာခဲ့သည်ဟု နှိုင်းယှဉ် ဖေါ်ပြခဲ့သည်။

 

တောင်အာဖရိက မှာ ကဲ့သို့ပင် မြန်မာတွင်လည်း ထိုကဲ့သို့ လူ့ အဖွဲ့အစည်း အတွင်း ထိပ်က‌နေချင်သူများသည် ၎င်းတို့၏ တကိုယ်ကောင်းဆန်ဆန် ကောင်းစားရေး ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အကြံ ကြီး ကြံလာကြသည်။

 

တောင်အာဖရိက တွင် အာဖရိကန် လူဖြူများ ရှေ့လျောက် ကောင်းစားရေးအတွက် အသားအရောင် ခွဲခြား ဆက်ဆံရမည် ဆိုသည့် အပါသိုက် မူဝါဒကို တီထွင် ကျင့်သုံးလာကြသည်။

 

မြန်မာပြည်တွင်တော့ ဗိုလ်နေဝင်းသည် လူဖြူ များ က လူမည်းများ ကို လုပ်သကဲ့သို့ပင် စစ်တပ်မှ လူထုအပေါ် တသက်တာ လူပေါ် လူ‌ဇော် လုပ် အညွန့်ခူး နိုင်ရန် ဆိုရှယ်လစ် ဝါဒဆိုကာ ချပြလာကြသည်။ ဆိုရှယ်လစ် ဖွဲ့စည်းပုံ အားလည်း ၁၉၇၄ တွင် ရေးဆွဲ ထုတ်ပြန်ခဲ့သည်။" ဟု ရေးသားထားခဲ့သည်။ သို့မှလည်း တဖွဲဖွဲ ဝင်လာကြမည် မဟုတ်ပါလား။

 

ဆိုရှယ်လစ် လမ်းစဉ် ဆိုကာ ဗိုလ်နေဝင်းက ထွင်ခဲ့သလို ဗိုလ်သန်းရွှေကလည်း စည်းကမ်းနှင့် ညီညွတ်သော ဒီမိုကရေစီ ဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ ကို အားကျမခံ ထုတ်ပြန်လာခဲ့သည်။

 

မင်းအောင်လှိုင် ကတော့ ထိုသို့ အရည်အချင်း မရှိရှာ၍ ဗိုလ်သန်းရွှေ၏ စာအုပ် အစိမ်းကြီးကို လက်က တကိုင်ကိုင် ဖြင့် ခင်ရီ နှင့် ပေါင်းကာ အာဏာရှင် စနစ် ဖြင့် လူမိုက်ဆန်ဆန် အုပ်ချုပ်သွားဖို့ ကြံနေရှာသည်။

 

သမိုင်းဘီး သည် ထိုကဲ့သို့ နောက်ပြန်လှည့်ရိုး ထုံးစံ မရှိ ဆိုသည်ကို ပြည်သူများ လက်ကမ်း ကြိုဆိုဖို့ ဝန်မလေး မီ စစ်ဗိုလ်ချုပ်များ အချိန်မီ သဘောပေါက်သင့်လှပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Frontier Myanmar