အမေရိကန် သမ္မတ မှ မြန်မာ နှင့် ပတ်သက်၍ နိုင်ငံ လုံခြုံရေး ဆိုင်ရာ အရေးပေါ် အခြေအနေ သက်တမ်းတိုး ၊ မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း

by Hla Soewai - Feb 08 2023

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေမှုများသည် အမေရိကန် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ အား ထူးထူခြားခြား သာမန်ထက် လွန်ကဲစွာ ခြိမ်းချောက်လာနေမှု ကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က သမ္မတ၏ လုပ်ပိုင်ခွင့် အမိန့် ၁၄၀၁၄ဖြင့် နိုင်ငံအတွက် အရေးပေါ် အခြေအနေအား ၂၀၂၃ ဖေဖေါ်ဝါရီ ၁၀ ရက် နေ့ နောက်ပိုင်း အတွက် သက်တမ်း ထပ်မံ တိုးမြှင့်လိုက်သည်၊ ပုံ သမ္မတ ဂျိုးစက် အာ ဘိုင်ဒင် ဟု ယနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၆ ရက် နေ့စွဲဖြင့် အိမ်ဖြူတော် မှ သတင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။

 

မင်းအောင်လှိုင်၏ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာကား ယခု ပုံစံအတိုင်း မည်သို့မျှ ဆက်၍ ရေရှည် ရပ်တည်သွား၍ မရ ဖြစ်နေခြင်းပင်။ ဤသည်ကား နိုင်ငံတကာ ဖိအားပေးမှု များ ကြောင့်လည်း မဟုတ်၊ တကမ္ဘာလုံးက အမျိုးသား ညီညွတ်ရေး အစိုးရအား ဝိုင်း၍ အသိအမှတ် ပြုလာကြသည့် တိုင် ၎င်း အနေဖြင့် အာဏာကို စွန့်လွှတ်ကြမည့်သူများ မဟုတ်၊ အဓိက သည် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ တနေ့ထက် တနေ့ အင်အား ကောင်းလာနေသော ကြောင့်ပင် ဖြစ်သည်။ ထိုအရေးကို မဖြေရှင်းနိုင်လေ ပို၍ အင်အား ကောင်းလာလေလေ ဆိုသည့် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်၊ ဖြေရှင်းခဲ့သည်မှာလည်း နှစ် နှစ်ပင် ရှိလာခဲ့ပြီ ဖြစ်သည်။

 

ဧရာဝတီ သတင်းအရ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ကျောက်ဆည်၊ မြင်းခြံ၊ စစ်ကိုင်း၊ ရွှေဘို ဒေသများ ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ခရိုင် တပ်ရင်း လေးရင်း စုပေါင်းပြီး မြင်းမူ မြို့နယ်အတွင်း ရှိ စစ်စခန်း တခု ကို အောင်မြင်စွာ ဝင်ရောက် စီးနင်း နိုင်ခဲ့ပြီး မင်းအောင်လှိုင် တပ်ဖက်မှ ၂၅ ဦး သေဆုံးသွားသည်ဟု သိရသည်။

 

၎င်း ကိုယ်တိုင်ပင် ထိုအရေး ကို သွယ်ဝိုက် ထုတ်ဖေါ် ဝန်ခံလာရပြီး ရွေးကောက်ပွဲ လုပ်မည် ဆိုသည်ကိုပင် မရေမရာ ဖြစ်လာနေရပြီ ဖြစ်သည်။ ထိုသို့ ထုတ်ဖေါ် ဝန်ခံလာခြင်းသည် လည်း အကြောင်းပေါင်း များစွာ ရှိနေသည်။ သူ့၏ သစ္စာခံ တပ်များ အား Do or Die အနေအထား ရောက်လာပြီဟု အသိပေးလိုက်ခြင်းဖြင့် စိတ်ဓါတ် မြှင့်တင် ပေးဖို့ လိုအပ်သော ကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော် မှု ကြောင့် ၎င်းတို့ အပေါ် လူထုက ဆန့်ကျင်လာကြခြင်း ဖြစ်သည်ဟုပင် သွေးရူးသွေးတမ်း ပြောလာနေသည်။

 

၎င်းတို့အား နိုင်ငံတကာမှ အသိအမှတ် ပြုကြပါရန် နိုင်ငံခြားရေး ဝန်ကြီး အသစ် ဖြစ်လာသူ သန်းဆွေကပင် မေတ္တာရပ်ခံလာသည့် အဆင့် ဖြစ်လာနေသည်။

 

အမျိုးသား ဒီမိုကရေစီ အစိုးရသည် တတိုင်းပြည်လုံး မီးလင်းအောင် စီမံချက် အဆင့်ဆင့် ချ၍ လုပ်ပြနိုင်ခဲ့သော်လည်း ၎င်းအဖို့က ရုရှား အကူအညီမပါလျှင် ဘာမှ လုပ်၍ မရအောင် ဖြစ်နေသည်။

 

လက်ရှိ အနေအထား တွင် စစ်တပ်သည် ခိုင်မြဲနေဆဲ ဖြစ်သည်ဟု အပြင်ပန်းအားဖြင့် ပြော၍ ရသော်လည်း အောက်ခြေတွင် တနေ့တခြား ယိုင်နဲ့လာနေပြီ ဖြစ်သည်။ ထိုအကြောင်းကို အထက် ကို မည်သို့မျှ မတင်ပြရဲ ပဲ ဖုံးဖိနေကြပြီး တပ်၏ အတွင်းစည်းကို အခိုင်အမာ ပြန်လည် တည်ဆောက်လာနေကြ၍ မိသားစု လုံခြုံရေး ကို ငဲ့ကာ တပ်ကို စွန့်ခွာ ထွက်ပြေးသူများ လျော့နည်းလာခဲ့သည်၊ သို့သော် အတွင်းစည်းထဲမှ ဖရဲသီးများ၏ ထောက်လှန်းရေး သတင်းများက တိုး၍ လက်ခံရရှိလာနေသည်။

 

ပြည်သူ့ရင်ခွင် အဖွဲ့၏ ထုတ်ပြန်သော စာရင်းအရ ယနေ့ထိ တပ်ကို စွန့်ခွာ ထွက်ပြေးလာသူ ၁၀,၀၀၀ ခန့် ရှိရာတွင် ယမန်နှစ် အတွင်း ၂,၀၀၀ ခန့်သာ ရှိခဲ့သည်ဟု Frontier Myanmar တွင် ဖေါ်ပြထားသည်။ သို့သော် ထိုအနေအထားကို သက်ဆိုင်ရာ တပ်ရင်း များက ဖုံးဖိထားပြီး ဝါဒ ဖြန့်မှုများသာ ဖြစ်ကြောင်း အထက်ကို လိမ်လည် တင်ပြနေကြမည်သာ ဖြစ်သည်။ တပ်ကို စွန့်ခွာ ထွက်ပြေးလာသူတိုင်း ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် လာရောက် ပူးပေါင်းကြခြင်း မျိုး တော့ မဟုတ်ပေ၊ စစ်တိုက်ချင်စိတ် မရှိ၍ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြသူများ လည်း ရှိနေသည်။ ပြည်သူ့ရင်ခွင်မှ ဗိုလ်ကြီး လင်းထက်အောင် အဆိုအရ ဗိုလ်ကြီး အဆင့် နှင့် အထက် ဟူ၍ ၁၀၀ ခန့်သာ ရှိသေးသည်ဟု သိရသည်။

 

သို့သော်လည်း အများစု ကို အလုံးစုံ ယုံကြည်၍ မဖြစ်သေး ရှေ့တန်းတွင် ဝင်ရောက် တိုက်ခိုက်သူ ၅၀၀ ခန့်သာ ရှိနေသည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်၊ အများစုကို နောက်တန်းရှိ လေ့ကျင့်ပေးရေး ဖက်တွင်သာ သုံးနေရဆဲ ဖြစ်သည်ဟု လည်း သိရသည်။

 

တိုက်ပွဲများ တွင် ဖမ်းဆီးရမိခဲ့သူများ အား ရေရှည် လက်ခံထားရေးသည် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမှုများ ရှိနေသည်ဟုလည်း သိရသည်။ အောက်ခြေ စစ်သားများက သိလိုသည်များကို တရက် နှစ်ရက် နှင့် ထုတ်ပြောလေ့ ရှိသော်လည်း အရာရှိ အဆင့်ကမူ ရက်သတ္တပတ် အတန်ကြာ သို့မဟုတ် လ အတန်ကြာမှ ပြောလေ့ရှိသည်ဟု ဆိုသည်၊ ရန်သူ ထိုးစစ်ကြောင့် စခန်းများ ရွှေ့ပြောင်းရဖို့ ဖြစ်လာပါက ၎င်းတို့ ထွက်ပြေး မသွားအောင် အတော် သတိထား လှုပ်ရှားရပြန်သည်ဟု ဆိုသည်။

 

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်များ မှ ထွက်ပြေး ခိုလှုံလာသူ များ ရှိနေပြီ ဖြစ်၍ ၎င်းတို့ ထံမှ ရရှိခဲ့သော ထောက်လှန်းရေး သတင်းအချက်အလက်များက တော်လှန်ရေး အတွက် လွန်စွာ တန်ဖိုး ရှိခဲ့သည်ဟု ဆိုသည်။ တပ်တွင်း ဖရဲသီး များ၏ သတင်းများသည် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိလာသည်က များသဖြင့် ထိုမှတဆင့် သက်ဆိုင်ရာ နယ်မြေများရှိ PDF တပ်ဖွဲ့များထံ လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် လက်ဆင့်ကမ်းပေးရသည်ဟု ဆိုသည်။ ၎င်းတို့ ပေးသော သတင်းများထဲမှ ၉၀ ရာနှုန်းသည် မှန်ကန်သည်ဟု ဗိုလ်ကြီး လင်းထက်အောင်က ဆိုသည်။

 

ကေအင်ယူ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီး မြို့ တိုက်ပွဲများ တွင် ထွက်ပြေး ခိုလှုံလာသူများ၏ သတင်းများက လွန်စွာ အရေးပါခဲ့သည်။

 

မည်သို့ပင် ဖြစ် စေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များသည် တနေ့တခြား အင်အား ကောင်းလာနေပြီ ဖြစ်၍ လွတ်မြောက်နယ်မြေ များသဖွယ် လှုပ်ရှား နိုင်နေပြီ ဖြစ်သော မြို့နယ် ၃၇ မြို့နယ် တွင် မာရှယ်လော ပင် ထုတ်ပြန်လာရပြီ ဖြစ်သည်။

 

စစ်တပ်သည် ထိုဒေသများအား ရက်ရက်စက်စက် ချေမှုန်း လိုသော်လည်း တဖက်တွင် နိုင်ငံတကာ၏ R2P နှင့် No-Fly Zone များအား ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်၊ ထိုသို့ မဟုတ်ကလည်း ဖြစ်လာနိုင်စရာ ရှိနေသည့် လုံခြုံရေး ကောင်စီမှ နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံးသို့ အရေးယူရန် လွှဲပြောင်းပေးလာနိုင်မှု များ ကို အကြောက်ဆုံး ဖြစ်နေ၍ တို့ထိတို့ထိ ဖြင့် အကြမ်းဖက် နိုင်ဖို့သာ ရှိနေ၍ ကျင်းထဲ ကျပ်ထဲ ရောက်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ -ဧရာဝတီ သတင်း