အရေခွံ လဲရတော့မည့် အာရှ ကျား ကြီး များ (အပိုင်း ၂)

by Hla Soewai - Dec 24 2019

Welcome to the jungle

ဘောနီ တူး ဆိုသူ အမျိုးသမီးသည် သူမ၏ စားပွဲပေါ်တွင် “Make America Great Again” ဟူသော ဦးထုတ် အသစ်ချပ်ချွတ် အနီတလုံးကို တွေ့လိုက်ရ၍ သဘောကျပြီး အားရပါးရ ရီမောလိုက်ပါတယ်။ သူမ၏ လုပ်ဖေါ် ကိုင်ဖက် တဦးမှ ထရန့်အား မုန်းတီးနေမှန်းသိ၍ နောက်ပြောင်ချင်သည့် သဘောဖြင့် သူမ၏ စားပွဲပေါ် တင်သွားခဲ့ခြင်းပင်။ ကမ္ဘာအကြီးဆုံး စက်ဘီး ကုမ္ပဏီ ကြီး ဖြစ်သော Giant ၏ ဥက္ကဌ ဖြစ်သူ အသက် ၇၀ ရှိ ဘောနီ တူးအဖို့ ထရန့်အား မနှစ်မြို့သည်မှာလည်း သဘာဝကျနေပါတယ်။ ထရန့်၏ သွင်းကုန် စည်းကြပ်ခွန်များ‌ကြောင့် သူမ စက်ရုံများ အတွက် supply chain တခုလုံး ကမောက်ကမ ဖြစ်ခဲ့ရယုံမျှမက ထုတ်လုပ်စရိတ်တွေပါ မြင့်တက်သွားခဲ့ရပါတယ်။ ထို့အတွက် တရုတ်ပြည်တွင်းရှိ လုပ်ငန်းများကို လျော့ချပြီး တိုင်ဝမ်ဖက်မှာ တိုးမြှင့်လာခဲ့ပါတယ်။

ထိုသို့ တရုတ်ပြည်တွင် လုပ်ငန်းများ လျော့ချလာခဲ့သည်မှာ Giant တခုတည်းတော့ မဟုတ်ပေ၊ တိုင်ဝမ် ကုမ္ပဏီ အများအပြား ပြန်ရွှေ့လာခဲ့ကြပါတယ်၊ ထိုအထဲတွင် ကွန်ပြူတာ များ ထုတ်လုပ်သည့် Compal၊ ပါဝါ အစိတ်အပိုင်းများ ဖြန့်ဖြူးပေးနေသည့် Delta Electronics၊ စက္ကူ ထုတ်လုပ်ရေး ကုမ္ပဏီ Long Chen တို့ပါဝင်နေပါတယ်၊ ၂၀၁၈ အတွင်း တိုင်ဝမ် အစိုးရမှ “Invest Taiwan” ဟု အမည်ပေးထားတဲ့ ဌာနတခု ဖွင့်လှစ်လိုက်ပြီး တိုင်ဝမ် သို့ ပြန်လည် ‌ရွှေ့ပြောင်းလာတဲ့ ကုမ္ပဏီများအား ကုန်ကျစရိတ်များအတွက် အတိုးနှုန်း သက်သာစွာနဲ့ ငွေထုတ်ချေးပေးမယ်လို့ ကတိပြုလာခဲ့ပါတယ်။ ထို့အတွက် ‌‌ချေးငွေများရရှိရန် လျှောက်လွှာ တင်သွင်းလာတဲ့ ကုမ္ပဏီ ပေါင်း ၁၅၀ အထိ ရှိသွားပြီလို့ ဆိုပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် တိုင်ဝမ်က ကုန်သွယ်ရေး စစ်ပွဲကြောင့် အမြတ်ထွက်လာတယ်လို့ ပြောလို့ရကောင်း ရနိူင်ပါတယ်၊ တရူတ်ပြည်ကြောင့် စင်္ကာပူ နဲ့ တောင်ကိုရီယားတို့လည်း ဈေးကွက် ရှယ်ယာ‌တွေ ရလာကြပြန်ပါတယ်၊ ကုန်သွယ်ရေး စစ်ပွဲကြောင့် ကျား တွေ အတွက် ကောင်းသော လက္ခဏာ တွေ ဖြစ်လာရတယ်လို့ ယူဆရင် မှားသွားနိူင်ပါတယ်၊ အားလုံးကို ခြုံကြည့်ရင် ထိခိုက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်၊ ထိခိုက်လာနိူင်တဲ့ အ‌ကြောင်းခြင်းရာ သုံးခု ရှိနေပါတယ်၊ ဒါတွေကတော့ တံခါးဖွင့် ကုန်သွယ်ရေး စနစ်၊ အာရှ အခြေစိုက် စက်မှု ကုန်ထုတ် ကွန်ယက်များ နဲ့ သူတို့အားလုံးရဲ့ အကြီးမားဆုံး ဈေးကွက် အဖြစ် ရပ်တည်နေတဲ့ တရုတ်နိူင်ငံ တို့ ဖြစ်ပါတယ်။ Goldman Sachs ရှိ သုတေသီ များကတော့ အာရှ နိူင်ငံ ၁၃ နိူင်ငံ၏ ယခုနှစ် အတွင်း စီးပွားရေး အခြေအနေ များကို လေ့လာပြီး  ရှိသင့်တဲ့ အနေအထား ရှိမရှိ ကို နှိုင်းယှဉ် ကြည့််ခဲ့ရာမှာ အာရှ ကျားလေးကောင် စလုံး အောက်ဆုံး မှာ ရှိနေတာ တွေ့ခဲ့ရပါတယ်။

ကုန်သွယ်ရေးရဲ့ ပွန်းတိုက်စားလာမှုများကြောင့် သူတို့ရဲ့ အနေအထားတွေ လှုပ်လှုပ်ရွရွ ဖြစ်လာနေတာလည်း သဘာဝကျတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်၊ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ကျား လေးကောင် စလုံးရဲ့ ‌‌အောင်မြင်မှုတွေသည် ပို့ကုန်များ အပေါ် အမှီပြုခဲ့ရတာ ဖြစ်နေပါတယ်။ တောင်ကိုရီယားဆိုက သံဖြူစိမ် သံပြားများ၊ သုံးထပ်သားများ နဲ့ အထည်အလိပ်များ ကို ပြည်ပသို့ တင်ပို့ ရောင်းချတာနဲ့ စတင်လာခဲ့တာ ဖြစ်ပါတယ်၊ ပို့ကုန် လုပ်ငန်းရှင်များ အား အစိုးရမှ အတိုးနှုန်း သက်သာစွာ နဲ့ ထုတ်ချေးခြင်း၊ သွင်းကုန်များ အပေါ် အခွန် အကောက် ကင်းလွတ်ခွင့် ပြုခဲ့ခြင်း နဲ့ ၁၉၆၄ တွင် ယွမ် တန်ဖိုး ချပေးခဲ့ခြင်းတို့ ဖြင့် ကူညီ ပံ့ပိုးပေးခဲ့ပါတယ်။

၁၉၇၉ မှာ လုပ်ကြံခံလိုက်ရလို့ ကွယ်လွန်သွားတဲ့ သမ္မတ ပတ်ချုံဟီး သည် ၁၉၆၅ ဖေဖေါ်ဝါရီလမှ စလို့ ဖွဲ့စည်းပေးထားတဲ့ ပို့ကုန် တိုးမြှင့်ရေး ကော်မီတီရဲ့ လစဉ် အစည်းအဝေးကို အမြဲလို မပျက်မကွက် တက်ရောက်ခဲ့သူ ဖြစ်ပြီး တင်ပို့မယ့် ကုန်ပစ္စည်း နမူနာများကို စစ်ဆေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ နေ့လည်စာ အတူ သုံးဆောင်ပြီး စီးပွားရေးရာများ ဆွေး‌နွေးခြင်းများ အမြဲလို လုပ်လေ့ရှိပါတယ်၊ ၁၉၆၄ မှာ တောင်ကိုရီယားသည် ဒေါ်လာ သန်းတရာ ဖိုးခန့် ကုန်စည်များ ပြည်ပ ကို စတင်တင်ပို့နိူင်ခဲ့တဲ့ နေ့ကဆို ဝမ်းသာလွန်းလို့ ကြူကြူပါအောင် ငိုချခဲ့တယ်လို့ ဆိုပါတယ်။ ထိုနေ့ကိုလည်း ပြည်သူတွေ အမြဲ အမှတ်ရနေဖို့ Export Day ဟု ကြေငြာပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ Trade Day အဖြစ် ပြောင်းလဲ ‌ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။

တိုင်ဝမ်လည်း အစိုးရ၏ ထုတ်ချေးငွေများ။ ပို့ကုန့်များ အတွက် အခွန်သက်သာခွင့် ပေးမှုများဖြင့် စတင် လာခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ စွန့်စား လိုသူ လုပ်ငန်းရှင် ပေါက်စလေးတွေ အလျိုလျို ပေါ်ထွက်လာခဲ့ပါတယ်။ စင်္ကာပူ နှင့် ဟောင်ကောင်တို့ကို ကုန်သွယ်ရေး ဆိပ်ကမ်းများ အဖြစ် ရှု့မြင်ခဲ့ကြသော်လည်း သူတိုသည်လည်း လုပ်အား ကို အဓိက ထား လုပ်ဆောင်ရတဲ့ ကုန်ထုတ်လုပ်ငန်းများနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်၊ ၁၉၇၀ ကျော် နှစ်များ အတွင်း ဟောင်ကောင်သည် ကမ္ဘာတွင် ကလေးကစားစရာ အရုပ်များ အများဆုံး ထုတ်တဲ့ နေရာ ဖြစ်လာပါတယ်၊ ၁၉၆၅ တွင် စင်္ကာပူ လွတ်လပ်ရေး ရလာသည့်အခါ နိူင်ငံကို ကုန်ထုတ် လုပ်ငန်း များ လာရောက် အခြေစိုက်နိူင်တယ် လို့ စတင် လှုံ့ဆော်လာခဲ့ပါတယ်။ ထို့အတွက် ဟောင်ကောင်နှင့် အပြိုင်အဆိုင် ဖြစ်လာခဲ့ပြီး စင်္ကာပူ ရဲ့ ပထမဆုံး အပိုင်မိသွားခဲ့တဲ့ ငါးကြီးကတော့ GE ပဲ ဖြစ်ပြီး နာရီ ပါတဲ့ ရေဒီယို တွေ ထုတ်လုပ်ဖို့ စတင် အခြေစိုက် လာခဲ့ပါတယ်။ GE က တရုတ် ပြည်တွင် ဖြစ်ပွားနေ‌တဲ့ ယဉ်ကျေးမှု တော်လှန်ရေး ဟောင်ကောင်သို့ ကူးစက်လာမှာကို စိုးရိမ်တာကြောင့် စင်္ကာပူ မှာ ပဲ စက်ရုံတည်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကျားလေးကောင်စလုံး ချမ်းသာကြွယ်ဝလာနေပေမယ့် သူတို့ရဲ့ DNA ဖြစ်တဲ့ ပို့ကုန် လုပ်ငန်းတွေ က ဆက်လက်ပြီး ဖွံ့ဖြိုးနေဆဲလည်း ဖြစ်ပါတယ်။ ကုမ္ပဏီများလည်း ပိုမို ခေတ်မီလာနေပြီး အစိုးရကလည်း ကျားကန်ပေးထားခဲ့ပါတယ်။ တောင်ကိုရီယားတွင် အပေါ့စား စက်မှု လုပ်ငန်းများ အောင်မြင်လာတာနဲ့အမျှ အစိုးရက အကြီးစား စက်မှု လုပ်ငန်းတွေ ဖြစ်တဲ့ သင်္ဘောတည်ဆောက်ရေး နဲ့ ဓါတု ကုန်ထုတ် လုပ်ငန်းများဖက် လှည့်ဖို့ ဇောင်းပေးလာခဲ့ပါတယ်၊ တိုင်ဝမ်ကလည်း Science Park တွေ တည်ထောင်ပြီး အဆင့်မြင့် နည်းပညာ လုပ်ငန်းများ ဖြစ်တဲ့ အလင်းနဲ့ အီလက်ထရောနစ် ပေါင်းစပ် လုပ်ကိုင်ရတဲ့ Optoelectronics လုပ်ငန်းများ နဲ့ ဆီမီးကွန်ဒပ်တာ လုပ်ငန်းတွေ ဖန်တီးပေးလာခဲ့ပါတယ်။ စင်္ကာပူကလည်း အားကျမခံ ၁၉၈၁ မှာ အမျိုးသား ကွန်ပြူတာ ဘုတ် အဖွဲ့ကို တည်ထောင်ပြီး ကွန်ပြူတာ ကျွှမ်းကျင် လုပ်သားများ မွေးထုတ်ပေးခဲ့ပြန်ပါတယ်။

ကမ္ဘာတဝှမ်းရှိ နိူင်ငံအတော်များများအဖို့ ပြီးခဲ့သည့် နှစ်နှစ်ဆယ်အတွင်း တရုတ်ကို ဈေးကွက်အတော်များများ ဖဲ့ပေးခဲ့ကြရပါတယ်၊ သို့သော် ထိုအထဲတွင် ကျားလေးကောင် မပါပဲ သူတို့နိူင်ငံမှ ထွက်ရှိသော ကုန်စည်များ အတွက် ကမ္ဘာဈေးကွက်ရဲ့ ၁၀% ကို ပုံမှန် ထိမ်းထားနိူင်ခဲ့တာ တွေ့ရပါတယ်၊ သူတို့ရဲ့ လက်ဦးဆရာ ဖြစ်တဲ့ ဂျပန်ပင်လျင် ၂၀၀၀ ခုနှစ်ကရှိခဲ့တာရဲ့ တဝက် ဖြစ်တဲ့ ၄% အောက် လျော့ကျသွားခဲ့ရပါတယ်။

ကျားလေးကောင်လည်း အခြားချမ်းသာတဲ့နိူင်ငံများလို အခြေခံစက်မှု လုပ်ငန်းများကို တရုတ်ပြည်သို့ ရွှေ့သွားခဲ့ကြပါတယ်၊ အထင်ရှားဆုံးကတော့ အိုင်ဖုန်း တပ်ဆင် ထုတ်လုပ်တဲ့ တိုင်ဝမ်ရှိ Foxconn အီလက်ထရောနစ် ကုမ္ပဏီ ပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာ ပထမဆုံး စက်ရုံကို တရုတ်မှာ စတင် ဖွင့်လှစ်လုပ်ကိုင်လာခဲ့ပါတယ်။ နောက် နှစ်ပေါင်း ၃၀ အကြာမှာတော့ တရုတ် အလုပ်သမား တသန်းခန့်ကို အလုပ်ပေးနိူင်တဲ့ အနေအထား ရောက်လာခဲ့ပါတယ်၊ ကျားတွေက လက်နဲ့ လုပ်ရတဲ့ အလုပ်မျိုးကို တရုတ်ပြည်မှာ သွားရောက်လုပ်ကိုင်ခဲ့ပြီး ဒီထက်အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများဆီ ဦးလှည့်လာခဲ့ကြပြန်ပါတယ်။ အခုဆို တောင်ကိုရီယားသည် ကမ္ဘာတွင် မင်မိုရီ ချစ်ပ် အများဆုံး ထုတ်လုပ်နိူင်တဲ့ နိူင်ငံ ဖြစ်လာပြီး တိုင်ဝမ်ကတော့ ဆီမီးကွန်ဒပ်တာ တွေ ထုတ်လုပ်နိူင်စွမ်း အရှိဆုံး အနေအထား ရောက်လာပါတယ်၊ ထို့အတွက် အဆိုပါ နှစ်နိူင်ငံမှ အီလက်ထရောနစ် နဲ့ ကွန်ပြူတာ ပစ္စည်းများ ကို တရုတ်နိူင်ငံ လိုအပ်ချက်စုစုပေါင်း ရဲ့ ၁၂% ကို တင်သွင်းနေရပါတယ်၊ အခြားကုန်သွယ်ဖက် နိူင်ငံများ လိုအပ်ချက်ရဲ့ နှစ်ဆ နီးပါး ရှိနေပါတယ်၊ ဤသည်ကလည်း တရုတ်တွေ မလုပ်နိူင်တဲ့ အရာ တွေကို လုပ်နိူင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

သူတို့ဟာ တရုတ် ရဲ့ အောင်မြင်လာတဲ့ အသီးအပွင့်တွေကိုလည်း ခံစားခွင့် ရခဲ့ကြပြန်ပါတယ်၊ ကုမ္ပဏီများအားလုံး တရုတ်သို့ စုပြုံရောက်ရှိလာကြသည်နှင့် အမျှ အာရှ တခွင်လည်း ကုန်ထုတ်လုပ်မှု အပိုင်းတွင် အင်အားကြီးထွားလာခဲ့ရပါတယ်၊ စက်ပစ္စည်းများ ကွန်ပြူတာ အစိတ်အပိုင်း များ တင်ပို့မှု တွင် အာရှသည် ၂၀၀၀ - ၂၀၁၆ နှစ်များ အတွင်း ကမ္ဘာကုန်သွယ်ရေး ပမာဏ၏ ၁၉% မှ ၃၀% အထိ ထိမ်းချုပ်ထားနိူင်ခဲ့ပါတယ်၊ ကမ္ဘာအကြီးဆုံး ဆိပ်ကမ်းကြီး ၇ ခု ထဲက ၄ ခုသည် တရုတ်ပြည်မကြီးတွင် ရှိနေပြီး ကျန် ၃ ခုကတော့ စင်္ကာပူ၊ ဘူဆန် နှင့် ဟောင်ကောင်တို့ပဲ ဖြစ်ပါတယ်။ (ပုံတွင် တောင်ကိုရီယား ဆိပ်ကမ်းအား အပေါ်မှ မြင်တွေ့ရပုံ ဖြစ်ပါတယ်)

စင်္ကာပူ နှင့် ဟောင်ကောင်တွင် ကုမ္ပဏီများက အခြေစိုက်ပြီး စီမံခန့်ခွဲမှု လုပ်လာခဲ့ကြပြန်တဲ့ အတွက် ‘Factory Asia’ ဗဟို ချက်မ ဖြစ်လာပြီး အနေအထားတွေ ခိုင်မာသည်ထက် ခိုင်မာလာခဲ့ရပြန်ပါတယ်။ ကုမ္ပဏီပေါင်း ၄,၀၀၀ ကျော်သည် စင်္ကာပူတွင် ၎င်းတို့၏ ဒေသ ဆိုင်ရာ ရုံးချုပ်များ ဖွင့်လှစ်ဖို့ ရွေးချယ် ခဲ့ကြပြီး အရှေ့တောင်အာရှ အတွင်းရှိ လုပ်ငန်းများကို ကြီးကြပ်ခဲ့ကြပါတယ်၊ ဟောင်ကောင်ကတော့ စင်္ကာပူထက်စာရင် နည်းပြီး ၁,၅၀၀ ‌လောက်ပဲ ရှိပါတယ်၊ သို့သော် ၎င်းတို့၏ စတော့အိပ်ချိန်းများကို တရုတ်ကုမ္ပဏီတွေ ရောက်လာအောင် ဆွဲဆောင်ရာမှာတော့ စင်္ကာပူထက် ပိုမို အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်၏‌ စတော့ဈေးကွက်သည် ဒေါ်လာ ၄ တြီလီယံ တန်ကြေးရှိနေပြီး စင်္ကာပူကတော့ ဒေါ်လာ ၇၀၀ ဘီလီယံ လောက်ပဲ ရှိပါသေးတယ်။

ဒီလိုမျိုး ချမ်းသာကြွယ်ဝလာစရာ အကြောင်းတွေ ရှိနေပေမယ့် တဖက်ကလည်း အန္တရာယ်ကနေ မလုံခြုံတဲ့ အနေအထားတွေ ကြုံလာနေရပြန်ပါတယ်၊ အမေရိကား မှ ဆင်နွှဲနေသော ကုန်သွယ်ရေး စစ်ပွဲသည် တရုတ်ကို ထိခိုက်နစ်နာအောင် အဓိက ထား တိုက်ခိုက်ခဲ့တာ ဖြစ်သော်လည်း ကျားလေးကောင်တွင် အန္တရယ်က နည်းမျိုးစုံ နဲ့ ကျရောက်လာနေပါတယ်၊ နိူင်ငံများက သေးငယ်ကြသည့် အပြင် တံခါးများကလည်း ဟာလာဟင်းလင်းကို ဖွင့်ထားတဲ့ အတွက်ကြောင့် ဖြစ်‌နေပါတယ်၊ တရုတ်၏ ပို့ကုန်များသည် ဂျီဒီပီ၏ ၂၀% သာ ရှိနေပြီး တောင်ကိုရီယားသည် ၄၅%၊ တိုင်ဝမ်သည် ၆၅%၊ စင်္ကာပူ နှင့် ဟောင်ကောင်တို့သည် ၂၀၀% နား ကပ်နေကြပါတယ်။

Supply chain များကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် လုပ်မယ့် ဒေါ်နယ် ထရန့် ၏ နည်းဗျုဟာသည် တကယ်တမ်းတွင် ကျားလေးကောင် ၏ မြို့ပြ စက်မှု လုပ်ငန်း ပုံစံပြုထားမှုကို အန္တရာယ် ကျရောက်လာစေပါတယ်။ ကျားလေးကောင် အဖို့က အခြားနိူင်ငံများမှ တင်သွင်းမှုများကို အတော်ကြီး မှီခိုနေရတာကြောင့်လည်း ဖြစ်ပါတယ်၊ ထို့အပြင် အမေရိကန်က အယုံအကြည် မဲ့နေတဲ့ ဖေါက်သည် နိူင်ငံ အချို့ကိုလည်း ဝန်ဆောင်မှု ပေးနေပြန်ပါတယ်၊ တိုင်ဝမ် ရှိ ပုံလောင်းစက်ရုံများသည် အမေရိကန် ထိတ်တန်းကုမ္ပဏီကြီးများ အတွက် ချစ်ပ်များ ထုတ်လုပ်ပေးနေသော်လည်း အမေရိကန်က သူလျို လုပ်နေတဲ့ လို့ စွပ်စွဲထားတဲ့ တရုတ်ရဲ့ တယ်လီကွန်း ကုမ္ပဏီကြီး ဖြစ်တဲ့ ဟွာဝေး ကိုလည်း ရောင်းချပေးနေပါတယ်။ ဘယ်သူမဆို ရောင်းမယ်လို့ TSMC မှ အရာရှိတဦးက ပြောခဲ့ပြန်ပါတယ်။

ထိုကဲ့သို့ မရေရာ မသေချာမှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ ကျားလေးကောင် အတွက် ရွေးချယ်စရာ နှစ်ခု လောက်ပဲ ကျန်ပါတော့တယ်၊ တခုကတော့ သူတို့ရဲ့ ဖေါက်သည်အသစ်တွေ ရှာပြီး ထုတ်ကုန်တွေကို မတူကွဲပြားအောင် လုပ်ရတော့မှာ ဖြစ်ပါတယ်။ တိုင်ဝမ်က ကာလကြာမြင့်စွာ ကတည်းက နိူင်ငံတွင်းရှိ ကုမ္ပဏီများကို တရုတ် ဈေးကွက်နဲ့တင် မိန်းမောမနေပဲ ပေါ်ထွန်းစ ‌ဈေးကွက်များကို ရှာဖွေကြဖို့ တွန်းအားပေးနေခဲ့ပါတယ်၊ တောင်ကိုရီယား အစိုးရကလည်း ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ် တင်ပို့ဖို့ စိတ်အားထက်သန်‌နေပါတယ်၊ ပြီးခဲ့သည့် Trade Day နေ့တွင် သမ္မတ မွန် ဂျေအင်း က လျပ်စစ် ကားများနှင့် ရိုဘော့ထုတ်လုပ်ရေးကဲ့သို့ စက်မှု လုပ်ငန်း အသစ်များ ပေါ်ထွန်းလာခြင်းကို ချီးကြူးစကား ပြောဆိုသွားပါတယ်။

နောက်ထပ် ရွေးချယ်နိူင်ခွင့် တခုက ကမ္ဘာ ကုန်သွယ်ရေး စနစ်ကြီးထဲ ပါဝင်နိူင်သမျှ ပါဝင်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မတိုင်မီက ကျားလေးကောင်သည် ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက် လေးခု တွင်သာ အဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း ယခုအခါ ၄၉ ခုအထိ လက်မှတ်ရေးထိုးလာနိူင်ခဲ့ပြီ ဖြစ်တာ တွေ့ရပါတယ်။ စင်္ကာပူသည် အမေရိကား၊ ဂျပန် နှင့် အခြား ပစိဖိတ် ကမ်းရိုးတန်း ဆယ်နိူင်ငံကို စုစည်းပြီး ပစိဖိတ် ဖြတ်ကျော် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု (TPP) ၏ မူလ ဖန်တီးရှင် ဖြစ်ခဲ့ပြီး ယင်း၏ ပြိုင်ဖက် ဒေသတွင်း အလုံးစုံ စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု ကို ပါ ဖန်တီးပြီး TPP တွင် ဖယ်ထုတ်ခဲ့သည့် တရုတ်ပါ ထည့်သွင်း လာခဲ့ပါတယ်။ ထို့အပြင် လက်ရှိ ကမ္ဘာကုန်သွယ်ရေး အဖွဲ့အစည်းကြီး (WTO) အသက်ပြန်ဝင်လာစေဖို့ အခြား နိုင်ငံများနှင့် အတူ တရုတ် နှင့် အမေရိကား အကြား ကြားဝင် စေ့စပ်ပေးနေပါတယ်။

သို့သော် တရုတ်-အမေရိကန် ကုန်သွယ်ရေး ပဋိပက္ခကြီး ကို အပြည့်အဝ ရှောင်ရှားဖို့ မတတ်နိူင် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဟောင်ကောင်သည် ပို၍ အန္တရာယ် ရှိနေပါတယ်။ ဟောင်ကောင်အား အမေရိကန် ဥပဒေ များက တရုတ်နဲ့ တန်းတူ သတ်မှတ်ထားခြင်း မရှိပဲ ထူးခြားတဲ့ ဝိသေသ လက္ခဏာ ရှိမှု အဖြစ် အသိအမှတ် ပြုကာ အကောက်ခွန် ပိုင်းတွင် သီးခြား နယ်မြေအဖြစ် သတ်မှတ်ပေးထားပါတယ်။ ဆိုလိုသည်က ယခု ဖြစ်နေသော ကုန်သွယ်ရေး စစ်ပွဲတွင် လက်နက်ကိုင်ဆောင်သူ မဟုတ်ဟု ယူဆထားခြင်းပဲ ဖြစ်ပါတယ်၊ သို့သော် ထိုအနေအထားကို အချို့သော ကုမ္ပဏီများက အခွင့်အရေး ယူလာနေကြပါတယ်၊ အခွန်စီးကြပ်မှု လျော့ချခံရဖို့ ဟောင်ကောင်ကို ကြားခံထားပြီး ကုန်စည်များ တင်ပို့လာနေကြပါတယ်၊ ထို့အတွက် အမေရိကန်မှ ဟောင်ကောင်မှ ဝင်လာသော ကုန်များကို စီစစ်ကြပ်မတ် လာဖို့ ရှိနေပါတယ်။

အာရှရှိ အချို့သော ပြဿနာများကလည်း ကိုယ်ဖာသာ ဖန်တီးလာတာမျိုးလည်း ရှိနေပြန်ပါတယ်၊ ဥပမာ တောင်ကိုရီယား နှင့် ဂျပန်အကြား နိူင်ငံရေး အငြင်းပွားမှုများ ဖြစ်ပါတယ်၊ ဂျပန်က ၂၀ ရာစုနှစ်၏ ပထမ တဝက်နီးပါး တောင်ကိုရီယားကို သိမ်းပိုက်ထားခြင်းမှ အမြစ်တွယ်လာခဲ့တဲ့ အငြင်းပွားမှုတွေ လည်း ဖြစ်ပါတယ်၊ ထိုပြဿနာက ယခုအခါ ၂၁ ရာစု ကုန်သွယ်ရေး မုန်တိုင်းကြီး အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်၊ ဂျပန်သည် တောင်ကိုရီယားတို့ ဆီမီးကွန်ဒပ်တာ ချစ်ပ်များ လုပ်ရန် အရေးပါလှတဲ့ ကုန်ကြမ်းများ တင်ပို့ ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်၊ ကမ္ဘာတဝှမ်းတွင်လည်း အလုပ်ခွဲခြား လုပ်ကိုင်ခြင်းဆိုသည် သဘောတရားက လွန်စွာ သိမ်မွေ့စွာ ယှက်သန်းထားပြန်သဖြင့် တောင်ကိုရီယားရှိ ချစ်ပ် ထုတ်လုပ်သူများ အဖို့ အနီးစပ်ဆုံး အစားထိုးနိူင်ဖို့ ရှာဖွေရာမှာ အခက်အခဲတွေ ရှိလာနေပါတယ်။

အဆိုပါ ကသောင်းကနင်း ဖြစ်နေမှုများရဲ့ အဆုံးသတ်ကတော့ ကုမ္ပဏီများ အဖို့ ဘယ်နေရာ မှာ အခြေချ လုပ်ကိုင်ရမယ်၊ ဘယ်သူ နှင့် ကုန်သွယ်ရမယ် ဆိုတာ သိဖို့ ပိုမို ခက်ခဲလာနေရခြင်းပဲ ဖြစ်ပါတယ်၊ Giant ကုမ္ပဏီ အကြီးအကဲ ဘောနီ တူးကတော့ ကုမ္ပဏီများ သည် မိမိတို့ ထိမ်းချုပ်နိူင်တာ ကိုပဲ စွဲကိုင်ထားရမယ်လို့ ဆိုပါတယ်၊ အထူးသဖြင့် မိမိတို့ စွမ်းဆောင်ရေ များနဲ့ အော်တိုမေးရှင်းကိုသာ အာရုံစိုက်ရမယ်လို့လည်း ကောက်ချက်ချခဲ့ပြန်ပါတယ်။ စွမ်းဆောင်ရည်များ ပိုင်းမှာ ကျားလေးကောင် စလုံးမှာ ရှိနေပေမယ့် အော်တိုမေးရှင်းကို ရဖို့ကတော့ မကြိမ်းသေလှတာ တွေ့ရပါတယ်။

ကျားလေးကောင်ရဲ့ ဆန်းသစ် ပြောင်းလဲမှုများ အပိုင်းကို ဆက်လက် တင်ပြပါမယ်။

ရည်ညွန်း။   ။ ASIAN TIGERS from the Economist special report (Dec 7th 2019)