သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(105)

by Hla Soewai - Feb 13 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီးထုကြိး၏

မဲပေးခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး (၅)

 

ရဲများ ဆွဲထုတ်ခံလိုက်ရသည့် အဖြစ်ကို လူသိရှင်ကြား ဖြစ်သွားစေရန် ခရစ်စတာဘဲလ်သည် သူမ လက်ကို ချုပ်ထားသော ရဲတဦး၏ မျက်နှာကို တံတွေး နှင့် ထွေးလိုက်သည်။ သူမအား ရဲအရာရှိအား ထိခိုက်အောင် လုပ်မှု နှင့် ဖမ်းဆီးခဲ့သည်။ ထို့နောက် တရားရုံးမှ ဒဏ်ငွေ ပေးဆောင်ရန် အမိန့်ချခဲ့သည်။ သို့သော် ဒဏ်ငွေ ဆောင်ရန် ငြင်းဆန်ခဲ့သဖြင့် ခရစ်စတာဘဲလ်သည် တပတ်နှင့် အန်နီ ကင်နီသည် ထောင် သုံးရက် အကျဉ်းချ ခံခဲ့ရသည်။

 

သူတို့၏ အမှုသည် သတင်းစာတိုင်းတွင် ပါရှိလာသဖြင့် ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရပြီး အမျိုးသမီးများ မဲပေးခွင့်ရရေး အရေးတာ်ပုံကြီးလည်း ထင်ရှားသွားခဲ့ရသည်။

 

ဤသို့ဖြင့် " အမျိုးသမီးများ ထောင် နှင့် မဲ ကြိုက်ရာရွေး' ဆောင်ပုဒ်သည် ‌မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

 

အမျိုးသမီး အများအပြားလည်း ပါဝင်လာခဲ့ကြသည်။ အထက်တန်းလွှာ ကြေးရေတက် မိသားစု ဝင် အမျိုးသမီး တဦး ဖြစ်သော အီမလင်း ပီသစ် လောရင့်စ် မှ ထို ဖြစ်ရပ်ကြီး ကြောင့် သူမလည်း ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သူမ၏ ပါဝင်လာမှု သည် အမျိုးသမီးများ၏ အရေးတော်ပုံကြီး အတွက် အလှည့်အပြောင်းကြီး ဖြစ်လာခဲ့ရသည်၊ သူမသည် ကလီမင့် အင်း အရပ်ရှိ တိုက်တန်းမှ အခန်းတခန်းအား အမျိုးသမီး လူမှုရေး နှင့် နိုင်ငံရေး သမဂ္ဂ အဖွဲ့ WSPU အား သုံးခွင့်ပေးခဲ့သည်။ ထိုနေရာသည် ယခု လန်ဒန် စီးပွားရေး နှင့် နိုင်ငံရေး သိပ္ပံ ကျောင်းတိုက်ကြီး တည်ရှိရာ နေရာဖြစ်သည်။

 

ထို့အပြင် မစ္စက် လောရင့်စ် သည် သမဂ္ဂ၏ ဘဏ္ဍာရေးမှုး တာဝန်ကိုပါ ယူခဲ့သည်။ သူမ၏ အထက်တန်းလွှာ အသိုက်အဝန်း အကြား ထောက်ခံမှု ရရန် ကြိုးစားခဲ့သည်၊ ထိုအထဲတွင် လေဘာ ပါတီ ခေါင်းဆောင် ကီယား ဟာဒီ လည်း ပါဝင်သွားခဲ့သည်။ သူမနှင့် အတူ သမဂ္ဂ အဖွဲ့ဝင်များသည် အခြား‌သော ပါလီမန် အမတ်များ၏ ထောက်ခံမှု ရရန်ပါ ကြိုးစားလာခဲ့ကြသည်။

 

ဤသို့ဖြင့် ဝင်စတန် ချာချီ မိန့်ခွန်းပြောသည့် နေရာတိုင်းတွင် အမျိုးသမီးများ မဲပေးခွင့်ရရေး တောင်းဆိုသည့် နဖူးစည်းစာတန်း များကို ဖြန့်ပြခြင်း၊ အမျိုးသမီးများ၏ အော်ဟစ် ရှုတ်ချ သည့် အသံများ လွှမ်းမိုး လာခဲ့သည်။ ထိုစဉ်က အမျိုးသမီးများ၏ အကြမ်းမဖက် အာဏာဖီဆန်သည့် လုပ်ရပ်များသည် ယနေ့ခေတ်အခါ နှင့် နှိုင်းယှဉ်လျှင် ပန်းနှင့် ပေါက်သလောက်ပင် ရှိပေလိမ့်မည်ဟု ထင်ရသည်။ သို့သော် ထိုအချိန်က လွန်စွာ တုန်လှုပ် ချောက်ခြားစရာ ကောင်းသည့် လုပ်ရပ်များပင် ဖြစ်သည်။ 

 

ဥပမာ ဆိုရက အန်နီ ကင်နီ နှင့် အခြား ဆားဖာရစ်ခ်ျ လှုပ်ရှားသူ အမျိုးသမီးများအား ၁၉၀၆ ခုနှစ် ဇွန်လ အတွင်း တွင် ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရမှုပင် ဖြစ်သည်။ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်နေအိမ် အား ခိုင်လုံသော အကြောင်းတစုံတရာ မရှိပဲ တမင်သက်သက် တံခါးလာခေါက်မှု ဖြင့် စွဲချက်တင် ဖမ်းဆီးလိုက်ခြင်းပင် ဖြစ်သည်။

 

တံခါး ခေါက်ယုံသက်သက် ဖြင့် အမျိုးသမီးများအား ဖမ်းဆီးမှု အပေါ် တနိုင်ငံလုံးက ဂရုဏာ သက်ခဲ့ကြပြီး ထောက်ခံ အားပေးမှုများ မြင့်တက်လာခဲ့ရသည်။ သို့သော်လည်း သိသိသာသာ တိုးတက်မှု မရပဲ ရှိနေဆဲပင် ဖြစ်သည်၊ အသစ် တက်လာသော လစ်ဘရယ် အစိုးရသည်လည်း အမျိုးသမီးများ အတွက် မဟာမိတ် ဖြစ်မလာခဲ့ပြန်ပေ။

 

အင်မလင်း ပန်ခတ်စ်သည် ‌ပါလီမန် အောက်လွှတ်တော် ဧည့်ခန်းဆောင် အတွင်း ဆန္ဒပြရန် စီစဉ်လာခဲ့သည်။ သတင်းရထားပြီး ဖြစ်သည့် အတွက် ထိုနေရာသို့ ရဲများ စုပြုံရောက်ရှိလာကြသည်။ ဤသို့ဖြင့် အမျိုးသမီး ဆယ်ဦးသည် ဟော်လိုဝေး အကျဉ်းထောင်ထဲ ရောက်ရှိသွားခဲ့ရသည်။

 

နောက်ပိုင်း ဆယ်စုနှစ် တလျောက်လုံး အမျိုးသမီးများ တဖွဲဖွဲ ဖမ်ဆီးခံခဲ့ရသည်။

 

ဆယ်ကိုးရာစု နှစ် ပါလီမန် အမတ် တဦး ဖြစ်သည့် ဂျွန် ဘရိုက်မှ ပါလီမန်သည် မည်သည့် အခါမျှ ပြုပြင်ပြောင်းလဲမှုများအတွက် ဦးစီးဦးဆောင် လုပ်ခဲ့ခြင်းမျိုး မရှိခဲ့ဟု မှတ်ချက်ချခဲ့သည်။ ထို့အတွက် မခံမရပ် နိုင် ဖြစ်လာသူများ လမ်းပေါ်ထွက်ကာ အရေးဆိုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဤသို့ဖြင့် ၁၉၀၈ ခုနှစ် ဇွန်လ ၂၁ ရက် နေ့တွင် အင်အား ကြီးမားလှသည့် အမျိုးသမီးထုကြီး၏ ဆန္ဒပြပွဲကြီး ပေါ်ပေါက်လာခဲ့သည်။ ဝန်ကြီးချုပ် အသစ် ဖြစ်လာသူ အိပ်ခ်ျ အိပ်ခ်ျ အက်စ်ကွစ် မှ အမျိုးသားများ အတွက် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပြီး ပါလီမန် အနေဖြငိ့ မကြာသေးမီက တင်သွင်းလာသော အမျိုးသမီးများ မဲပေးခွင့် ဥပဒေကြမ်းကို ဆွေးနွေးရန် မရှိသေးဟု ကျေညာလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။

 

ဗြိတိန် နိုင်ငံ တဝှမ်းရှိ လူပေါင်း ၂၅၀,၀၀၀ ခန့် လန်ဒန် မြို့တော်ကြီးရှိ ဟိုက်ပတ် ပန်းခြံသို့ စုရုံးရောက်ရှိလာခဲ့ကြပြီး "အမျိုးသမီးများ၏ တနင်္ဂနွေ ဆန္ဒပြပွဲကြီး" တွင် ပါဝင်လာခဲ့ကြသည်။

 

ထိုဆန္ဒပြပွဲကြီးသည် ထိုစဉ်က ဗြိတိန် သမိုင်းတွင် တခါဖူးမျှ မကြုံခဲ့ဖူးသည့် လူထု အစည်းအဝေးပွဲကြီး ဖြစ်သွားခဲ့ရသည်။ သို့သော် ဝန်ကြီးချုပ် အက်စ်ကွစ်သည် အလျော့မပေးပဲ ဆက်၍ တင်းခံနေခဲ့သည်။ ထို့အတွက် ဆားဖရစ်ခ်ျ အမျိုးသမီးများ နှင့် ထောက်ခံသူများသည် ပြတင်းပေါက်များ အား အုတ်ခဲများ နှင့် ထုခြင်း၊ လက်များကို ခြံစည်းရိုး သံတိုင်များနှင့် တွဲကာ သံကြိုးများ နှင့် ခတ်ခြင်း၊ စုဝေး ရောက်လာကြသူများကို ရဲများ လူစု မခွဲမီ ရဲရဲတောက် မိန့်ခွန်းများ ပြောခြင်း တို့ ပြုလုပ်လာကြသည်။