ကြိုက်ဝာာမေး ဖြေမည့် ChatGPT

by Hla Soewai - Feb 23 2023

ChatGPT သည် ကယ်လီဖိုးနီယား ရှိ OpenAI ဟု အမည်ပေးထားသည့် တက်သစ်စ ကုမ္ပဏီလေးမှ  

ညဏ်ရည်တု Artificial intelligence နည်းပညာ ကို အသုံးချ၍ ၂၀၂၂ နိုဝင်ဘာလ တွင် ဈေးကွက် အတွင်းသို့ ဝင်ရောက်လာသော App တခု ဖြစ်သည်။

 

ချက်ဘော့ဟု ခေါ်သော app သည် Ask me anything ဆိုကာ မေးသမျှ မေးခွန်းတိုင်းကို လူတဦးက ဒိုင်ခံ ဖြေပေးသလို ဖြေနိုင်စွမ်း ရှိနေသည်။ ကဗျာကို ပင် စပ်ဆိုနိုင်ယုံ မက ကွန်ပြူတာ ကုဒ်များကိုပင် ရေးနိုင်စွမ်း ရှိနေ၍ အထူး လူပြောများလာပြီး

လစဉ် ပုံမှန် အသုံးပြုသူ သန်း ၁၀၀ ခန့် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

 

ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် မိုက်ကရိုဆော့ဖ် မှ ၎င်း၏ search engine ဖြစ်သော Bing တွင် OpenAI တွင် ပါတနာ လုပ်၍ ChatGPT ကို ထည့်သွင်းတော့မည်ဟု ကျေညာရသည် အထိ ဖြစ်လာခဲ့သည်။ ထိုမတိုင်မီ တရက်က 

ဂူဂဲလ် ၏ မိခင် ကုမ္ပဏီ ကြီး ဖြစ်သော Alphabet မှ ၎င်းတို့ ကိုယ်ပိုင် AI ချက်ဘော့ ဖြစ်သော Bard ကို မကြာမီ အသုံးပြုတော့မည်ဟု ‌ထုတ်ဖေါ်ပြောဆိုလာခဲ့ပြန်သည်။ တရုတ်၏ search engine ဖြစ်သော Baidu ကလည်း အလားတူ ပြုလုပ်တော့မည် ဟု ဆိုသည်။

 

ချက်ဘော့သည် သမာယိုးကျ အွန်လိုင်း ရှာဖွေ မှု ပုံစံ မှ လမ်းခွဲထွက်လာခဲ့သည်။ ဂူဂဲလ် နှင့် ဘင်း တို့သည် ရှာဖွေလိုသူ၏ တောင်းဆိုချက်ကို အင်တာနက် တခွင် ပြဲပြဲစင်အောင် ရှာဖွေ စုဆောင်းပြီး အနီးစပ်ဆုံး link များကို ချပြခဲ့သည်ချည်းပင် ဖြစ်သည်။

 

သို့သော် AI ချက်ဘော့သည် အင်တာနက် အစိတ်အပိုင်း တော်တော်များများ နှင့် လေ့ကျင်ပေးထားပြီး ဖြစ်သော အယ်ဂိုရီသမ် အား ဘာသာစကား ပုံစံ သုံးပြီး ချပြလာခြင်းပင် ဖြစ်သည်။ အင်တာနက် ထဲရှိ ဘီလီယံ နဲ့ ချီပြီး ရှိနေသော ဝါကျများကို ဖတ်ရှုထားမှု အပေါ် အခြေခံပြီး မေးမြန်းသူရဲ့ နောက်ဆက်တွဲ ထွက်လာမယ့် အကြောင်းအရာ ကို ခန့်မှန်းပြီး ဂူဂဲလ် ကဲ့သို့ link များ တသီတတန်းကြီး ပေးမနေတော့ပဲ မေးသူ သိလိုသည်ကို ကျွမ်းကျင်စွာ တန်းပြီး အဖြေထုတ်ပေးထားခြင်း ဖြစ်သည်။

 

ဥပမာ အားဖြင့် ဟာဝိုင်အီ သို့ သွားမည့် တိုးရစ် တဦးသည် ကမ်းခြေ နှင့်လည်း နီးရမည်၊ ရှောပင်း စင်တာများသို့လည်း လမ်းလျှောက်သွား၍ ရမည့် အကွာအဝေး တွင် ရှိရမည်၊ သူ၏ ခွေးကိုလည်း ခေါ်ခွင့်ပေးမည့် ဟိုတယ်တခု ကို ရှာ‌ ဖွေ ချင်သည်ဆိုက ထိုသို့သော နေရာမျိုး ရှာ‌တွေ့ရန် ဂူဂဲလ် က ချပြသော ဒါဇင်ပေါင်းများစွာ ရှိမည့် ဝက်ဆိုဒ်များကို မွှေနှောက်ကာ ရှာရတော့မည် ဖြစ်သည်။

 

ချက်ဘော့က‌တော့ သူလိုချင်သည်များ နှင့် အနီးစပ်ဆုံး နေရာကို တန်း၍ ညွှန်ပြ ပေးမည် ဖြစ်သည်။ ပုံပါ မေးခွန်း နမူနာကို ဆောင်းပါးမှ ယူပြီး မိမိမှ စမ်းသပ်မေးထားခြင်း ဖြစ်သည်၊ ချက်ဘော့မှ Aqua Kauai Beach Resort ဟု ချက်ခြင်း ပြန်ဖြေယုံမက မည်သည့် အချက်များနှင့် ပြည့်စုံကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားသည်ကို တွေ့ရမည် ဖြစ်သည်။

 

ကျောင်းသားများလည်း သူတို့၏ သင်ခန်းစာများ၊ ပရိုဂျက်များ အတွက် မသိသည်များကို မေးရန်၊ တခါတရံ ဆရာများကို လိမ်ညာရန် ချက်ဘော့ကို တိုး၍ တိုး၍ အသုံးပြု လာနေကြပြီ ဖြစ်သည်။ 

ဆော့ဖ်ဝဲယား အင်ဂျင်နီယာများပင် သူတို့ အခက်အခဲဖြစ်နေသည့် ကုဒ်များကိုပင် မေးလာကြပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ရောဂါ ရှာ‌ဖွေ ဆန်းစစ်ပေးမည့် app များ ထွက်ပေါ်လာတော့မည်မှာ သံသယ ဖြစ်စရာပင် မလိုပေ။

 

ဂူဂဲလ် သည် search engine လောကတွင် ဆရာကြီး တဆူ အဖြစ် တောက်လျှောက် မင်းမူလာနေမှု အား ပထမဆုံးအကြိမ် အဖြစ် ခြိမ်းချောက်ခံလာရပြီ ဖြစ်သည်။ ရှာဖွေလိုသူများ၏ ၉၃ ရာနှုန်းသည် ဂူဂဲလ် ကိုသာ အသုံးပြုနေကြသည်။

 

တခု သတိထားဖို့ ရှိနေသည်က မိမိ မေးသည် မေးခွန်းအား နားမလည် ဖြစ်သွားမည်ဆိုက ချက်ဘော့မှ ထင်ယောင်ထင်မှား အဖြေများ ဆွဲထုတ်လာနိုင်ခြင်းပင် ဖြစ်သည်။

 

AI Chabot အတွက် အားနည်းချက် ဖြစ်နေရသည်က ဂူဂဲလ် ကဲ့သို့ ကြော်ငြာထည့်သွင်း၍ မရခြင်းပင် ဖြစ်သည်။ မိုက်ကရိုဆော့ဖ် မှ ကြော်ငြာထည့်နိုင်ရန် နည်းလမ်း ရှာကြံသွားမည်ဟု ဆိုသည်။ သို့သော် ထိုသို့ သုတေသန လုပ် ရှာကြံဖို့က search engine ကြောင့် ရနေသော အမြတ်‌ ငွေများထဲမှ ထုတ်နှုတ် သုံးစွဲရတော့မည် ဖြစ်သည်။

 

ချက်ဘော့သည် ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်သေးသော်လည်း လူများအား လက်ရှိ အင်တာနက် နှင့် ဆက်ဆံ သတင်းယူနေပုံကို အသွင်ပြောင်းပေးတော့မည် ဖြစ်သည်။

 

ဘီလ် ဂိတ်ကတော့ ချက်ဘော့သည် ကွန်ပြူတာ နှင့် အင်တာနက် ကဲ့သို့ ပင် အရေးပါလာတော့မည်ဟု ပြောလာခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၃ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ တွင် ပါရှိသည့် အီကော်နော်မစ် မဂ္ဂဇင်း၏ "How AI Chatbots could change online search" ဆောင်းပါး အား ကိုးကားသည်)