အရေခွံ လဲရတော့မည့် အာရှ ကျား ကြီး များ (အပိုင်း ၃)

by Hla Soewai - Dec 25 2019

A sea change

စင်္ကာပူကို အခြေပြု လှုပ်ရှားလာခဲ့သော စစ်ဆင်ရေးလည်း ဖြစ်သဖြင့် စိတ်ပျက်ဖွယ်ကောင်းမည့် သွေးထွက် သံယိုမှုများ ဖြစ်လာဖွယ် မရှိပေ၊ လွန်ခဲ့သည့်လ အတွင်း ဂျက် နှင့် လူ ၄၉ ဦးသည် သယ်ယူပို့ဆောင်ရေး လေယာဉ် တစီး ပေါ် မှ ကျွန်းတကျွန်း ပေါ်သို့ လေထီး နှင့် ခုန်ဆင်းခဲ့ကြသည်။ သူတို့ ထမ်းဆောင်ရမည့် တာဝန်က ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်၊ သတ်မလား အသတ်ခံမလား ထဲက တခုပဲ ရွေးချယ်စရာ ရှိသည်၊ ဂျက်က လက်ပြစ်ဗုံး ကို ဆွဲထုတ်လိုက်ပြီး လူသူ စွန့်ပြစ်ထားသည့် စက်ရုံဟောင်းကြီး တခုဆီသို့ ကုန်းကုန်း ကုန်းကုန်း နှင့် ချည်းကပ်လာခဲ့သည်၊ သူ့အား မည်သူမျှ မမြင်နိူင်လောက်ဟု ဂျက် စိတ်ထဲ တွေးနေမိပြန်သည်။ သို့သော် ဂျက် ထင်သလို ဖြစ်မလာခဲ့၊ ကျည်ဆံများက သူ့ဆီ မိုးသီးမိုးပေါက်များပမာ အဆက်မပြတ် ကျရောက်လာသည်၊ ထို့နောက် ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပေတော့သည်၊ ဂျက်သည် ဒီတကြိမ်လည်း Level one အဆင့်ကို မကျော်နိုင်ခဲ့ပြန်ပေ။

 

ဤသည်က လက်ရှိတွင် ဒေါင်းလုပ် အများဆုံး ရရှိနေသည့် Free Fire ဆိုသည့် လက်ကိုင်ဖုန်း များ အတွက် ဂိမ်း တခုပင် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တခုက စင်္ကာပူတွင် တည်ထောင်ခဲ့သည့် Sea Group အင်တာနက် ကုမွဏီ တခုမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကုမ္ပဏီ၏ တန်ကြေးသည် ဒေါ်လာ ၁၇ ဘီလီယံ ရှိနေပြီ ဖြစ်သည်။ နာမည်ကြီးလာသည်နှင့် အမျှ ကုမ္ပဏီသည် နောက်ထပ် ခြေလှမ်းအဖြစ် Shoppe ဆိုသည့် e-commerce app တခု တီထွင်လိုက်ပြန်သည်၊ ယင်းသည် အရှေ့တောင်အာရှ တခွင်တွင် အမေဇုံထက်ပင် ထင်ရှား လူသိများလာခဲ့ပြန်သည်၊ အဆိုပါ အောင်မြင်မှုများသည် ကျား တို့၏ စီးပွားရေး ကို ပြောင်းလဲလာစေခဲ့သည့် အရေးပါသော အရွေ့တခုလည်း ဖြစ်သည်။

 

ထိုကဲ့သို့ တဟုန်ထိုး တိုးတက်လာနေသော နှစ်များ အတွင်း အကြီးစား ကုမ္ပဏီ အများအပြားသည် အစိုးရ မှ ချမှတ်ပေးထားခဲ့သော မူဝါဒ များ ထက်ပင် ကျော်လွန် တိုးတက်လာခဲ့သည်၊ တောင်ကိုရီယားရှိ chabol များသည် အစိုးရမှ အတိုးနှုန်း သက်သက်သာသာ ဖြင့် ထုတ်ချေးငွေများ အပြင် အခွန် သက်သာခွင့်လည်း ရရှိခံစားခဲ့ကြသည်၊ တိုင်ဝမ်ရှိ ဆီမီးကွန်ဒပ်တာ ဂုရု ကုမ္ပဏီကြီးများ အောင်မြင်ခဲ့ရသည်မှာလည်း အစိုးရ သုတေသန အဖွဲ့အစည်းများ၏ စွမ်းဆောင်နိူင်မှုမှ ထွက်ပေါ်လာသော ဘေးထွက် ရလဒ် များ ကြောင့်ပင် ဖြစ်သည်။ ဟောင်ကောင်ရှိ သူဌေးကြီးများသည် အစိုးရ အရာရှိကြီးများနှင့် ပလဲနံပတ် သင့်အောင်နေကြပြီး မြေယာ ပေါ်လီစီ များမှ အကျိုးအမြတ် များ ရရှိခဲ့ကြသည်။ စင်္ကာပူရှိ အကြီးဆုံး ကုမ္ပဏီများသည် နောက်ဆုံး အမှန်တကယ် ပိုင်ဆိုင်ခဲ့သူများက အစိုးရ ပင် ဖြစ်သည်။

 

Sea သည် အခြားသော အရာများကို ကိုယ်စားပြုလာခဲ့ကြပြန်သည်၊ ၎င်း၏အောင်မြင်မှုများသည်ကား အစိုးရ၏ ချမှတ်ထားသော မူဝါဒများနှင့် အနည်းငယ်သာ ဆက်စပ်မှု ရှိခဲ့သည်၊ စင်္ကာပူရှိ စီးပွားရေး အခြေခံများကို ချမှတ်ရေးဆွဲခဲ့ကြသည့် နည်းပညာရှင်များသည် ထိုစဉ်က အထက်တွင် တင်ပြခဲ့သည့် လူအများ ပါဝင် ကစားခွင့်ရှိသည့် ဂိမ်းမျိုး ကို တခါဖူးမျှပင် ခေါင်းထဲထည့်သွင်း စဉ်းစားခဲ့ကြမည်လည်း မဟုတ်ပေ၊ စဉ်းစားမည် ဆိုစေဦး လီကွမ်းယုက သဘောကျမည် မဟုတ်သည်ကား ကြိမ်းသေသည်၊ ယနေအဖို့တော့ အစိုးရ အရာရှိများ က ၎င်းတို့ကို ကျေးဇူးပင် တင်နေရပေတော့သည်။

 

ကျား တို့ ဦးမော့လာခဲ့ခြင်းသည် စက်မှုလုပ်ငန်းပိုင်း ဆိုင်ရာ မူဝါဒ များက လွန်စွာ အရေးပါသော နေရာမှ ပါဝင်လာခဲ့သည်၊ နဂိုကတည်းက အဆိုပါ မူဝါဒများ၏ ထိရောက်မှု အပေါ် သံသယ ရှိနေခဲ့သည့် နိူင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီးပင်လျင် ကျားလေးကောင် အစိုးရများ၏ ဦးဆောင် ဦီးရွက် ပြုခဲ့သော ပုံစံများ အောင်မြင်လာခဲ့မှုများကို စာတတန် ပေတဖွဲ့ ပြုစုကာ ရေးသား ထုတ်ပြန်လာခဲ့ရသည်။ သို့သော် ဖွံ့ဖြိုးတိုးတက်နေဆဲ နိူင်ငံတခု၏ လုပ်ရပ်များသည် ချမ်းသာသောနိူင်ငံများကို မရှိမဖြစ် အထောက်အကူ ပြုခဲ့သည်လော၊ ၁၉၇၀ ကျော် နှစ်များ အတွင်းက ကျားများသည် အခြားသော နိူင်ငံများမှ ပုံတူ ကူးယူလာခဲ့ကြသည်။ တောင်ကိုရီယားသည် ဂျပန်၏ အကြီးစား စက်မှုလုပ်ငန်းများကို အကြီးအကျယ် အာရုံစိုက်ခဲ့ကြသည်၊ နောက်ဆုံးပေါ် နည်းပညာများအား တိုင်ဝမ်ရှိ ဆီမီးကွန်ဒပ်တာ သမားများကဲ့သို့ပင် လိုင်စင် ခံခဲ့ကြသည်။ ထို့အပြင် ဂျပန်ရှိ သုတေသီများကိုပင် သိမ်းသွင်းခဲ့ကြသည်။

 

ယခုအခါ ရင်ဆိုင်လာရသော စိမ်ခေါ်မှုများက တမျိုးတဘာသာ ကွဲပြားလာခဲ့သည်၊ အစိုးရ အရာရှိများနှင့် စွန့်ဦးတီထွင်လိုသူများသည် အနာဂါတ်ကို မျှော်ကြည့်လာသည့် အခါတိုင်း မှုန်မှုန်ဝါးဝါးသာ မျက်စိထဲ မြင်လာခဲ့ကြသည်။ အသိလိမ္မာ အတုအယောင်များ၊ အစဉ်အလာ ကွန်ပြူတာ မှ ခွဲထွက်လာသော ကွမ်တန် နည်းပညာ အသုံးချ ကွန်ပြူတာများ တီထွင်နိူင်မည့် အမျိုးသား မဟာဗျုဟာများ ချမှတ်လာခြင်းသည် လိမ္မာပါးနပ်မှု ရှိသယောင် ထင်ရသည်၊ သို့သော် ပြဿနာကား မည်သို့မည်ပုံ တီထွင်ကြမည်နည်း။ အဆိုပါ နည်းပညာများက ယခုထိ ဖန်တီးနိူင်ခြင်း မရှိသေးသဖြင့် အဘယ်သို့ ပုံတူကူးယူ၍ ရနိူင်ပေမည်နည်း။ အစစ်အမှန် ဖြစ်လာမည့် တီထွင်ဖန်တီးမှုများက လည်း ကြိုတင် မြင်နိူင်ဖို့က ခက်ခဲနေရသည်၊ ထို့အတွက်ကြောင့်လည်း ဂိမ်းများ တီထွင်ဖန်တီးနိူင်မှုသည် သာ ကုမ္ပဏီများ အတွက် ရှေ့ဆက်လုပ်ဖို့ မှန်ကန်သည့် အနေအထားများ ဖြစ်လာရသည်။ သို့မှသာ နည်းပညာပိုင်းတွင် ခုန်ပျံကျော်လွှား ထွက်ပေါ်လာမှုများ ပေါ်ထွန်းလာသည်နှင့် တဆင့်တက်ကာ အချိန်မီ ဖမ်းဆုပ်လာနိူင်မည်လည်း ဖြစ်သည်။

 

လက်ရှိတွင် ကျားတို့၏ အစီအစဉ်များသည် တခါတရံ ပုံစံဟောင်း စက်မှု လုပ်ငန်း မူဝါဒ ပုံစံခွက်ထဲတွင် စီးမျောနေသယောင် ရှိနေရသည်၊ တိုင်ဝမ် သမ္မတ တိုင် ဆင် ဝင်း တွင် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ရည်ရွယ်သည့် စွမ်းအင်များ အသုံးချရေး နှင့် စမတ် နည်းပညာ များ အကောင်အထည်ဖေါ်မည့် ကဏ္ကများ ကို ဦးစားပေးမည့် “5+2 Innovative Industries Plan” များ ရှိနေခဲ့သည်။ စင်္ကာပူ တွင် စက်မှုလုပ်ငန်းများ အသွင်ပြောင်းလဲရေး လမ်းပြမြေပုံပေါင်း ၂၃ ခု ချမှတ်ထားသည်။ ထိုအထဲတွင် စားသောက်ကုန် ထုတ်လုပ်ရေး မှ သည် လေကြောင်း အာကာသ လုပ်ငန်းများ အထိ ပါဝင်လာခဲ့သည်။ တောင်ကိုရီယားသည် အသိလိမ္မာ အတုအယောင်များ မှ သည် မောင်းသူမဲ့ ယာဉ်များ အပါအဝင် ပေါ်ထွန်းလာမည့် စက်မှု လုပ်ငန်းကြီး ရှစ်ခု တွင် ဒေါ်လာ ၂၅ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

 

သို့သော် အနည်းငယ် သတိထားပြီး ကြည့်မည်ဆိုက ယခင်ကာလများက စီမံခဲ့မှုများနှင့် ကွဲပြားလာသည်ကို တွေ့ရမည် ဖြစ်ပေသည်၊ ယခင်ကကဲ့သို့ အပေါ်မှ ကျလာသည့် စီမံမှုမျိုး မဟုတ်တော့ပဲ ကုမ္ပဏီများ ၊ ကျွမ်းကျင်သူ များ နှင့် အသေအချာ ညှိနှိုင်းဆွေးနွေးပြီးမှ ချမှတ်လာခဲ့ခြင်းမျိုး ဖြစ်သည်။ အဆိုပါ စီမံချက်များတွင် ဒီကဏ္က ဟိုကဏ္ကများ အတွက် အစိုးရမှ ငွေကြေး စိုက်ထုတ် ထောက်ပံ့ပေးရချင်းမျိုး မဟုတ်ပဲ မည်သို့မည်ပုံ ထုနှင့်ထည်နှင့် ဖြစ်အောင် အကောင်အထည်ဖေါ်သွားရမည် ဆိုချင်းမျိုးပင် ဖြစ်သည်။ “စီမံကိန်းတခု အကောင်အထည် ဖေါ်ရသည့် လုပ်ငန်းစဉ် သည် အပြီးသတ် ထွက်ပေါ်လာမည့် ရလဒ်ကဲ့သို့ပင် အရေးပါလှသည်” ဟု စင်္ကာပူ ကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဂေဘရီရယ် လင်းက ပြောပြခဲ့သည်။

 

အချို့သော ဝိသေသ လက္ခဏာများက သိသာထင်ရှားနေသည်။ ဆိပ်ကမ်း များ မှ သည် အင်တာနက်အထိ အခြေခံ အဆောက်အအုံများ ကောင်းမွန်ရေး၊ ကုန်သွယ်ရေးကို ဖွင့်လှစ်ပေးထားခြင်း၊ ပညာအဆင့်အတန်း မြင့်မားသည့် အလုပ်သမား များ ဖြစ်ပေါ်လာရေး နှင့် သုတေသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ငွေကြေး စိုက်ထုတ် သုံးစွဲချင်းများ ပါဝင်သည်။ သို့သော် ကျားများတွင်လည်း တီထွင် ဖန်တီးနိူင်စွမ်း ကို တိုးမြှင့်ရန် နည်းလမ်း အသစ်အဆန်းများလည်း ရှိနေသည်။

 

ကမ္ဘာပေါ်တွင် တိုင်ဝမ်သည် အသေးစား နှင့် အလယ်အလတ် လုပ်ငန်းများကို ငွေထုတ်ချေးရန် တွန်းအားပေးသည့် တက်ကြွသော မူ ဘောင် များ အရှိဆုံး နိူင်ငံ ဖြစ်နေသည်။ အဆိုပါ လုပ်ငန်း ပိုင်ရှင်များ အဖို့ကား အိုင်ဒီယာများ ရှိနေပြီးဖြစ်သော်လည်း အကောင်အထည်ဖေါ်နိူင်မည့် အရင်းအမြစ်များက မဖြစ်စလောက်သာ ပိုင်ဆိုင်ထားကြသည်၊ ထိုသို့ သော အနေအထားများကို ပြေလည်ရန် တိုင်ဝမ် လုပ်လာသည်က အဆိုပါ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်နိူင်မှု အတိုင်းအတာ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းပြီး ချေးငွေ အာမခံ နိူင်မည့် အဆင့်အတန်း အမျိုးမျိုး သတ်မှတ်ကာ ဘဏ်များသို့ ပြန်လည် ပေးပို့သည့် စနစ်ကို အစိုးရမှ ဦးစီး ဦးဆောင် ပြုလာခဲ့ခြင်းပင် ဖြစ်သည်၊ ထို့အတွက် ဘဏ်များသည် ငွေထုတ်ချေးဖို့ ယုံကြည်မှုများ ရှိလာခဲ့သည်၊ မိမိတို့၏ စနစ်ကို ပြောပြသည့် အခါတိုင်း အခြားနိူင်ငံများရှိ ဘဏ်လုပ်ငန်းရှင်များ သားရေတမြားမြားနှင့် ဖြစ်ခဲ့ကြသည်ချည်းဟု တိုင်ဝမ်ရှိ အကြီးဆုံး ဘဏ္ကာရေး အုပ်စု ဖြစ်သည့် Cathay Financial Holdings ၏ အကြီးအကဲ လီ ချန် ကင်း က ဆိုသည်။ အသေးစား လုပ်ငန်းများအတွက် ထုတ်ချေးငွေများသည် ဘဏ်များ၏ ပုဂ္ဂလိက လုပ်ငန်းများ အတွက် စုစုပေါင်း ထုတ်ချေးငွေ ပမာဏ၏ ၆၄% ရှိလာခဲ့သည်၊ ၂၀၀၅ ခုနှစ်ကထက် စာလျင် ၄၁% မြင့်တက်လာခဲ့သည်၊ စင်္ကာပူသည်လည်း အသေးစား လုပ်ငန်းရှင်များ ဝင်ရောက် စမ်းသပ်နိူင်ရန် ရည်ရွယ်ပြီး နောက်ဆုံးပေါ် နည်းပညာ များ ပါသည့် သုံးဖက်မြင် ပုံနှိပ်လုပ်ငန်း နှင့် စက်ရုပ် အသုံးချ စက်ပစ္စည်းများ ထည့်သွင်းထားသည့် သရုပ်ပြ စက်ရုံကြီး တခု တီထွင်ပေးခဲ့သည်။ ဟောင်ကောင်တွင်လည်း အလားတူ ပြုလုပ်ပေးထားပြန်သည်၊ ထို့အတွက် စွန်ဦးတီထွင်သူ တဦးသည် သူ့တွင် ရှိနေသော ထူးချွန်ပြောင်မြောက်သည့် အတွေးအခေါ် များ ကို စမ်းသပ်ဖို့ ငွေအရင်းအနှီး အရင် စိုက်ထုတ်စရာ မလိုတော့ပဲ အဆိုပါ သရုပ်ပြ စက်ရုံကြီးကို အသုံးချ ၍ အကောင်အထည် ဖေါ်ကြည့်နိူင်ပေသည်။

 

သို့သော်ငြားလည်း ကျားတို့သည် သူတို့ အတိုင်းအတာ မည်မျှအထိ ပဲ ရှိသည်ဆိုသည်အားလည်း သိထားကြပြန်သည်၊ ယခုအခါ အရေးပါသော ဆုံးဖြတ်ချက်ကြီးများကို ကုမ္ပဏီများ၏ ဘုတ်အဖွဲ့ ခမ်းမများတွင်သာ ချမှတ်လေ့ရှိသည်၊ ဆမ်ဆောင်မှ ခေါက်၍ ရသော စကရင်များ ထုတ်လုပ်ရန် အားထုတ်လာခြင်း၊ တိုင်ဝမ် ဆီမီကွန်ဒပ်တာ ထုတ်လုပ်ရေး ကုမ္ပဏီ TSMC မှ စွမ်းဆောင်ရည်များ မြှင့်တင်ရန် အကြီးအကျယ် ရင်းနှီးမြုပ်နှံလာနိူင်ရေး၊ စင်္ကာပူ ရှိ Sea Group ကဲ့သို့ လုပ်ငန်းအသစ်များ စတင်လာသည့် ကုမ္ပဏီများ များများ ပေါ်ထွန်းလာရေး၊ ဟောင်ကောင် စတော့ အိပ်ချိန်းအား အာရှတွင် အဓိက ကျသည့် ဘဏ္ကာရေး ဈေးကွက်တခု အဖြစ် ဆက်လက်ရှိနေရေး အစရှိသည်တို့အတွက် စီးပွားရေး နည်းပညာရှင်များက နောက်ကွယ်မှ ဦးဆောင်မှု ပေးလာကြသည်။

 

ကျားများသည် နည်းပညာ ပိုင်းတွင် ၎င်းတို့ အဖို့ မိုင်ကုန် မရောက်နိူင်သေးဟု ယူဆထားသည့် စီးပွားရေး လုပ်ငန်း အစိတ်အပိုင်းများအား ဦးစားပေး အဖြစ် စတင်လုပ်ကိုင်လာကြသည်၊ စက်မှု ကုန်ထုတ်လုပ်ငန်းပိုင်းတွင် ကျွမ်းကျင်ပြီးသား ဖြစ်နေသော်လည်း သူတို့၏ ဝန်ဆောင်မှု ပေးသည့် အပိုင်းများ၏ ထုတ်လုပ်နိူင်စွမ်းသည် အမေရိကား၏ တဝက်ကျော်ကျော် လေးသာ ရှိနေပေသည်၊ ဈေးကွက် အတိုင်းအတာ သေးငယ်နေခြင်းကလည်း တစိတ်တပိုင်း အဖြစ် ပါဝင်နေသည်၊ လူဦးရေ အားဖြင့် ခြောက်သန်း မျှသာ ရှိသည့် နိူင်ငံငယ် ကလေးတွင် retail chain ခေါ် စတိုးဆိုင်ကြီး တခုမှ ဆိုင်ခွဲများ အနှံ့အပြား မည်မျှပင် ဖွင့်လှစ်ထားသော်ငြားလည်း လူဦးရေ ၁.၃ သန်း ရှိသော ဈေးကွက်ကြီးနှင့် အဘယ်သို့ ယှဉ် ၍ ရနိူင်ပေမည်နည်း၊ နောက်တကြောင်းကလည်း ကိုယ်အတတ် ကိုယ်စူးခြင်းကြောင့်ဟု ပြော၍ ရပေသည်၊ တောင်ကိုရီယားသည် ၎င်း၏ ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ကွန်ယက်သဖွယ် ဆက်စပ်နေသည့် စက်မှုလုပ်ငန်းများ အပေါ် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာ ချမှတ်ထားခြင်းမျိုး ဖြစ်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းပိုင်းတွင် အိုအီးဒီစီ နိုင်ငံများထဲ၌ ဘဲလ်ဂျီယံ မှ လွဲလျင် အတင်းကျပ်ဆုံး ဖြစ်နေသည်။

 

သူတို့ထဲတွင် စင်္ကာပူသည် စားသောက်ဆိုင်များမှသည် ဆောက်လုပ်ရေး လုပ်ငန်းများအထိ ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုး ပုံပေါ်လာအောင် ဖန်တီးရာတွင် အရဲရင့်ဆုံး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်၊ ကုန်ထုတ်လုပ်မှု စံချိန်စံနှုန်းများ တိုင်းတာ ရာတွင် စံချိန်စံနှုန်းများကို အဆင်ပြေအောင် ပြန်လည် ထိမ်းညှိပေးခဲ့သည်၊ ဥပမာ အားဖြင့် ဆောက်လုပ်ရေး အလုပ်သမား တယောက် နေ့စဉ် ပြီးစီးနိုင်သည့် ကြမ်းခင်း ဧရိယာ ပမာဏ လိုမျိုး ဖြစ်သည်၊ အလားအလာ ရှိသော ကုမ္ပဏီများကို ရွေးထုတ်ပြီး အကူအညီ များ ပေးခဲ့သည်၊ သူတို့အတွက် စီးပွားရေး တိုးချဲ့နိူင်မည့် ပလန်များ အပြင် ပြည်ပသို့ ခြေလှမ်းနိူင်ရေးအတွက်ပါ လမ်းညွှန်ပေးလာခဲ့ကြသည်။ စင်္ကာပူ ငွေကြေး ရံပုံငွေ အဖွဲ့၏ စီးပွားရေး ပညာရှင်များ၏ အကြီးအကဲ ဖြစ်သူ အက်ဒွပ် ရောဘင်ဆန် မှ အာရှရှိ ချမ်းသာသော နိူင်ငံများသည် ဝန်ဆောင်မှု လုပ်ငန်းပိုင်းတွင် ခေတ်မီ လာအောင် ပြုလုပ်ပေးချင်းဖြင့် အကျိုးရှိလာနိူင်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်၊ အကယ်၍ လူများစွာ အား အဆင့်မြင့်နည်းပညာများ ဖြင့် ယဉ်ပါးအောင် အကျအန လေ့ကျင့်ပေးထားမည်ဆိုက ဒီဂျစ်တယ် ပိုင်းဆိုင်ရာ စက်ပစ္စည်း ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်လာနိူင်ပြီး လူထု ကို စွမ်းဆောင်ရည် ပိုမို ပြည့်ဝစွာဖြင့် အကျိုးပြုလာနိူင်သည်ဟု ဆိုသည်။

 

(စင်္ကာပူရှိ ဒူရင်းသီး အဆောက်အအုံ နှင့် မိုးပျံ တက္ကဆီ အား ပုံတွင် တွေ့နိူင်သည်)

 

ဆိုးလ်မြို့တော်မှ ၃၅ ကီလိုမီတာ အကွာတွင်ရှိသည့် ဟာဆွမ် တွင် အသစ် တည်ဆောက်ထားသည့် ရွာတရွာ ရှိနေသည်၊ ထိုရွာတွင် အခြားမြို့ကြီးများ မနာလို စရာ ကောင်းလောက်အောင် 5G speed များ ရရှိနေပြန်သည်၊ ထို့အပြင် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များဖြစ်သော စာသင်ကျောင်းများ၊ ကားရေဆေး လုပ်ငန်းများ၊ ကြက်ခြေထောက်များ ကအစ ရနိူင်သည့် စားသောက်ဆိုင်ကြီးများ အစုံအလင် ရှိနေပြန်သည်၊ သို့သော် ထိုအဆောက်အဦးများ အားလုံးသည် အတု ဖန်တီးပေးထားခြင်း ဖြစ်သည်ကို သတိချပ်ရန်တော့ လိုပေသည်၊ အဆိုပါ မြို့တု တခု အား ကိုရီယား မော်တော်ယာဉ် စမ်းသပ်ရေး နှင့် သုတေသန အသင်းကြီးမှ တည်ဆောက် ပေးထားခြင်း သာ ဖြစ်သည်၊ အဆိုပါ မြို့အတုတွင် Kia မှ ထုတ်လုပ်မည့် မောင်းသူမဲ့ ယာဉ်များ စမ်းသပ်မောင်းနှင်နိူင်ရန် ဖြစ်သည်၊ ထိုကားများက နေ့လည်ခင်းတခုတွင် မြို့တပတ် အကွေ့အကောက်များကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့ပြီးလည်း ဖြစ်သည်၊ အမြန်နှုန်းသည်လည်း တနာရီ ၇၀ ကီလိုမီတာ ဖြင့် မောင်းနှင်နိူင်ခဲ့သည်ဟု ဆိုသည်၊ ထို့အပြင် ကွန်ပြူတာ အမြင်ကို ထိခိုက် ရှုပ်ထွေးစေမည့် နေရောင်ပြင်းပြင်း အထိုးခံရခြင်း နှင့် လမ်းဘေး ဆိုင်းဘုတ်များ ကိုလည်း အောင်မြင်စွာ ကျော်လွှားနိူင်ခဲ့ပြန်သည်၊ မောင်းသူမဲ့ ယာဉ် ပေါ်ရှိ ယာဉ်မောင်းနေရာတွင် ထိုင်၍ လိုက်ပါခဲ့ရသူများ အဖို့က စတီယာရင် သူ့ဘာသာ လှည့် ပါတ် ချိုးကွေ့နေသည်ကို ရင်ဘတ်ပေါ် လက်တင်၍သာ တချိန်လုံး ကြည့်နေခဲ့ကြရသည်။

 

တောင်ကိုရီယားတွင် မောင်းသူမဲ့ ယာဉ်များ အတွက် ချစ်ပ် များ ထုတ်လုပ်သူများနှင့် ကား ထုတ်လုပ်သူများ အသုံးချနိူင်သည့်  ကမ္ဘာတွင် အကောင်းဆုံး ဟု ဆိုရမည့် အခြေခံ အဆောက်အအုံ အချို့ ရှိနေပြီ ဖြစ်သည့်အပြင် 5G ကွန်ယက်များကလည်း တိုးတက် ဖြစ်ထွန်းလာနေသည်၊ အစိုးရကလည်း အားပေးခဲ့သည်၊ စမ်းသပ်သည့် နေရာများတွင် အောင်မြင်ခဲ့သည့် ယာဉ်များအား တကယ့် လမ်းများပေါ်တက်၍ မောင်းနှင် စမ်းသပ်နိူင်ရန် ပါမစ်များ ထုတ်ပေးလာခဲ့သည်။ သို့သော် မောင်းသူမဲ့ ယာဉ်များ အတွက် အကောင်းဆုံးပြင်ဆင်နေသည့် နိူင်ငံများ စာရင်းတွင် အဘယ်ကြောင့် အမှတ်စဉ် ၁၃ နေရာက ရှိနေရပေသနည်း။

 

အကြောင်းရင်း တခုသည်ကား အခြားသော ဆက်စပ် နည်းပညာ လုပ်ငန်းများ ဖြစ်သည် Uber ကဲ့သို့သော လုပ်ငန်းများ အပေါ် ပြတ်သားသည့် မူဝါဒ မချမှတ်နိူင်သေးသောကြောင့် ဖြစ်သည်၊ တောင်ကိုရီယားရှိ လူသိများသော Kakao Mobility ကဲ့သို့ ride-sharing app အား ဆိုးလ်မြို့ရှိ အငှားယာဉ်မောင်းများက အကြောက်အကန် ကန့်ကွက်လာနေကြသည်။ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော အငှားယာဉ်မောင်းသမား လေးဦးသည် ကိုယ့်ကိုကိုယ် မီးရှို့ပြီး ဆန္ဒပြခဲ့ကြသည်။

 

စီးပွားရေး လုပ်ငန်းရှင်များ နှင့် မူဝါဒ ချမှတ်သူများက တီထွင်ဖန်တီးမှုများအား မည်မျှပင် ကောင်းချီးပေးခဲ့စေကာမူ အားလုံး က ကျယ်ကျယ်ပြန့်ပြန့် လက်ခံ အသုံးပြု မလာမချင်း စီးပွားရေး ပိုင်းရှိ ကုန်ထုတ်လုပ်မှုများတွင် မည်သို့မျှ အရာရောက်လာမည် မဟုတ်ပြန်ပေ၊ သောမတ်စ် အက်ဒီဆင်၏ ပထမဆုံး ဓါတ်အားပေး စက်ရုံကြီး ပေါ်ပေါက်လာပြီး နှစ်ပေါင်း လေးဆယ်အကြာ ၁၉၂၀ ကျော်နှစ်များတွင်သာ ကုန်ထုတ်လုပ်သူများက လျပ်စစ်ကို အစားထိုး အသုံးပြုလာခဲ့သည်၊ ဒိုင်နမို ပါဝါ သုံး တပ်ဆင်ရေး လိုင်း များကို စက်ရုံများ အတွက် ဒီဇိုင်းထုတ် တပ်ဆင်ပေးလာခဲ့ကြသည် ဆိုသော အချက်အား စတန်းဖို့ တက္ကသိုလ်မှ ပေါလ် ဒေးဗစ်က ကာလကြာမြင့်စွာ ကတည်းက ထောက်ပြ ထားခဲ့ပြီး ဖြစ်သည်။

 

တောင်ကိုရီယားတွင် ယခုအချိန်အထိ ride-sharing app များအား လိုလိုလားလား လက်မခံနိူင် ဖြစ်နေရခြင်းသည် ကျားများတွင် အလိုအပ်ဆုံး ဖြစ်နေသည့် လူမှု ဖူလုံရေး စနစ်များ ကောင်းစွာ ရှိမထားခဲ့ခြင်းအား မီးမောင်းထိုးပြနေပေသည်၊ မောင်းသူမဲ့ ယာဉ် ကဲ့သို့ နည်းပညာ အသစ်တခု တိုးတက်လာရေး အတွက် အဓိက သော့ချက်သည် 5G ကွန်ယက်များရှိနေဖို့ မဟုတ်ပဲ နိူင်ငံသားများအတွက် ပိုမို ကောင်းမွန်သည့် ပင်စင်စနစ် တခု ရှိနေရေးပင် ဖြစ်သည်။ အဆိုပါ နည်းပညာ တိုးတက်မှုများကြောင့် နောက်ကျ ကျန်နေရစ်ခဲ့သူ များ အတွက် အမှီ တခုခု မရှိပဲနှင့် အဆိုပါ တိုးတက်မှုမျိုးကို စောစီးစွာ လက်ခံကြိုဆိုဖို့ လက်တွန့်နေကြမည်သာ ဖြစ်ပေသည်။

 

ကျားများသည် သူတို့တွင် ရှိသော အရင်းအမြစ်များကို လျင်မြန်စွာ စုစည်း အသုံးချနိူင်သူ များလည်း ဖြစ်ပေသည်။ ထိုအရင်းအမြစ်များကို ခွဲဝေ ရာတွင်လည်း ပိုမို ကောင်းမွန်စွာ ဖန်တီးနိူင်စွမ်း ရှိနေကြပြန်သည်။ သို့သော်လည်း မကြာမီက တွေ့ရှိလာခဲ့ရသော လူ့ဘောင်အဖွဲ့အစည်းအတွင်း မကျေနပ်မှုများ ရှိလာနေသည့် လက္ခဏာများကား ကျား အချို့တွင် လူထု ထောက်ခံမှု ကို ရရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်သည် ကို ပြဆိုနေပေသည်။

 

ကျားလေးကောင်ရှိ လူ့ဘောင်အဖွဲ့အစည်းများ အတွင်း မငြိမ်သက်မှုများ ဖြစ်လာနေသည်က စီးပွားရေး တွင် ကျဆင်းလာခဲ့မှုများကြောင့် မဟုတ် ဆိုသည့် အပိုင်းကို ဆက်လက် တင်ပြပါမယ်။

 

ရည်ညွန်း။   ။ ASIAN TIGERS from the Economist special report (Dec 7th 2019)