သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(110)

by Hla Soewai - Feb 27 2023

မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း (၂)

 

ယခု တင်ပြ ဆွေးနွေးသွားမည့် အကြောင်းအရာများသည် တရုတ် ပြည် တော်လှန်ရေး ၏ ရည်မှန်းချက်များ ပြည့်မြောက်ခဲ့ခြင်း မရှိရသည့် အကြောင်းရင်းများ နှင့် တော်လှန်ရေး နှင့် ယင်း၏ ဝိသေသ လက္ခဏာများသည် ကွန်မြူနစ်တို့ ဆက်လက် အုပ်ချုပ်သွားနိုင်ရန် ပရိယာယ် သက်သက်မျှသာ ‌လော ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစား သွား မည် ဖြစ်သည်။

 

အားလုံးသိရှိပြီး ဖြစ်သည့် အတိုင်း တရုတ် ကွန်မြူနစ်များသည် တော်လှန်ရေး၏ သဘောတရားများကို တစိုက်မတ်မတ် အသုံးချကာ ၎င်းတို့ ၏ နိုင်ငံရေး အာဏာ ဆုပ်ကိုင်ထားမှု တရားဝင် ဖြစ်နေစေရန် ကြိုးပမ်းခဲ့ကြသည် ချည်း ဖြစ်သည်။ ရလဒ်အဖြစ် ခေတ်သစ် တရုတ်ပြည် သမိုင်းတွင် တော်လှန်ရေး သဘောတရားသည် အခြေခံ သွင်ပြင် လက္ခဏာ များ အဖြစ် ရပ်တည်လာခဲ့ရသည်။

 

မော်စီတုန်း နှင့် ကွန်မြူနစ်များသည် အာဏာရရှိလာချိန်တွင် လုပ်စရာ ရှိသည်များက များပြားလွန်းနေသည့် အဖြစ် နှင့် ရင်ဆိုင်ခဲ့ကြရသည်။ တိုင်းပြည် ဘဏ္ဍာတိုက်ကြီးသည်လည်း ဟောင်းလောင်း ဖြစ်နေပြီး စီးပွားရေး သည် လည်း ဖရိုဖရဲ ဖြစ်နေသည်။ တိုင်ဝမ်သို့ ထွက်ပြေးသွားကြသော ချန်ကေရှိတ် နှင့် အမျိုးသားရေး ဝါဒီများသည် ၎င်းတို့သည်သာ တရုတ်ပြည်၏ တရားဝင် အစိုးရ ဖြစ်သည်ဟု ကျေညာခဲ့ကြပြီး ယင်းကို အနောက်နိုင်ငံများက သဘောတူ အသိအမှတ် ပြုလာခဲ့ကြသည်။

 

အစောပိုင်း နှစ်များ အတွင်း က အမေရိကန်မှ ဗိုလ်ချုပ်ကြီးလည်း ဖြစ် သံတမန်တဦးလည်း ဖြစ်သူ ဂျော့ချ် မာရှယ်သည် အမျိုးသားရေး ဝါဒီများ နှင့် ကွန်မြူနစ်များ အကြား ငြိမ်းချမ်းရေး ရရှိအောင် ကြားဝင် စေ့စပ်ပေးခဲ့သည်။ သူသည် တရုတ်ပြည် ဆိုင်ရာ အထူး သံတမန် အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်း ဖြစ်သည်။ သူ၏ ကြိုးပမ်းမှုများသည် တခဏတော့ အလားအလာ ကောင်း များ ထွက်ပေါ်လာနိုင်စရာ ရှိသည့် အနေအထား ရောက်လာခဲ့သည်။

 

သို့သော်လည်း နောက်ပိုင်းတွင် အာဏာကို ခွဲဝေ အုပ်ချုပ်သွားဖို့ ဆိုသည်က တရုတ်ပြည်၏ အနာဂါတ် နှင့် လားလားမျှ မပတ်သက်ဟု ယူဆခဲ့ကြသည်။ ဆိုဗီယက် ပြည်ထောင်စု ခေါင်းဆောင် ဂျိုးစက် စတာလင်၏ တိုက်တိုက်တွန်းတွန်း လုပ်လာမှုကြောင့် မော် သည် အမေရိကန်တို့ နှင့် ဝေးဝေးနေပြီး ဆိုဗီယက်ဖက်သို့ ယိမ်းရန် ဆုံးဖြတ်ခဲ့သည်။ ယင်းနှင့်အတူ တရုတ် ပြည်အရေး တွင် အမေရိကန် တို့ ဩဇာအာဏာ ကျဆင်းသွားခဲ့ရသည်။

 

ထိုနောက်တွင်တော့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျိုးစက် မက္ကာသီ မှ တစခန်းထ လာခဲ့သည်။ ၎င်းမှ မာရှယ် ၏ မစ်ရှင်သည် ရာဇဝတ်မှု မကင်းသော အရူးထမှု သက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ‌ဝေဖန် တိုက်ခိုက်လာခဲ့သည်။ သို့သော် မော် သည် ဆိုဗီယက် နှင့် ဝါဒ ရေးရာ အရ ဆွေမျိုးရင်းခြာ အဖြစ် ရပ်တည် သွားမှ ဖြစ်မည်ကို သဘောပေါက်ထားပြီး ဖြစ်သည်။

 

တရုတ်ပြည်အား ဆိုရှယ်လစ် နိုင်ငံ အဖြစ် ပုံသွင်းရန် စတင် ကြိုးပမ်းလာချိန်တွင် ပြည်တွင်းစစ် ဒဏ်ကို ကျောကော့အောင် ခံခဲ့ရသော ကျေးလက်ဒေသများ တွင် ပြာပုံ နီးပါး ဖြစ်နေသည်။ သူ သယ်ပိုးရမည့် တာဝန် ကြီးသည် လွန်စွာ ကြီးလေး လှပြီး လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ် နီးပါး ဖြစ်ပွားခဲ့သော တော်လှန်ရေးကြီး အပြီး ဘော်ရှီဗစ်တို့ ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဉ်များ နှင့် တထေရာတည်း တူညီနေသည် ကိုလည်း မော် သည် အလန့်တကြား သိရှိလာခဲ့သည်။

 

ကွန်မြူနစ် များသည် ၁၉၄၉ တွင် “ပြည်သူ ဒီမိုကရေစီ အာဏာရှင် စနစ်” ဆိုသည်ကို ထူထောင်လာခဲ့စဉ်က လူဦးရေ ၁၀ ရာ နှုန်းသည် တိုင်းပြည်တပြည်လုံး မြေစုစုပေါင်း၏ ၈၀ ရာနှုန်းကို ပိုင်ဆိုင်နေကြသည်ဟု ဆိုသည်။ (ထိုသို့ ပြောဆိုခဲ့မှု အပေါ် အတည်ပြုနိုင်သည့် စာရင်းဇယားမျိုးလည်း မရှိခဲ့ပေ။)

 

ဤသို့ဖြင့် ကွန်မြူနစ် ပါတီ ၏ မြေသိမ်းပွဲ ကြီး အရှိန်အဟုန် ဖြင့် စတင်လာခဲ့ပေတော့သည်။ သိမ်းယူရရှိသော မြေယာများကို သန်း ၃၀၀ ခန့် ရှိသော လယ်သမားများအား ဝေခြမ်းပေးခဲ့သည်။ ထိုအခါတွင် တော့ မွေးကတည်းက ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ခံခဲ့ရသည့် လယ်သမားများသည် စနစ်ဟောင်းကို ဖြိုဖျက်သည့် လုပ်ငန်းစဉ်များ တွင် ဝမ်းပမ်းတသာ ပါဝင်လာခဲ့ကြသည်။ ထိုအထဲတွင် မြေပိုင်ရှင်ဟောင်း အများအပြား အသတ်ခံခဲ့ရသည်။ ပါတီ ကိုယ်နှိုက်ကလည်း မြေပိုရှင် များ နှင့် ဘူဇွာ များအား လူတန်းစား ရန်သူများ အဖြစ် သတ်မှတ်လာခဲ့သည်။

 

တရုတ်ပြည် ထူထောင်ခဲ့စဉ် ထုတ်ပြန်သည့် စာရွက်စာတမ်းများ တွင် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်၊ စုရုံးခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်များအား “တန်ပြန် တော်လှန်ရေး အင်အားစုများ” အပေါ် နှိမ်နှင်းရန် လိုအပ်လာမှု နှင့် ထိန်းညှိဆောင်ရွက်သွားမည်ဟု ပါရှိခဲ့သည်။ တိုင်းပြည်အပေါ် သစ္စာရှိမှု ဆိုသည်ကိုလည်း ကွန်မြူနစ် ကေဒါများ၏ တော်လှန်သော အတွေးအခေါ်များကို ထောက်ခံမှု ပေးသည်နှင့် တတန်းစားတည်း ထားရှိလာခဲ့သည်။