အရေခွံ လဲရတော့မည့် အာရှ ကျား ကြီး များ (အပိုင်း ၄)

by Hla Soewai - Dec 26 2019

Tyger, tyger, burning

မျက်နှာသုတ်ပုဝါများဖြင့် ပတ်ထားသော အဝါရောင်၊ အပြာရောင် မိုလိုတော့ ကော့တေး ပုလင်းများအား ကျောပိုးအိတ်များထဲ ထည့်ကာ ယူလာြကသည်၊ ထို့နောက် ဆောက်လုပ်ရေး သမားများ၏ လက်အိတ်များ နှင့် Guy Fawkes တံဆိပ် မျက်နှာဖုံး များ ဝတ်ဆင်ထားသော ဆန္ဒပြသူများသည် လက်တန်းများပေါ်တွင် မလဲပြိုအောင် တင်လိုက်ကြသည်၊ မကြာမီမှာပင် ထရော်လီ ပေါ်တင်ကာ ထီးများဖြင့် မိုး၍ ဝှက်ယူလာသော အုတ်ခဲများ ရောက်လာကြသည်၊ ဆန္ဒပြသူများက ပျော်ရွှင်မြူးတူးစွာဖြင့် လက်နက်များကို မြေအောက်ရထား ဘူတာရုံ အထွက် လှေကားခြေရင်းတွင် ရှိနေကြသော အဓိကရုဏ်း နှိမ်နှင်းရေး ရဲများထံ ဆဲဆိုအော်ဟစ်ကာ ပြစ်ပေါက်ကြတော့သည်၊ မီးတောက် မီးလျံများ ထွက်ပေါ်လာသဖြင့် ရဲများ အဖို့ လှေကားထိပ်ရှိ လူများ အား မျက်ရည်ယိုဗုံးများ သုံး၍ လူစုခွဲရန် လုံလောက်သော အကြောင်းများ ရသွားခဲ့ကြပြီ ဖြစ်သည်၊ မျက်ရည်ယိုဗုံးကြောင့် ဆန္ဒပြသူများ လူစုကွဲသွားသည်နှင့် တပြိုင်တည်း ရဲများလည်း ဒိုင်းများကာ၍ လှေကားပေါ် အပြေးတက်ကာ ထွက်ပြေးသွားသူများနောက် လိုက်လံ ပြစ်ခတ်ကြပေတော့သည်။

 

တိုးတက် ဖွံ့ဖြိုးနေသော မြို့တော်ကြီး အဖြစ် တခါက ထင်ရှား ကျော်ကြားခဲ့သည့် ဟောင်ကောင်သည် ယခုအခါ ကန့်ကွက်ဆန္ဒပြနေသည့် မြို့ကြီးအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ အုတ်ခဲများ၊ လက်လုပ် ဗုံးများ နှင့် ဓါတ်ငွေ့များသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အဆောက်အအုံ တိုက်တန်းလျားများ တလျောက် ဝဲပျံလာနေပြီ ဖြစ်သည်။ ဟောင်ကောင် အစိုးရအပါအဝင် လေ့လာသုံးသပ်သူ အတော်များများက အခုလို ကန့်ကွက် ဆန္ဒပြနေမှုများ၏ အကြောင်းခံသည် အိမ်ယာတိုက်ခန်း ဈေးနှုန်းများ အဆမတန် မြင့်မားလာနေမှု၊ လုပ်ခနှုန်းထားများ တက်မလာပဲ တန့်နေမှုများ နှင့် ကုမ္ပဏီကြီးများ နေရာတကာတွင် လွှမ်းမိုး ချယ်လှယ်လာနေမှုများ အစရှိသည့် စီးပွားရေး ပိုင်းတွင် မကျေနပ် နာကြည်းချက်များ ကြောင့် ဖြစ်သည် ဟု ပြောဆိုလျက် ရှိနေကြသည်။

 

မြို့တော်ကြီးက လူတန်းစား မညီမျှမှုများ၏ ပြယုဒ် ဖြစ်လာနေသည်က သေချာလှသည်။ ဆိုင်ပေါ်တွင် ပြသထားသော ဘူလ်ဂါရီ နာရီ တလုံး၏ တန်ဖိုးသည် သာမန်လူများစု ၏ တလ ဝင်ငွေထက်ပင် ပိုများနေသည်၊ ဆန္ဒပြသူများ အုတ်ခဲများ သယ်ရာတွင် သုံးသည့် ထရော်လီ များသည် ဆင်းရဲနွမ်းပါးစွာ ရုန်းကန်နေရသော အဖွားအို များ မှ ခါးတကုန်းကုန်း နှင့် ကတ္တူ စက္ကူများ လိုက်လံ ရှာဖွေ စုဆောင်းရာတွင် သုံးသည့် လှည်း များ ဖြစ်သည်။ အိမ်ယာတန်ဖိုးများက အမြင်မတော်လောက်အောင်ပင် ဆိုးဆိုးရွားရွား မြင့်တက်နေသည်၊ လင်မယား နှစ်ယောက်သည် ကောင်လွန်း ကျွန်းရှိ ခမ်းနားထယ်ဝါလှသည့် ကွန်ဒို တိုက်ခန်း အတွက် ရထားသော ကားရပ်နားရာ နေရာ တခုကို အမေရိကန် ဒေါ်လာ ၇၆၀,၀၀၀ ဖြင့် ရောင်းချနိူင်ခဲ့သည်၊ ထိုတန်ဖိုးသည် ပါတ်ကင် အတွက် ဒဏ်ငွေဆောင်ရမည့် ချလံ စုစုပေါင်း ၁၄,၀၀၀ နှင့် ညီမျှသည်ဟု သိရသည်။

 

ဟောင်ကောင်တွင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုများ၏ အရင်းခံ အကြောင်းသည် စီးပွားရေး ကြောင့်ဟု ပြောနေကြသည်များက ဆန္ဒပြသူများ နှင့် ဘီဂျင်းရှိ အာဏာပိုင်များ အတွက် ကျေနပ်စရာ အကြောင်းများ ဖြစ်သင့်သည် မဟုတ်ပါလား၊ လက်ရှိတွင် လူနေတိုက်ခန်းများ အလျင်အမြန် ဆောက်လုပ်နေခြင်း၊ အခွန်အကောင်များ တိုးမြှင့်ကောက်ခံလာသည့် အစီအစဉ် များဖြင့် ဟောင်ကောင်ရှိ မညီမျှမှုများကို ဘီဂျင်း အာဏာပိုင်များ စိတ်အနှောင်အယှက် မဖြစ်စေနိူင်သည့် နည်းဖြင့် လုပ်နိူင်ကြလိမ့်မည်၊ နောက်ဆုံးတွင် ဟောင်ကောင်သည်လည်း ပြည်မကြီး နှင့် ပို၍ တူလာအောင် ဖန်တီးနိူင်သည့် အစီအစဉ် မျိုး ဖြစ်သည်၊ ဟောင်ကောင်ရှိ ဘီဂျင်း လိုလားသော ဥပဒေပြု အမတ်များသည်လည်း ပုဂ္ဂလိက အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းများထံမှ ရောင်းချင်သည် မရောင်းချင်သည် ဖြစ်စေ ဧကပေါင်း ၁,၇၃၀ ကို ဝယ်ယူကြမည့် အဆို ကို ထောက်ခံခဲ့ကြပြီးလည်း ဖြစ်သည်။

 

အလားတူ သဘောဆန်ဆန် ပင် လေ့လာသုံးသပ်မှု အတော်များများက ဟောင်ကောင် ပြဿနာများကို စင်္ကာပူ ပုံစံမျိုး ဖြေရှင်းနိူင်သည်ဟု လိုလိုလားလား ပြောဆိုလာခဲ့ကြသည်၊ စင်္ကာပူ သည်ကား လူအများ အိမ်ပိုင်ဆိုင်မှု ရှိနေခြင်းသည် လူမှုရေး ပိုင်း တည်ငြိမ်မှု အတွက် မရှိမဖြစ် လိုအပ်သည် ဆိုသည်အား စောစီးစွာကပင် သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ စင်္ကာပူတွင် လူဦးရေ၏ ၈၀% သည် အစိုးရ အေဂျင်စီများမှ ဆောက်လုပ်ပေးပြီး သက်သာသော ဈေးဖြင့် ရောင်းချပေးသည့် အိမ်များတွင် နေထိုင်လျက် ရှိသည်၊ အောက်ခြေ လူတန်းစား မိသားစု တဝက် ကျော်ကျော်သည် စင်္ကာပူရှိ အိုးအိမ် စုစုပေါင်း၏ လေးပုံတပုံ ခန့်ကို ပိုင်ဆိုင်ထားကြသည်။ ထို့အတွက် အိုးအိမ်ပိုင်းနှင့် ပတ်သက်လျင် သောမတ်စ် ပစ်ကက်တီ ၏ “Capital in the 21st Century” စာအုပ်ထဲက မျှော်မှန်းခဲ့သလို ‘စံပြလူ့ဘောင်’ တခု တည်ထောင်နိူင်ခဲ့ပြီဟု Singapore Management University မှ ဖန် ဆော့ ယောင် က ဆိုသည်။

 

သို့သော် ဟောင်ကောင်တွင် အရုပ်ဆိုးအောင် ဖြစ်နေသည့် လူတန်းစား မညီမျှမှုများ နှင့် သာမန် လူတန်းစားများ အနားမကပ်နိူင် ခဲ့သည့်  အိုးအိမ် များ ပြဿနာကား ယခုမှပင် မဟုတ် ကာလကြာမြင့်စွာကတည်း က ရှိနေပြီး ဖြစ်သည်၊ သို့သော် ယခုလို ဖြစ်မလာခဲ့သည်က အဘယ်ကြောင့်နည်း၊ စီးပွားရေး ပိုင်းတွင် နာကြည်း ခံပြင်းမှုများကြောင့် လမ်းပေါ်သို့ ဆန္ဒပြသူများ ထွက်လာရသည်ဆိုလျင် သူတို့၏ အစစ်အမှန် ရည်ရွယ်ထားမှုများ ကို ချီးကြူးဖွယ်ကောင်းလောင်အောင် ရေငုံနှုတ်ပိတ် နေခဲ့ကြခြင်းသာ ဖြစ်ပေမည်။ လက်ရှိ တွင် ရဲများ၏ ရက်စက်ကြမ်းကြုပ်ခဲ့မှုများနှင့် ဟောင်ကောင်၏ ကိုယ်ပိုင် အုပ်ချုပ် နိူင် ခွင့် တဖြေးဖြေး တိုက်စားလာနေမှုများအား အလုပ်အကိုင်များနှင့် လူတန်းစား မညီမျှခဲ့မှုများထက် အသားပေး ပြောဆို ညည်းညူ လာသည်ကို တွေ့ခဲ့ရသည်၊ မငြိမ်သက်မှုများ စတင်လာခဲ့ပြီး သုံးလအတွင်း Chinese University of Hong Kong (CUHK) မှ ဖရန်စစ် လီး ဆိုသူသည် ဆန္ဒပြသူ ထောင်ပေါင်းများစွာ အား လိုက်လံ စစ်တမ်းယူခဲ့ကြရာ တဝက်ကျော်က မိမိတို့သည် လူလတ်တန်းစား သို့မဟုတ် အထက်တန်းလွှာများမှ ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့ကြသည်၊ ထိုအထဲတွင် ၇၅% သည် အဆင့်မြင့် ပညာရေး ကို သင်ယူခဲ့ဖူးသူများ ဖြစ်သည်ဟု သိလာခဲ့ရသည်။

 

ထိုသို့သော ပြောဆိုမှုများအား တရုတ်ပြည် အဖို့ မည်သို့မျှ ထုတ်ဖေါ်ဝန်ခံမည် မဟုတ်သည့် အကြောင်းများပင် ဖြစ်သည်၊ သို့သော် တိုင်ဝမ်တွင်လည်း အလားတူ ပြဿနာများ ရှိနေသည်၊ လုပ်ခနှုန်းထားများ နှစ်ပေါင်း နှစ်ဆယ် နီးပါး မတက်ပဲ တန့်နေခြင်း၊ အိုးအိမ်များသည်လည်း အာရှတွင် ဈေးအကြီးဆုံး စာရင်းထဲတွင် ပါဝင်နေခြင်းများ ရှိနေသည်။ သို့သော် တိုင်ဝမ် တွင် အကြီးကျယ်ဆုံး သော နိူင်ငံရေး မြေငလျင်ကြီး လှုပ်ခပ်သွားခဲ့မှုသည်က ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ‘နေကြာပန်း’ လှုပ်ရှားမှုကြီး သာ ရှိခဲ့သည်၊ ဤသည်ကလည်း ကျောင်းသားများက ဦးဆောင်ပြီး ပြည်မကြီးနှင့် ကုန်သွယ်ရေး အရ နီးကပ်စွာ ဆက်သွယ်လာမှုများကို ကန့်ကွက် ဆန္ဒပြခဲ့ခြင်းသာ ဖြစ်သည်။ ထိုလှုပ်ရှားမှုကြောင့် တိုင်ဝမ်၏ အကျိုးစီးပွားကို ထိခိုက်ခဲ့ရသည်ဟု ပြော၍ ရကောင်း ရနိူင်သော်လည်း တဖက်တွင် တိုင်ဝမ် ၏ သီးခြား ရပ်တည်လိုသည့် အမျိုးသား အသွင်လက္ခဏာကို ထင်ဟပ်နိုင်စေခဲ့သည်။

 

ဟောင်ကောင်၏ မငြိမ်သက်မှုများသည် စီးပွားရေးက အဓိက အကြောင်းရင်း မဟုတ်ခဲ့သော်လည်း ပထမဆုံး လက်ညိုးထိုးပြခြင်း ခံလာခဲ့ရသည်၊ ပထမတွင် ဆန္ဒပြသူများက သူတို့၏ လှုပ်ရှားမှုကို စာနာစိတ် မပြခဲ့ကြသည့် ကုမ္ပဏီများကို ဖျက်ဆီးပြစ်ခဲ့ကြသည်။ မကြာမီ ကမှ တွေ့ရာမြင်ရာ များကို ဖျက်ဆီးလာခဲ့ကြခြင်း ဖြစ်သည်၊ ဤသည်ကလည်း အစိုးရအား စီးပွားရေးအရ ဖိအားပေးခြင်သောကြောင့်ဟု ကျောင်းသားတယောက်က ပြောပြခဲ့သည်။

 

သို့သော် လူများအဖို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများက ပို၍ ဆိုးလာခဲ့သည်၊ အရောင်းအဝယ်များ ထိခိုက်လာခဲ့ရသည်၊ လက်လီ အရောင်းနှုန်းသည် ငါးနှစ်အတွင်း ငါးပုံတပုံ ကျဆင်းသွားပြီး ဟောင်ကောင်သို့ ရောက်လာသည့် ခရီးသွား အရည်အတွက်လည်း သုံးပုံတပုံ ခန့် လျော့ကျလာခဲ့သည်၊ စားသောက်ဆိုင်များ နှင့် ဘား ဆိုင်များ က အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ကြရသူများ ဖြစ်လာသည်၊ ဝင်ငွေသည် ၂၀၀၃ ခုနှစ်အတွင်း SARS ရောဂါ ကူးစက်ပျံနှံ့ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းသွားခဲ့ရသည်။

 

ဆန္ဒပြမှုများက လျော့ပါးသွားခဲ့လျင် ရုပ်ဝတ္ထုပိုင်း အပျက်အစီးများကို အလျင်အမြန် ပြန်လည် ပြင်ဆင်နိူင်မည် ဖြစ်သည်။ ဟောင်ကောင် သည် ပိတ်ဆို့ထားသည့် အရံအတားများကို ဆန္ဒပြသူများ လုပ်ခဲ့သည်ထက်ပင် ပိုမိုလျင်မြန်စွာ ဖြင့် သေသေသပ်သပ် ဖယ်ရှား ပြစ်နိူင်ခဲ့ကြသည်၊ သို့သော် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများက ရှည်ကြာစွာ ရှိနေဦးမည် ဖြစ်သည်၊ ဟောင်ကောင်သို့ လာရောက်သည့် တိုးရစ်များ၏ လေးပုံ သုံးပုံသည် ပြည်မကြီးမှ ဖြစ်သည်၊ ယခုအခါ ၎င်းတို့အား လိုလိုလားလား ကြိုဆိုခြင်း မရှိကြတော့သည့် မြို့ကြီးတွင် ယခင်လို စိတ်ရှိလက်ရှိ ဝယ်ခြမ်းလိုစိတ် ရှိကြတော့မည် မဟုတ်ပေ၊ သို့သော် ဟောင်ကောင်သည် ဘဏ္ကာရေး အချက်အခြာ နေရာ အဖြစ် ဆက်လက်ရှိနေဦးမည်သာ ဖြစ်သည်။ စတော့ ရှယ်ယာ ဈေးကွက်များ၊ ဘွန်း ခေါ် ငွေချေးစာချုပ် ဈေးကွက်များ နှင့် ဘဏ်လုပ်ငန်းများသည် ဂျီဒီပီပိုင်းတွင် သိတ်အရေးပါမှု မရှိပဲ ကျွန်း၏ စီးပွားရေး နှင့်လည်း တခြမ်းလောက်သာ တွဲချိတ်ထားခဲ့သည်။

 

တရုတ် နှင့် ကမ္ဘာနိူင်ငံများ အကြား ဘဏ္ကာရေး ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးနေသော ဟောင်ကောင်၏ အခန်းကဏ္ကသည် ဆန္ဒပြသူတို့ ဖျက်ဆီးခြင်း ပိတ်ဆို့ခြင်း မလုပ်နိူင်သည့် ထူးခြားထင်ရှားသော ဥပဒေ နှင့် စည်းမျဉ်း စည်းကမ်း ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံပိုင်းကို တည်မှီနေသောကြောင့်လည်း ဖြစ်သည်။ တရုတ်ပြည်ရှိ အင်တာနက် ကုန်သည်ကြီး အလီဘာဘာ ကုမ္ပဏီ သည် ဆန္ဒပြမှုများ ဟောင်ကောင် တွင် ဖြစ်ပွားနေသည့် အချိန်အတွင်းမှာပင် ယင်း၏ စတော့ ရှယ်ယာ ဈေးကွက်မှ ဒေါ်လာ ၁၁ ဘီလီယံ အထိ အရင်းအနှီးများ စုဆောင်းနိူင်ခဲ့သည်၊ ၂၀၁၀ ခုနှစ် နောက်ပိုင်း အများဆုံး ရရှိသွားခဲ့မှု ဟု ဆိုကြသည်၊ Hang Seng စတော့ဈေးကွက်၏ ပြဒါးတိုင်သည် ပြည်တွင်း မငြိမ်သက်မှုများထက် တရုတ်-အမေရိကန် ကုန်သွယ်ရေး ကိုသာ ဦးစားပေး တိုင်းတာပြီး အတက်အကျ ကို ပြသနေပေသည်။ အောက်တိုဘာလအတွင်း တံဆိပ်ခေါင်းခွန်မှ ရရှိမှုတွင် ၂၈၀% အထိ ရုတ်ခြည်း မြင်တက်သွားမှုကို ကြည့်မည်ဆိုက နိူင်ငံခြားသားများသည် ဈေးနှုန်း အနည်းငယ် ဦးစိုက်သွားသည်ကို အခွင့်ကောင်းယူကာ ဟောင်ကောင်ရှိ အိုးအိမ်များကို ဝယ်ယူ ထားသင့်သည်ဟု ယူဆနေကြောင်း ပြဆိုနေသည်၊ ၁၉၆၀ ကျော် နှစ်များ အတွင်း လက်ဝဲဝါဒီတို့၏ အကြမ်းဖက် ဆန့်ကျင် လှုပ်ရှားမှုများအတွင်း ဟောင်ကောင် အိုးအိမ်မြေယာများကို သိမ်းကျုံးဝယ်ယူခဲ့ခြင်းဖြင့် အချမ်းသာကြီး ချမ်းသာသွားသော အိုးအိမ် သူဌေးကြီး လီ ကာ ရှင် အား အမှတ်ရလာကြ၍လည်း ဖြစ်ကောင်း ဖြစ်နိူင်ပေသည်။

 

နေရာစုံသို့ ရွှေ့ပြောင်းနိူင်စွမ်း ရှိသော နိူင်ငံစုံ ကုမ္ပဏီများသည် စင်္ကာပူ၏ တည်ငြိမ်မှု ကို မျက်စိကျလာနေကြသည်၊ ဟောင်ကောင်တွင် သယ်ယူပို့ဆောင်ရေး ပိုင်းတွင် ခန့်မှန်း၍ မရ ဖြစ်လာနေမှုများနှင့် ကျောင်းများ ပိတ်ထားရမှုများသည် လုပ်ငန်းများကို ခြိမ်းခြောက်လာနိူင်သည်ဟု ယူဆခဲ့ကြသည်၊ မြို့ကြီး နှစ်မြို့ စလုံး ဘဏ္ကာရေး အချက်အခြာ နေရာ အဖြစ် ရပ်တည်နေခဲ့ကြသော်လည်း အသွင်အားဖြင့် အနည်းငယ်သာ တူညီမှု ရှိကြသည်၊ ထိုသို့ မတူညီသည့် အနေအထားကို စင်္ကာပူရှိ စီးပွားရေး ပွဲစားတဦးက ဟောင်ကောင်ကို တရုတ်ပြည်ထဲ ဝင်ပြီး ယှဉ်ပြိုင်ဖို့ သွားကြတယ်၊ စင်္ကာပူကတော့ တရုတ်တွေ ရောက်အလာကို စောင့်နေကြတာပဲ ဟု ဆိုသည်၊ ဆိုလိုသည်က စင်္ကာပူသည် အရှေ့တောင်အာရှ သို့ ဝင်ရောက်နိူင်သည့် တံခါးပေါက်ဟု ယုံကြည်နေကြခြင်းပင် ဖြစ်သည်။ စင်္ကာပူရှိ ဘဏ္ကာရေး ဆိုင်ရာ ကျွမ်းကျင်သူများက သိုးအုပ်ကြီးကို မိမိတို့ ခြံဝင်းထဲ ဝင်လာအောင် မောင်းနှင် ထိမ်းကျောင်းကြသူများ ဖြစ်ပြီး ဟောင်ကောင်ရှိ ကျွမ်းကျင်သူ များကတော့ အရောင်းအဝယ် ဖြစ်မည့်နေရာများကို သားကောင်အနံ့ လိုက်ချောင်းနေကြသည့် မုဆိုး များလို ပြုမူ လေ့ရှိသည်ဟု ၎င်းက နှိုင်းယှဉ် ပြောသွားခဲ့သည်။

 

ဆန္ဒပြသူများက ဟောင်ကောင်၏ အထူးရရှိထားသော အဆင့်အတန်းကို သူတို့ အရေး အောင်မြင်ရန် အခွင့်အရေးတရပ်အဖြစ် အသုံးချလာခဲ့သည်၊ နိူင်ငံတကာတွင် အုတ်အော်သောင်းနင်း ဖြစ်ရန် လုပ်လာနိူင်ခဲ့ခြင်းကြောင့် အမေရိကန် ကွန်ဂရက်မှ ဥပဒေ တခု ပြဠာန်းပေးလာသည့်အထိ ဖြစ်ခဲ့သည်၊ အဆိုပါ ဥပဒေထဲတွင် ဟောင်ကောင်အား အမေရိကန် အကောက်ခွန်၊ သွင်းကုန် ပိုင်းနှင့် ကူးသန်းရောင်းဝယ်ရေး ဥပဒေ ပိုင်းတွင် အထူး အခွင့်အရေး ပေးထားခြင်းကို ဆက်လုပ်သင့် မသင့် အား နိူင်ငံခြားရေး ဝန်ကြီးဌာနမှ ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်နိုင်မှု အတိုင်းအတာ ကို နှစ်စဉ် ဆန်းစစ်သွားရန် အာဏာကုန် လွှဲအပ်ထားခဲ့သည်။ ထို့အတွက် CUHK တွင် တည်ဆောက်ထားသည့် အရံအတားများကြားတွင် ဆီးနိတ် ရီပတ်ဘလီကင် ခေါင်းဆောင် မစ်ချ် မက်ကွန်းနယ် ၏ ပုံကို ချိတ်ဆွဲလာခဲ့ကြသည်။

 

ဟောင်ကောင်သည် အတော်များများ တွင် တရုတ်ပြည်မကြီး နှင့် အလှမ်းဝေးသလို ဖြစ်လာနေသည်ကလည်း ကံကြမ္မာ၏ လှည့်ကွက်တခုဟုပင် ဆိုရမည် ဖြစ်သည်။ တရုတ်ပြည်ရှိ လူအတော်များများ စိတ်ထဲတွင်က ဟောင်ကောင်ရှိ လူများသည် သူတို့ မရရှိနိူင်သည့် အထူးအခွင့်အရေးများ ရရှိနေပါလျက် အဘယ်ကြောင့်များ အခုလို မကျေမနပ် ဖြစ်လာနေရသနည်းဟု တွေးလာခဲ့ကြသည်။

 

သို့သော် ဟောင်ကောင်သားတို့၏ နိူင်ငံရေး ရည်မှန်းချက်များက သူ့တို့တွင် ရရှိထားသည့် ချမ်းသာကြွယ်ဝမှုများ၏ အကျိုးဆက် အဖြစ် သဘာဝကျစွာ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်၊ ဟောင်ကောင်သည် တရုတ်နိူင်ငံနှင့် စာလျင် လွတ်လပ်ခွင့်များ ပိုမိုရရှိနေသည် ဆိုသော်လည်း ကြွယ်ဝချမ်းသာပြီး ခေတ်မီ တိုးတက်သော လူ့ဘောင် အဖွဲ့အစည်းတခုတွင် ရှိသင့် ရှိထိုက်သော နိူင်ငံရေး အခွင့်အရေးများ နည်းပါးနေရသည်။ လူတဦးချင်း ဝင်ငွေ ပိုမိုမြင့်မားပြီး ဒီမိုကရေစီ ပိုင်းတွင် အနိမ့်ဆုံး အမှတ်သာ ရရှိနေကြသည့် နေရာများကား ရေနံကြောင့် ချမ်းသာကြွယ်ဝနေကြသော ပင်လယ်ကွေ့နိူင်ငံများသာ ရှိသည်။

 

ဟောင်ကောင်ရှိ ဆန္ဒပြနေမှုများသည် ယင်း၏ ဖွံ့ဖြိုးတိုးတက်နေမှုများအား ခြိမ်းခြောက်လာနေပြီ ဖြစ်သော်လည်း အဆိုပါ ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အကျိုးဆက်ကြောင့် ဖြစ်လာရသည်ကို သတိချပ်ရမည် ဖြစ်သည်။