တရုတ် လက်နက်များဖြင့် ရုရှား တို့ ခေါင်းထောင်လာ နိုင်မည်လော

by Hla Soewai - Mar 05 2023

ရုရှားသည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များ ကတည်းက တရုတ်အား လက်နက်များ ပံ့ပိုးပေးခဲ့သော နိုင်ငံ ဖြစ်သည်။ ၂၀၀၁ နှင့် ၂၀၁၀ အကြားတွင် ပျှမ်းမျှ တနှစ်လျှင် ဒေါ်လာ ၂ ဘီလီယံ တန်ကြေးရှိ လက်နက်များ ရောင်းချ ပေးနေခဲ့သည်။ ၂၀၁၅ တနှစ်တည်းတွင် ရောင်းအားသည် ဒေါ်လာ ၇ ဘီလီယံ အထိ ရောက်သွားခဲ့သည်။

 

ယခုအခါတွင်တော့ အနေအထားသည် ပြောင်းပြန်ဖြစ်လာခဲ့သည်။ ရုရှားသည် ယူကရိန်း ကျုး ကျော်စစ်တွင် တင်ကား အစီးရေ ၁,၅၀၀ နှင့် စက်လက်နက် ပစ္စည်းပေါင်း ၉,၄၀၀ ခန့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ လက်နက်ခဲယမ်းများလည်း အပူတပြင်း လိုအပ်လာနေသည်။

 

အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းက ယခုအခါ တရုတ်သည် ရုရှားအား လက်နက်များ ထောက်ပံ့ရန် စဉ်းစားနေပြီဟု ပြောလာပြီ ဖြစ်သည်။ ထိုသို့ ဆိုပါက လက်ရှိ စစ်ပွဲ၏ အနေအထားသည် ပြောင်းလဲသွားနိုင်ဖွယ် ရှိနေသည်။ အလားတူ တရုတ် သည် အ‌မေရိကန်၊ အနောက်ဥရောပ နိုင်ငံများ နှင့် ဆက်ဆံရေး ဆိုးဝါးလာမည့် အနေအထား နကို ရင်ဆိုင်လာရဖို့ ရှိနေသည်။

 

ရုရှားသည် စစ်ပွဲကြီး စတင်ပြီး ထင်သလို ဖြစ်မလာခဲ့ချိန်ကစ၍ တရုတ်ထံ လက်နက်များ ပေးပို့ရန် ထပ်တလဲလဲ တောင်းဆိုလာခဲ့သည်။ သို့သော် တရုတ်က လူသေစေနိုင်ခြင်း မရှိသည့် စစ်ခမောက်များ၊ လေယာဉ် အပိုပစ္စည်းများ ပေးပို့ခြင်းကလွဲ၍ ရုရှားတို့၏ တောင်းဆိုချက်ကို ဆင်ဝှေ့ရန်ရှောင် လုပ်နေခဲ့သည်။

 

အမေရိကန် ထောက်လှန်းရေး ဖက်က ယခုအခါ တရုတ် မှ မည်သို့သော လက်နက်များ ပေးပို့ရန် စဉ်းစားနေသည် ကို အတိအကျ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့သော်လည်း ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ထုတ်ဂျာမန် မဂ္ဂဇင်း ဒါ စပီးဂဲလ် တွင်မူ ရုရှား စစ်တပ်သည် ယခုအခါ တရုတ် ကုမ္ပဏီ Xi'an Bingo Intelligent Aviation Technology နှင့် တိုက်ခိုက်ရေး ဒရုန်စ အစင်း ၁၀၀ ခန့် ဝယ်ယူရန် ဆွေး‌ နွေးနေသည် ဆိုသော သတင်း ပါရှိလာခဲ့သည်။ ရုရှားသည် ဒရုန်းများကို ရှေ့တန်းစစ်မျက်နှာ အတွက်သာ မက အောက်တိုဘာလ မှစ၍ ယူကရိန်း၏ လျပ်စစ် ဓါတ်အား လိုင်းများကို တိုက်ခိုက်ရာတွင် ပါ အသုံးပြုလာကြသည်။

 

ဒါ စပီးဂဲလ် တွင် ထိုသတင်း ပါလာပြီး နောက်တရက်ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင်လည်း အမေရိကန် အရာရှိများ အား ကိုးကားပြီး တရုတ်သည် ရုရှားတို့ အပူတပြင်း လိုအပ်နေသော အမြှောက်ဆံများ ပေးပို့ရန် စဉ်းစားနေသည် ဆိုသော သတင်း ပါရှိလာခဲ့ပြန်သည်။

 

ရုရှား နှင့် ယူကရိန်း နှစ်နိုင်ငံစလုံးသည် ‌ဆိုဗီယက် ခေတ် ထုတ် ၁၂၂ နှင့် ၁၅၂ မမ အမြှောက်ဆံများကို သုံးနေကြပြီး လက်ကျန် ရှိနိုင်မည့် နိုင်ငံများကို လည်း ချည်းကပ်နေကြသည်။ ယူကရိန်းဖက်က ထိုသို့ တောင်းဆိုနိုင်သည့် မိတ်ဆွေ နိုင်ငံ အများအပြား ရှိနေသော်လည်း ရုရှားတို့တွင် ထိုသို့ ရှိမနေ ပြန်ပေ။ ဘဲလာရုစ် ထံမှလည်း ကုန်သလောက် ဖြစ်နေ၍ ထပ်မရနိုင်တော့၊ မြောက်ကိုရီယား မှ အချို့တဝက် သာ ပေးခဲ့ပြီး ၎င်းတို့အတွက် ချန်ထားနေပြန်သည်။ အီရန်ထံမှလည်း မဆိုသလောက် သာ ရှိနေသည်။

 

တရုတ်တွင် ရုရှား လက်နက်ကြီးများ နှင့် ပစ်၍ ရနိုင်သည့် အမြှောက်ဆံများ ရှိထားသော်လည်း အမျိုးအစား နှင့် အရည်အတွက်ကိုမူ မသိရသေးပေ။ သို့သော် ရုရှား တို့ အကြီးအကျယ် ခေါင်းခဲနေသည့် အမြှောက်ဆံများ ပြတ်လတ်နေမှု ကို သက်သာရ ရသွားနိုင်သည်က သေချာသလောက် ရှိနေသည်။

 

ရန်သူအား လက်နက်ကြီးများ နှင့် ပစ်ခတ်၍ လုံး ပါး ပါးအောင် လုပ်နိုင်မှ ဖြစ်မည်ကို သိထား၍ နှစ်နိုင်ငံ စလုံးက ခဲယမ်းမီးကျောက် ထုတ်လုပ်မှု မြှင့်တင်နိုင်ရန် လုံးပမ်းလျှက် ရှိနေသည်။

 

တရုတ် ပါဝင်လာမည်ဆိုက အင်အားချိန်ခွင်လျှာ တဖက်စောင်းနင်း ဖြစ်သွားနိုင်ပေသည်၊ တရုတ်သည် ကမ္ဘာပေါ်တွင် စတုတ္ထ အများဆုံး လက်နက် တင်ပို့ရောင်းချသော နိုင်ငံ ဖြစ်နေသည်။ တရုတ်ရှိ လက်နက် ကုမ္ပဏီ ရှစ်ခုသည် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု မှ ပြုစုခဲ့သော ကမ္ဘာတွင် လက်နက် ထုတ်လုပ်သည့် ထိတ်တန်း ကုမ္ပဏီ ၁၀၀ စာရင်း ၏ ထိတ်ဆုံး တန်း ၂၀ ထဲတွင် ပါဝင်နေသည်။ အမေရိကား နောက်တွင် ကပ်လိုက်နေသည်။ တရုတ် ကုမ္ပဏီများ၏ ရောင်းအားသည်လည်း မကြာမီ နှစ်များ အတွင်းက သိသိသာသာ မြင့်တက်လာနေခဲ့သည်။

 

ယူကရိန်း စစ်ပွဲကြောင့် တရုတ် အနေဖြင့် ရုရှားနှင့် ကာကွယ်ရေး ပိုင်းဆိုင်ရာ ဆက်ဆံရေး ကို ပြန်၍ ထိန်းညှိနိုင်ခွင့် ရသွားခဲ့သည်။ တရုတ်သည် ရုရှား၏ စစ်ရေး နည်းပညာ များကို နှစ်ပေါင်းများစွာ မှီခိုကာ လက်ဝေခံ တဆင့်ပြန် ထုတ်လုပ်နေခဲ့ရသည်၊ တရုတ်၏ နောက်ဆုံးပေါ် Stealth ကိုယ်ပျောက် တိုက်လေယာဉ်များ၏ အင်ဂျင် ကိုလည်း ရုရှားမှ တင်သွင်း တပ်ဆင်ခဲ့ရသည်။ ၂၀၁၇ နှင့် ၂၀၂၁ အကြား တရုတ်တို့၏ ကာကွယ်ရေး ဆိုင်ရာ တင်သွင်းမှု စုစုပေါင်း၏ ၈၁ ရာနှုန်းသည် ရုရှားမှ ဖြစ်သည်။

 

ယခုအခါတွင်တော့ ယခင်ကလို လက်ဝေခံ ဘဝ နှင့် မဟုတ်တော့ပဲ ရုရှားတို့နှင့် ပခုံးချင်း ယှဉ်လာနိုင်ပြီ ဖြစ်သည်။ အနောက်အုပ်စု၏ ဒဏ်ခတ် ပိတ်ဆို့မှု များ မှ ရှောင်လွှဲနိုင်သည့် နည်းလမ်းများ တရုတ်တွင် ရှိနေသဖြင့် ယခင်လို စစ်ခမောက်များ အစား အဆင့်မြင် နည်းပညာသုံး ဒရုန်းများ၊ ကရုစ် ဒုံးကျည်များ၊ ပစ်မှတ် ကို တိကျမှန်ကန်စွာ ထိမှန်နိုင်စွမ်း ရှိသည့် လက်နက်များ ပေးပို့ပြီး ကူညီနိုင်သည့် အနေအထားတွင် ရှိနေသည်။

 

အပြန်အလှန် အနေဖြင့် အာကာသ ယာဉ်များ နှင့် တိုက်ချင်းပစ် ဒုံးကျည်များ အတွက် ရုရှား၏ RD-180 အင်ဂျင်များ တောင်းဆိုဖွယ် ရှိနေသည်။ ရေငုပ်သင်္ဘော နည်းပညာများနှင့် ဂျက်အင်ဂျင် ထုတ်လုပ်ရေး ဖက်ဆိုင်ရာ များကို လည်း တရုတ်တို့ မျက်စိကျနေသည်။

 

တရုတ် ခေါင်းဆောင်ပိုင်းတွင်လည်း အယူအဆ များ ကွဲပြားနေသည်၊ အချို့က အမေရိကန် ဒုံးပစ် လောင်ချာများ၊ ဥရောပ တင့်ကားများ လက်ချက်ဖြင့် စစ်မြေပြင်တွင် ရုရှားတို့ အရေးနိမ့်နေမှူကို တွေ့မြင်လိုကြခြင်း မရှိသလို၊ အချို့ကလည်း လက်ရှိ အနေအထား အတိုင်း အမေရိကန် တို့ ယူကရိန်းဖက် တွင် အလုပ်များနေမှ အင်ဒို-ပစိဖိတ် ဖက် လှည့်လာနိုင်မည် မဟုတ် ဟု ယူဆနေကြသည်။

 

တရုတ်တို့ဖက်က လက်နက် ရောင်းချဖို့ အရေး သိုသိုသိပ်သိပ် လုပ်ချင်သော်လည်း ရုရှားဖက်မှ သတင်းများ အမြဲလို ပေါက်ကြားနေသည့် အဖြစ်ကို လည်း ဒေါသထွက်နေကြသည်။ တရုတ်၏ ကြားနေသည်၊ ဖြန်ဖြေဖို့ ကြိုးစားနေသည်ဟု အယောင်ဆောင်နေမှု ‌ဗူးပေါ်သလို ပေါ်သွား၍ မဖြစ်ဟုလည်း ခံယူထားသည်။

 

တရုတ်ဖက်မှ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က တဖက်သတ် အဆိုပြုလာသည့် ငြိမ်းချမ်းရေး အခင်းအကျင်းကို ယူကရိန်း၏ မဟာမိတ်များက ပယ်ချခဲ့ကြသည်။ လက်နက်ရောင်းမည်ဆိုက အမေရိကန် နှင့် ဆက်ဆံရေး ယခုထက် ပိုဆိုးလာနိုင်ပြီး၊ ဥရောပနိုင်ငံများ ဖက်က တုန့်ပြန်လာနိုင်မည့် အလားအလာများကိုလည်း ချိန်ဆရဖို့ ရှိနေပြန်သည်။ လက်နက်ရောင်းမည်ဆိုက red line ကို ကျော်လာပြီဟု မှတ်ယူမည်ဟုလည်း အမေရိကန် နှင့် ဥရောပ မဟာမိတ်များက သတိပေးထားပြီးလည်း ဖြစ်သည်။

 

အီးယူ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဂျိုးစက် ဘောရဲလ် က သူ နှင့် တရုတ် ထိတ်တန်း သံတမန် ဝမ်ယီ တို့ တွေ့ဆုံခဲ့ရာတွင် ရုရှားအားလက်နက်များ ပံ့ပိုးပေးမည် မဟုတ်ဟု ကတိပေးသွားသည်ဟု ‌ဆိုသည်။ ဝမ်ယီသည် ထိုမျှ နှင့် ရပ်မသွားပဲ တရုတ်သည် စစ်ဖြစ်နေသော နိုင်ငံများသို့ မည်သည့် အခါမျှ လက်နက်များ တင်ပို့ ရောင်းချခြင်း မရှိခဲ့ဟု ထပ်ပြောလာ၍ ၎င်းတို့ လုပ်နေကျ ကို တခါဖူးမျှ မလုပ်ခဲ့သည့် အလား ပြောသွားပြန်၍ ၎င်း၏ ကတိ အပေါ် ယုံစားရ ခက်‌လာရပြန်သည်။

 

ဘိုင်ဒင်က တော့ ပထမ အပြောကို ယုံသည်ဟု ဆိုသည်။

 

ယူကရိန်း တို့ တန်ပြန် ထိုးစစ်ဆင်လာမည့် နွေဦးပေါက် တွင် ရုရှားတို့ အလဲလဲ အကွဲကွဲ ဖြစ်လာမည် ဆိုက တရုတ် တို့ လက်ပိုက်ကြည့်နေလို့ မရအောင် ဖိအားများ တိုးလာဖို့ ရှိနေပေသည်။

 

(၂၀၂၃ မတ်လ ၂ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ "Chinese arms could revive Russia's failing war" အား ပြန်လည် တင်ပြသည်)