ကျောင်းသား များ စာကျက်ရန် စက်မှု လုပ်ငန်းများ အား မီးဖြတ်ရ

by Hla Soewai - Mar 05 2023

မြန်မာပြည်သည် အာဏသိမ်းပြီး နှစ် နှစ် အတွင်း မှာပင် ထို အဖြစ်သို့ ရောက်ရှိသွားရရှာပြီ ကို ကမ္ဘာသိ သက်သေပြလိုက်သည့် လုပ်ရပ်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အိမ်တိုင်းတွင် ကျောင်းသားများ ရှိနေ၍ ထိုကဲ့သို့ လုပ်မည် ဆိုလျှင် သူ့အား လူတိုင်းက ကျေးဇူးကြီးပါပေရဲ့ ဆိုကာ ထောက်ခံလာကြမည်ဟုလည်း တွက်ဆနေဟန် ရှိသည်။ ဤသည်ကိုလည်း လုပ်သားကောလိပ်တွင် မြန်မာစာ နည်းပြ လုပ်ခဲ့သော မိန်းမ ဖြစ်သူကလည်း အားပေးအားမြှောက် လုပ်ဟန် ရှိသည်။

 

ရန်ကုန်ရှိ စက်မှု လုပ်ငန်းများ အနေဖြင့် ကျောင်းသားများ စာကြည့်ရန် ညနေ ငါးနာရီ မှ ည ဆယ်နာရီအထိ ဓါတ်အား သုံးစွဲခွင့် မပြုဟု ရန်ကုန် လျပ်စစ်ရုံး မှ ကျေညာချက် ထွက်ပေါ်လာသည်ဟု Bloomberg စီးပွားရေး စာစောင်ကြီး တွင် သတင်း ပါရှိလာခဲ့သည်။

 

တဖက်တွင်လည်း ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြားရင်းနှီး မြုပ်နှံသူများ အား ဖိတ်ခေါ်နေသော်လည်း တဖက်က မစဉ်းစား မဆင်ခြင်၊ စိတ်ထင်တိုင်း လုပ်နေမှုများကြောင့် တယောက်က လက်နှင့်ရေး၊ ကျန်တယောက်က ခြေနှင့်ဖျက် ဆိုသလို အတိုင်အဖေါက်ညီစွာ လှုပ်ရှားနေကြသည်။

 

တိုင်းပြည်နှင့် လူထု ကတော့ ထိုသို့ ဦးနှောက်ပိုင်ရှင်များအကြား သွန်လိုသွန် မှောက်လိုမှောက် အလူးအလိမ့် ခံနေကြရပြီ ဖြစ်သည်။

 

ထိုသို့ စက်မှု လုပ်ငန်းများအား ဓါတ်အား ဖြတ်တောက်မည့် အစီအစဉ်သည် မတ်လ ၂၀ ရက်နေ့အထိ အကျုံးဝင်မည်ဟု ဆိုသည်။

 

အရှိန်အဟုန် ဖြင့် ချီတက်နေကြသော အိမ်နီးချင်း နိုင်ငံများကတော့ စစ်အာဏာသိမ်း အဖွဲ့ ဗျာများနေသည်ကို ပင် ဟာသ သဖွယ် ရီမောနေကြပြီ ဖြစ်သည်။

 

စွမ်းအင် ပြတ်တောက်မှု ကို ထေမိရန် ရုရှား မှ လောင်စာဆီ ဝယ်ယူမည် ဟု ပြောနေသော်လည်း ယနေ့အထိ တစီးတလေမျှပင် ရောက်ရှိလာခြင်း မရှိဟု Bloomberg သတင်းက ဆိုသည်။

 

မြန်မာတွင် ထိုသို့ ဓါတ်အား ပြတ်တောက်မှုသည် နယ်ဖက်တွင် ဖြစ်နေကျ ဖြစ်သဖြင့် အထူး အဆန်း မဟုတ်လှသော်လည်း စက်မှု လုပ်ငန်းများ စုဝေးရာ ရန်ကုန် အထိ နယ်ချဲ့လာသည့် အဖြစ်သည် ရှားရှားပါးပါး ဖြစ်သည်ဟု လည်း ရေးသားထားသည်။

 

မြန်မာ နောင်းတွင် ပါရှိလာသော သတင်းအရ စစ်အာဏာရှင် အလိုကျ အသုံးတော်ခံရမည့် နိုင်ငံရေး ပြဇာတ်ကြီး တွင် ပါဝင် အသုံးတော် ခံနိုင်ရန် နိုင်ငံရေး ပါတီ ၁၃ ဖွဲ့က အလုအယက် မှတ်ပုံတင်လာကြပြီ ဖြစ်သည်ဟု သိရသည်။ ထိုအထဲတွင် ငွေ ခဝါချမှု၊ ထောင်ဖေါက်ပြေးမှု ဖြင့် အကျဉ်းချ ခံထားရသော ကျော်မြင့်၏ ပါတီသည်လည်း ကိုကိုကြီး ကဲ့သို့ပင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

 

လက်ရှိ မြန်မာ အရေး အား ကုလသမဂ္ဂ ၊ အိမ်နီးချင်း နိုင်ငံများက မည်သို့မည်ပုံ ဖြေရှင်းရမည် အရေး အပေါ် ခေါင်းချင်းရိုက်နေကြချိန်၊ နိုင်ငံတွင်းရှိ လူငယ်များ အခွင့်အရေး ရလျှင် ရသလို တိုင်းပြည်မှ အလုအယက် ထွက်ခွာနေကြချိန်၊ ကျန်နေသည့် လူများသည်လည်း မိမိ အသက်တချောင်းကို ကြံဖန် မွေးမြူနေကြရချိန်တွင် ထိုပုဂ္ဂိုလ်များ အဖို့ က တိုင်းပြည်သည် သာသာယာယာ ရှိနေသည်ဟု ခံယူထားကြသူများ ဖြစ်သည်။

 

ပြည်သူများကလည်း ထိုရွေးကောက်ပွဲအား အလိမ်အညာ အဖြစ်သာ လက်ခံထားကြပြီ ဖြစ်၍ ၎င်းတို့ ယှဉ်ပြိုင်သည် ဖြစ်စေ၊ မယှဉ်ပြိုင်ပဲနေနေ စိတ်ဝင်စားကြမည် မဟုတ်၊ သေနတ်နှင့် ချိန်၍ မဲရုံထဲ မောင်းသွင်းခံရမှသာ မတတ်သာ၍ မဲထဲ့ကြမည်သာ ဖြစ်သည်။

 

ရွေးကောက်ပွဲ ကို ဦးဆောင် ကျင်းပပေးမည့် စစ်တပ်သည် ပြည်သူများကို ရည်ရွယ်ချက် ရှိရှိ ဖြင့် အကြမ်းဖက် တိုက်ခိုက်နေသည့် အရေး အားလည်း တခွန်းတပါဒမျှပင် ကန့်ကွက် ပြောဆိုကြခြင်းလည်း မရှိပဲ ပါတီ အမည်ကို ပြည်သူ သို့မဟုတ်ကလည်း ဒီမိုကရေစီ ဆိုသည့် အမည် ခံရဲသူများ ဖြစ်သည်က အံ့ဩဖွယ် အတိပင် ဖြစ်သည်။

 

ဤနေရာတွင် အလျှင်းသင့်၍ ၂၀၁၅ နိုဝင်ဘာလ အတွင်း ဝါရှင်တန် ပို့စ် သတင်းစာကြီးမှ မင်းအောင်လှိုင် နှင့် တွေ့ဆုံ မေးမြန်းခဲ့မှုကို မိမိ၏ ဂျာနယ်တွင် အခန်းဆက် ဖေါ်ပြနေသည့် ဒင်းနစ် စမစ်၏ The Civilized Rebels တွင် ပါရှိလာသည်ကို ပြန်လည် တင်ပြလိုပေသည်။

 

မေးသူက “ခင်ဗျား အနေနဲ့ အောင်ဆန်းစုကြည် နဲ့ အတူ အလုပ်တွဲလုပ်လို့ ရနိုင်မယ်လို့ ထင်သလား” 

 

မင်းအောင်လှိုင်က “ဘာကြောင့် မရနိုင်စရာ ရှိမလဲဗျာ၊ “တိုင်းပြည်အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ် ဆိုရင် အလုပ် အတူတူ တွဲလုပ်နိုင်ပါတယ်၊ ဒီလို ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်” ဟု ကမ္ဘာသိ ပြောသွားခဲ့သည်။

 

၎င်းတို့ကို မဆိုထားဘိ တကမ္ဘာလုံးကိုပင် ဗလောင်းဗလဲ ပြောဖို့၊ ကတိပေးဖို့ လက်မတွန့်သူကိုပင် ထိုပုဂ္ဂိုလ်များက ဆက်လက် ယုံကြည်နေဆဲပင် ဖြစ်သည်။

 

မကြာမီက မင်းအောင်လှိုင်၏ ဆရာသမား ဖြစ်သူ အသက် ၉၀ အရွယ်ရှိ အာဏာရှင် ဟောင်း သန်းရွှေသည် နေပြည်တော် တွင် လက်ရှိ အာဏာရှင် အဖြစ် ဆက်ခံလာသူ မင်းအောင်လှိုင် တည်ဆောက်နေသော မာရဝိဇယ ရုပ်ပွားတော် ကို လာရောက် ကြည့်ရှုခဲ့သည့် ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

 

ယင်းနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လာနေရာ လက်ရှိတွင် တပ်တွင်း စည်းလုံးမှု အတွက် စိုးရိမ်စရာ အနေအထား ရောက်နေပြီ ဆိုသည်ကို ရိပ်စားမိသော မင်းအောင်လှိုင်မှ လူကြီးများက ၎င်းအား နောက်ကွယ်မှ ထောက်ခံနေကြောင်း ခြိမ်းချောက်ထားနိုင်ရန် အတွက် ဖြစ်မည်ဟု သုံးသပ်နေကြကြောင်း ဧရာဝတီတွင် ဖေါ်ပြထားသည်။

 

ယခုအခါ ၎င်း နေထိုင်ရာ အိမ်တော်ကြီးမှပင် သေနတ်သံများ ကြားလာနေရပြီ ဖြစ်သည်။

 

(ကွယ်လွန်သူ ကာတွန်းဟန်လေး မှ ၂၀၁၀ ရွေးကောက်ပွဲ အကြို ရေးဆွဲခဲ့သည့် လက်ရာအား ဧရာဝတီ သတင်း မှ ပြန်လည် ဖေါ်ပြထားခြင်း ဖြစ်ပြီး ယခုအခါ တမလွန် မှ ကာတွန်း ဟန်လေး သည် ယခုမှ ပို၍ အံဝင်ဂွင်ကျ ဖြစ်နေပါပေါ့ ဆိုကာ ကျေနပ်ပီတိ ဖြစ်နေရှာပေလိမ့်မည်။)