တိုင်ဝမ် အရေး အကြောင်းပြု၍ အမေရိကန် နှင့် တရုတ် တို့ စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လျက်ရှိ

by Hla Soewai - Mar 12 2023

အဆိုပါ နှစ်နိုင်ငံ အကြား စစ်ပွဲကြီး ဖြစ်လာမည် ဆိုက ဒေသတခုလုံး အတွက်သာ မက ကမ္ဘာတဝှမ်းသို့ ပြင်းထန်သည့် ဆိုးကျိုး များ ရိုက်ခတ်ခံရ နိုင်သည်ဟု ၂၀၂၃ မတ်လ ၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ မုန်တိုင်းသတိပေးချက် "Storm Warning" ခေါင်းစဉ် ဖြင့် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

အိုကီနာဝါ ကျွန်းရှိ အမေရိကန် အမှတ် (၄) မရိမ်းတပ်မ၏ အမှတ် (၃) တပ်ရင်းသည် အမည် လျို့ဝှက်ထားသည့် ကျွန်းတကျွန်းပေါ်တွင် "အစိမ်း" ဟု အမည်ပေးထားသည့် မဟာမိတ်တပ်များ နှင့် ချိတ်ဆက်ပြီး ကျူးကျော်လာသူ 'အနီ" တပ်များအား ကမ်းတက် စစ်ဆင်ရေး နှင့် တောတွင်း ကိုယ်ယောင်ဖျောက် နည်း‌ဗျူဟာများ ဖြင့်‌ ချေမှုန်းနိုင်ရန် လေ့ကျင့်လျက် ရှိသည်။

 

အမေရိကန် စစ်ရေး စီမံချက်ရေးဆွဲသူ များသည် တရုတ်မှ ပစိဖိတ်သို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ရန် ဂျပန် မှ မလေးရှားအထိ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ကို ဖြတ်ပြီး ခံစစ်စည်း ရေးဆွဲထားပြီး ဖြစ်သည်၊ ထိုအထဲတွင် မိုင် ၃၇၀ ကွာဝေးသည့် တိုင်ဝမ် နှင့် အိုကီနာဝါ ကျွန်း အကြားအား ပထမ သံဆူးကြိုး first island chain အဖြစ် သတ်မှတ်ထားကြသည်။

 

အမေရိကန် တို့က တပ်အင်အား အလုံးအရင်း နှင့် ဝင်ရောက်လာနိုင်သည့် တရုတ်တပ်များအား နျူကလီယား သုံးစရာ မလိုပဲ ကာကွယ်နိုင်ရန် လေ့ကျင့်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ နျုကလီယား မသုံးခဲ့လျင်ပင် တိုင်ဝမ်စစ်ပွဲသည် ကျွန်းနေ လူ ၂၃ သန်း ခန့်သာမက တကမ္ဘာလုံးသို့ ဆိုးဝါးသော အကျိုးဆက်များ ခံစားရဖို့က မြေကြီး လက်ခတ် မလွဲပင် ဖြစ်သည်။

 

မကြာမီ နှစ်များ အတွင်း အမေရိကန် နှင့် တရုတ် တို့ အကြား စကားအသုံး အနှုံးများ ပြင်းထန်လာနေသလို ပြင်ဆင်မှုများလည်း အရှိန်မြှင့် လာခဲ့ကြသည်။ တရုတ်တပ်များသည် ကမ်းတက် စစ်ဆင်ရေး များ လေ့ကျင်နေသလို တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများသည်လည်း ကြားခံမျဉ်း "median line" ကို မကြာခဏ ဆိုသလို ဖြတ်ကျော်ခဲ့ကြသည်၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ၏ ခရီးစဉ် နောက်ပိုင်းတွင် ဒုံးကျည်များကို ကျွန်းပေါ် ဖြတ်၍ ပစ်ခတ်လာခဲ့သည်။

 

လက်ရှိတွင် အ‌မေရိကန်သည် စစ်ရေး လေ့ကျင့်ပေးရန် သင်တန်းဆရာများအား တိုင်ဝမ်သို့ တသုတ်ပြီး တသုတ် ‌စေလွှတ်လျက် ရှိနေသည်။ တိုင်ဝမ် အစိုးရသည်လည်း ယခင် လေးလ စစ်မှု မထမ်းမနေရ ကာလ အား တနှစ် အထိ တိုးမြှင့်လာခဲ့သည်။

 

အမေရိကန် ကွန်ဂရက် အမတ် အချို့က ရုရှား သင်ခန်းစာကို ယူပြီး တရုတ်တို့ ကျုးကျော် မလာခင်ကတည်းက လက်နက်များ တိုင်ဝမ်သို့ အလုံအလောက် ပို့ပေးထားရန် ဂျိုး ဘိုင်ဒင်ကို တိုက်တွန်းလျက် ရှိနေသည်။ လောလောဆယ် တွင် အမေရိကန် သည် တရုတ်၏ နည်းပညာ ပိုင်းကို လည်မြို ညှစ်ထားနိုင်ရန် သိသိသာသာ စီမံလာခဲ့သည်။

 

အမေရိကန် စစ်ဖက် နှင့် ထောက်လှန်းရေး ဖက်ကမူ တရုတ် သမ္မတ ရှီကျင့်ပင်သည် တိုင်ဝမ်ကို သိမ်းပိုက် နိုင်ရန် ၂၀၂၇ နောက်ဆုံးထားပြီး အဆင်သင့် ဖြစ်အောင် လုပ်ထားဖို့ ညွန်ကြားထားသည် ဆိုသော သတင်းကို အခိုင်အမာ ပြောဆိုနေဆဲပင် ဖြစ်သည်။ အချို့ကလည်း အချိန်မရွေး ရှေ့သို့ တိုးလာနိုင်သည်ဟု ပြောနေကြပြန်သည်။

 

ပြဿနာက နှစ်ဖက်စလုံးမှ အချိန်များများစားစား မကျန်တော့ဟု ခံယူလာကြခြင်းပင် ဖြစ်သည်၊ တရုတ်ဖက်က တိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းထုတ်ရေး မျှော်လင့်ချက်များ အငွေ့ပျံ ပျောက်ကွယ်သွားပြီဟု ယူဆထားပြီး၊ အမေရိကန် ကလည်း အချိန်ကြာလေ တရုတ်တို့ စစ်အင်အား ပိုတောင့်တင်းလာဖို့သာ ရှိသည်ဟု ယုံကြည်နေကြသည်။

 

တရုတ်တွင် စစ်အင်အား ၂ သန်း ရှိနေပြီး တိုင်ဝမ်တွင် ၁၆၃,၀၀၀ သာ ရှိသည်။

 

အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး ဂျွန် အကွီလီနို မှ တရုတ် နှင့် စစ်ပွဲကြီး ဆင်နွှဲရမည့် အရေးသည် မည်သို့မျှ ရှောင်လွှဲ၍ မရ အောင် ဖြစ်လာရသော်လည်း လတ်တလော တော့ မဟုတ်‌သေးဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ "မိမိအနေဖြင့် စစ်ပွဲကြီး ဖြစ်မလာအောင် တတ်နိုင်သမျှ ကာကွယ်သွားမည် ဖြစ်သော်လည်း ဖြစ်လာပါက နိုင်အောင် တိုက်ဖို့သာ ပြင်ဆင်ထားရတော့မည်" ဟု ဆိုသည်။ စစ်ပွဲ ဆိုသည်မျိုး က ရေတို ဟူ၍ မရှိဟု ရုရှား-ယူကရိန်း စစ်ကို ရည်ညွှန်းပြောဆိုသွားခဲ့သည်။

 

အမေရိကန် မဟာဗျူဟာ ရေးဆွဲသူများ အဖို့က ထိုသို့ ဖြစ်မလာခင် ကြိုပြီး သိနိုင်မည့် အချိန်အတိုင်းအတာက အရေးကြီး နေသည်။ 

 

အမေရိကန် တို့ဖက်က ၁၉၄၄ ခုနှစ် နော်မန်ဒီ ကမ်းတက် စစ်ဆင်ရေး ကြီး နောက်ပိုင်း အကြီးမားဆုံး စစ်အင်အားသုံး၍ ပြင်ဆင်ထားဖို့ လိုအပ်လာသည်။ တပ်ဖွဲ့ဝင်များ၏ ခွင့်တောင်းခံလာမှု အား ပယ်ဖျက်ခြင်း၊ ကမ်းတက် သင်္ဘောများ နှင့် ခဲယမ်းမီးကျောက်များ ကြိုတင်စုဆောင်းထားခြင်း၊ ရွှေပြောင်းနိုင်သော ကွပ်ကဲရေး စခန်းများ တည်ဆောက်ခြင်း အပါအဝင် အခြား လုပ်စရာ အများအပြား ရှိနေပေသည်။

 

ရှီကျင့်ပင် သည် စစ်ရေး လေ့ကျင့်သည်ဟု အကြောင်းပြကာ လျပ်တပျက် ဝင်ရောက်တိုက်ခိုက်လာမည်ဟု တွက်ဆထားကြသည်။ သို့သော် ထိုသို့ တိုက်နိုင်ရန် သွေး အမျိုးအစား အလိုက် စုဆောင်းလာခြင်း များ အပါအဝင် သိသာစွာ ပြင်ဆင်လာမှုမျိုးကို သိနိုင်ခွင့် နှစ်ပတ်လောက်သာ ရှိနိုင်သည်ဟု အမေရိကန် အရာရှိများက တွက်ဆထားသည်။ သို့သော် တရုတ်ပြည်မကြီး နှင့် ကပ်နေသည့် တိုင်ဝမ်မှ ထိန်းချုပ်ထားသော ကျွန်းငယ်ကလေးများ သိမ်းပိုက် ဖို့ ကြိုတင်သိနိုင်မည့် အချိန်သည် နာရီပိုင်းမျှ သာ ဖြစ်မည်ဟု ဆိုသည်။

 

အမေရိကန် သည် တရုတ်တို့ စစ်ရေးပြင်ဆင်နေသည်ကို အတိအကျ ကြိုသိရန် စိတ်စောနေသည်၊ သို့မှသာ ကမ္ဘာကို ချပြနိုင်ပြီး ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်နိုင်ရန် စုရုံးနိုင်မည် ဖြစ်သည်။ ဤသည်ကို တွက်ဆမိသော ရှီကျင့်ပင်သည် ဗြုန်းကနဲ ဝင်တိုက်မည်ဆိုက အသက်ရှု ချောင်နိုင်ဖွယ် ရှိနိုင်သည်ဟု ယူဆလာမည် ဖြစ်သည်။ နောက်တချက်က လည်း ထိုသို့ မတိုက်ပဲ တိုင်ဝမ် နှင့် နိုင်ငံ အများစု သံတမန် အဆက်အသွယ် မရှိသည်ကို အခွင့်ကောင်းယူကာ တခုခု ရန်စပြီး ပိတ်ဆို့လာနိုင်သည်၊ ထိုသို့ ဆိုက အမေရိကန် နှင့် မဟာမိတ်များကလည်း အလားတူ လက်တုံ့ပြန်လာနိုင်သည်။

 

အမေရိကန်သည် ၎င်းတို့၏ စစ်ရေး ပြင်ဆင်လာမှု များကြောင့် ပဋိပက္ခကြီး ဖြစ်ပွားလာနိုင်မည့် အဆင့်အထိ ရောက်သွား နိုင်သည့် အန္တရာယ်ကို ချင့်ချိန်စဉ်းစား နေရသည်၊ ဒေသအတွင်းသို့ လေယာဉ်တင် သင်္ဘော အုပ်စုကြီး စေလွှတ်မည်လော၊ တိုင်ဝမ်တွင် တပ်များ ဖြန့်ကျက် ချထားရမည်လော၊ မလက္ကာရေလက်ကြားရှိ တရုတ်တို့ ရေနံတင်သွင်းနေသည့် လမ်းကြောင်းကိုပဲ ခြိမ်းချောက်ထားမည်လော၊ ထိုသို့ တခုခု လုပ်သည် ဆိုလျှင်ပင် တရုတ်တို့မှ ရန်စမှု အဖြစ် သတ်မှတ်လာမည် ဖြစ်သည်။

 

စစ်ကြီး ဖြစ်ဖို့ နီးကပ်လာသည် နှင့် တိုင်ဝမ်သည် စစ်သင်္ဘောများကို လုံခြုံမှု မရှိနိုင်ဟု ယူဆရသည့် အနောက်ဖက် မှ တောင်တန်းများ ကာဆီးထားသော အရှေ့ဖက် ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းပေးတော့မည် ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များအားလည်းမြေအောက် ဘန်ကာ များထဲ ထဲ့ထားပြီး ၂.၃ သန်း ရှိ အရံတပ်များကို ဆင့်ခေါ်မည်လည်း ဖြစ်သည်။

 

နိုင်ငံတွင်းရှိ လူအများအပြားလည်း စိုးရိမ်တကြီးဖြင့် ပြင်ပသို့ တိမ်းရှောင်သွားကြမည့် အရေးကို ထိန်းချုပ်ရန် နှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် စီမံလာနိုင်သည်။

 

အမေရိကန်လည်း ၎င်းတို့ စစ်စခန်းများရှိ တိုက်လေယာဉ် များ အတိုက်ခံရမည် စိုး၍ နေရာအနှံ ဖြန့်ချလာနိုင်သည်။ ရေတပ် နှင့် မရိမ်းတပ်များကို ပိတ်ဆို့နိုင်မည့် နေရာ မှန်သမျှ စေလွှတ်ထားရန် ရှိသည်။ ရေငုပ်သင်္ဘောများလည်း ပင်လယ်အောက်သို့ ငုပ်လျိုးပြီး တိုင်ဝမ်အနီးတွင် သွားရောက်စုစည်း နိုင်သည်။ အ‌မေရိကန် နှင့် တိုင်ဝမ်တပ်မှုးများက တရုတ် ကျူးကျော်ရေး တပ်များ စုစည်းနေသည့် နေရာများကို ဝင်တိုက်ဖို့ တောင်းဆိုလာနိုင်ပြန်သည်။

 

သို့သော် သံတမန်ရေး အရ ဖြေရှင်းရန် ဆန္ဒရှိသူများ နှင့် မိမိတို့မှ စ တိုက်သည်ဟု အပြစ်တင်ခံရမည့် အရေးကို စိုးရိမ်‌နေသူများက ခါးခါးသီးသီး ပယ်ချနိုင်ပြန်သည်။

 

တရုတ်တို့ဖက်ကလည်း သေရေး ရှင်ရေးတမျှ အရေးကြီးလှသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ရဖို့ ဖြစ်လာသည်။ အမေရိကန် နှင့် မဟာမိတ်များ ချီတုံချတုံ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လက်လွန်သွားသည့် သဘောနှင့် တိုင်ဝမ်ကိုပဲ သီးသန့် ဦးတည် တိုက်မည်လော၊ သို့တည်းမဟုတ် ပုလဲ ဆိပ်ကမ်းလို ဒေသတွင်းရှိ အမေရိကန် စစ်စခန်းများကို တိုက်မည်‌လော ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

 

တိုင်ဝမ်ကိုပဲ တိုက်မည်ဆိုက အမေရိကန်တို့ ဖက်မှ အုံနှင့် ကျင်းနှင့် တိုက်ခိုက်လာမည်ကို ခံရဖွယ် ရှိနေသည်။ အမေရိကန် တပ်စခန်းများကို တိုက်မည် ဆိုက ဂျပန် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများပါ ဝင်ပါလာကြမည် ဖြစ်ပြီး ကမ္ဘာစစ်ပွဲကြီး အသွင် ပြောင်းသွားနိုင်ပေသည်။

 

မည်သို့ ရွေးချယ်သည် ဖြစ်စေ စ တိုက်ပြီ ဆိုသည် နှင့် တိုင်ဝမ်သို့ ဒုံးကျည်များ လက်နက်ကြီးများ နှင့် မနားတမ်း စတင် တိုက်ခိုက်လာတော့မည်သာ ဖြစ်၍ တိုင်ဝမ် ရေတပ်၊ လေတပ် နှင့် လေကြောင်းကာကွယ်ရေး စနစ်များ အလျှင် အမြန် ပျက်စီးသွားနိုင်သည်။

 

တိုင်ဝမ် နှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံတွင်းရှိ ဒေသဆိုင်ရာ ဒုတပ်မှုးကြီး ဖြစ်ခဲ့သော ဝမ်ဟောင်ဂွမ်းမှ ၂၀၁၈ နှစ် အတွင်း ခန့်မှန်းချက်အရ ပွဲဦးထွက် ၂၄ နာရီ အတွင်း စစ်ရေး နှင့် နိုင်ငံရေး ပစ်မှတ်များ၊ ပြီးလျှင် ဓါတ်အားပေး စက်ရုံများ၊ ဆီလှောင်ကန်များ ကဲ့သို့ အရပ်ဖက် ပစ်မှတ်များကို မနားတမ်း ပစ်ခတ် တိုက်ခိုက်သွားဖို့ ရှိနေသည်။

 

တိုင်ဝမ် ဂြိုလ်တုများ အား မျက်စိကန်း နားကန်းသွားအောင် လုပ်ဖို့ရှိနေပြီး ပင်လယ်ကြမ်းပြင်ရှိ အင်တာနက် ကေဘဲလ်များကိုလည်း ဖြတ်တောက်ကြမည်လည်း ဖြစ်သည်။ အမေရိကန် နှင့် အခြား မဟာမိတ်များနှင့် ဆက်သွယ်နိုင်သည့် ကွပ်ကဲ ထိန်းချုပ်ရေး စနစ်များကိုလည်း အီလက်ထရောနစ် နည်းဖြင့် မွှေနှောက်ဖို့ ရှိနေသည်။