ရွေးကောက်ပွဲ ရွှေ့ဆိုင်းတော့မယ် ဆိုပဲ

by Hla Soewai - Mar 12 2023

နိုင်ငံ အနှံ သန်းကောင်စာရင်း ကောက်ယူမှု များကို၂၀၂၄ အောက်တိုဘာ ၁ ရက် မှ ၁၅ ရက်နေ့ထိ အပြီး ပြုလုပ်သွားမည်ဟု စစ်ကောင်စီ၏ လူဝင်မှု ရေးရာ တာဝန်ခံ မြင့်ကြိုင်ဆိုသူက ပြောကြောင်း မြန်မာအလင်း သတင်းစာ (အင်္ဂလိပ်) အား ကိုးကား၍ လန်ဒန် ဒေးလီး မေးလ် သတင်းစာကြီးတွင် ဖေါ်ပြလာသည်။

 

ရွေးကောက်ပွဲ အား တိကျမှန်ကန်စွာ ကျင်းပ နိုင်ရေး အတွက် သန်းကောင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်များ အရင် ပြီးစီးရမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားပြီး ဖြစ်၍ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းတော့မည့် လက္ခဏ အဖြစ် ယူဆခြင်းလည်း ဖြစ်ပေသည်။

 

သို့သော် အကြမ်းဖက် စစ်တပ်အား necessary evil အဖြစ် လက်ခံဖို့သာ ရှိတော့သည်ဟု ယူဆနေသည့် အိမ်နီးနားခြင်း နိုင်ငံ အချို့မှ လွဲ၍ အမေရိကန် နှင့် မဟာမိတ် နိုင်ငံ များကတော့ ဘယ်အချိန်လုပ်လုပ် အတုအယောင် အလိမ်အညာ အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖေါ်ပြောဆိုထားပြီး ဖြစ်သည်။

 

ထို့အတွက်ကြောင့်လည်း မင်းအောင်လှိုင်သည် စိတ်ပါလက်ပါ မရှိတော့၊ လုပ်ပါကလည်း သူထင်ထားသလို ရလဒ် ထွက်မလာက ပလ္လင်ပေါ်က ဆင်းပြေးရမည့် အဖြစ်ကြောင့် စွန့်စားလိုပုံ မရတော့ဟု ယူဆစရာ ဖြစ်လာသည်။

 

ဗိုလ်ချုပ်ကြီးများ သည် မရေရာ မသေချာ မှုများ နှင့် ပြည့်နှက်လာနေသည့် အနေအထားကြောင့် အခြား နည်းလမ်းတခုခု ဖြင့် အာဏာ ‌ဆုတ်ကိုင် နိုင်ရေး နည်းလမ်းများ စဉ်းစားလာနေပြီ ဖြစ်သည်ဟု အမေရိကန်ရှိ ငြိမ်းချမ်းရေး အင်စတီကျု မှ ရေးသားသော ဆောင်းပါးတွင် ဖေါ်ပြထားသည်။

(ထိုသို့ ဒုက္ခခံ ရှာဖွေနေရခြင်းမှာလည်း နိုင်ငံတကာ အလယ်တွင် လူရာသွင်းခံရဖို့သာ ဖြစ်ပြီး ပြည်သူများ အတွက် ဆိုလျှင်တော့ ခေါင်းရှုပ်ခံနေစရာ မလိုဟု နှလုံးသွင်းထားပြီးလည်း ဖြစ်သည်)

 

ဆောင်းပါး တွင် စစ်အာဏာသိမ်း အဖွဲ့သည် အာဏာသိမ်းပြီး နောက် ရွေးကောက်ပွဲ တခု လုပ်ပြရမည်ဟူသော ပြဋ္ဌာန်း စာအုပ်ကြီး အတိုင်း လုပ်လာကြသော်လည်း ယခု အကြိမ်သည် ယခင်အခါများလို လုပ်၍ မရတော့ ဆိုသည်ကို ပြည်သူများ က ရှင်းလင်းစွာ သိမြင်နားလည် ထားကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်သည် ပြည်သူများ အား ယခင် အတိုင်း စိတ်လျော့ အညံ့ခံလာရန် အကြောက်တရားများ ရိုက်သွင်းခြင်း၊ အိမ်ကြက်ခြင်း အိုးမဲ သုတ် ခွတ်ခိုင်းခြင်း များ ဖြင့် မရမက ကြိုးစားခဲ့သော်လည်း ဆယ်နှစ်တာမျှ အသက်ဝဝ ရှုခွင့်ရခဲ့သော အရသာကို သိထားပြီး ဖြစ်သော ပြည်သူများ၏ မဆုပ်မနစ် ခုခံ တွန်းလှန်မှု ကြောင့် ယခင်လို ထင်တိုင်းမပေါက် ဖြစ်လာ‌ခဲ့ရသည်။

 

ယခုလည်း မင်းအောင်လှိုင်သည် လမ်းကြောင်းပြောင်း နိုင်ရန် ပုံမှန် အခြေအနေ ဖြစ်မလာသေးဟု ဆိုကာ ၎င်းတို့၏ ဘုရားဟော အလား ကိုးကွယ်နေသည့် ဖွဲ့စည်းပုံကို ဗြောင်ကျကျ ဖေါက်ဖျက်ကာအရေးပေါ် အခြေအနေကို သက်တမ်းတိုးလာခဲ့ပြီ ဖြစ်သည်။

 

၂၀၀၈ ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၂၅ အရ ကနဦး မာရှယ်လော အဖြစ် ၁ နှစ် သတ်မှတ်ပြီး နောက်တွင် ကာလုံသည်တကြိမ်လျှင် ၆ လ နှင့် နောက်ထပ် နှစ်ခါသာ သက်တမ်း တိုးခွင့်ရှိနေသည်။ ယခု မင်းအောင်လှိုင် နှင့် အဖွဲ့သည် ဖွဲ့စည်းပုံအရ မည်သို့မျှ ထပ်တိုးပိုင်ခွင့် မရှိတော့ဟု ဆောင်းပါးရှင်က ဆိုသည်။

 

စစ်တပ်အဖို့ ထိုသို့ ဖေါက်ဖျက်လာကြသည် မှာလည်း သမိုင်းတလျောက် ကြည့်မည်ဆိုက အထူးအဆန်းတော့ မဟုတ်ပေ။

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ‌ဆိုသည်ကလည်း နိုင်ငံတကာ ကို အာရုံ လွှဲနိုင်ရန် နှင့် တဆက်တည်း ဆိုသလို တော်လှန် ဆန့်ကျင်နေသော ပြည်သူများ အား သွေးခွဲနိုင်ရန်ပင် ဖြစ်သည်။

 

စစ် ခေါင်းဆောင်များ အဖို့က အာဏာကို လုံးဝ လက်လွှတ်ပေးလိုက်ရခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည့် အဖြစ်မျိုး ဟု သဘောထားကြသဖြင့် ဖွဲ့စည်းပုံအား ကာကွယ်စောင့်ရှောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ တည်ငြိမ်မှု ရှိရေး၊ ပြည်သူများ စားဝတ်နေရေး ပြည့်စုံ ချောင်လည်ရေး များသည် ၎င်းတို့ စိတ်ထဲတွင် မရှိမဖြစ် လုပ်ရမည့် အရာများဟု မှတ်ယူထားခြင်း မရှိဟု ဆောင်းပါးရှင်က ဆက်လက်ရေးသားထားသည်။ တိုင်းပြည် မည်မျှပင် ပျက်စီး ယို့ယွင်းနေစေကာမူ ၎င်းတို့ အာဏာ တည်မြဲရေး စိတ်မချရသရွေ့ အရေးစိုက်စရာဟု ခံယူထားခြင်း မျိုး မရှိသည်က ၎င်းတို့၏ လုပ်ရပ်များက သက်သေခံနေပေသည်။

 

ဆက်လက် ရှင်သန် ခွင့် ရမည်ဆိုလျှင် မည်မျှပင် တရားမဝင်သည့် လုပ်ရပ်မျိုး ဖြစ်စေကာမူ လုပ်ကြမည်သာ ဖြစ်သည်။

 

ထိုသို့ ခံယူနိုင်အောင်ကလည်း တော်ယုံ စိတ်ဓါတ်ဆိုးများ နှင့်မရ၊ cynicism မိမိကိုယ်ကျိုးသာ ကြည့်တတ်သည့် အတ္တဝါဒ၊ megalomania အလွန်အကျွံ စိတ်ကြီး ဝင်နေမှု၊ bigotry တယူသန် သဘောထား၊ insecurity မိမိကိုယ် မိမိ ယုံကြည်မှု မရှိခြင်း၊ hostility ရန်လိုစိတ် ရှိခြင်း၊ self-preservation မိမိ ရှင်သန်မှု အတွက်သာ ကြိုးပမ်းလိုစိတ်၊ self-interest ကိုယ်ကျိုးသာ ကြည့်တတ်မှူ စသည့် မာဖီးယား စိတ်ဓါတ်မျိုး ရှိထားကြသူများ ဖြစ်သည်ဟု ဆောင်းပါးရှင်က ချပြထားသည်။

 

ထိုသို့သော စိတ်ဓါတ်ရှိသူများ အုပ်ချုပ်နေသရွေ ပုံမှန် အနေအထား မျိုး နှင့်ပင် တိုးတက်မည်လည်း မဟုတ်၊ တော်လှန်ရေးကြီး နှင့် မပတ်သက်သူများပင် ၎င်းတို့အား မုန်းတီးရွံရှာ နေကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ဟု ဆိုသည်။

 

ထိုသို့‌ သော လူမျိုးများအား နောက်ဆုံးတွင် တိုင်းပြည် အကျိုး အတွက် စေ့ဆပ်ညှိနှိုင်းလာမည်ဟု နိုင်ငံတကာ က ထင်မှတ်နေခြင်းကပင် မြန််မာ အရေး ဖြေရှင်းရေး တွင် လွန်စွာ မှ လွဲချော်‌ နေသော သဘောထား ပင် ဖြစ်သည်။

 

၎င်းတို့အဖို့ က အပေးအယူ လုပ်ဖို့ သိနားလည် ထားကြသူများ မဟုတ်ပဲ အင်အား ကိုသာ အဓိကထားသည့် တောတွင်းဥပဒေသကို သာ နားလည်ကြသူများ ဖြစ်သည်။

 

လက်ရှိ ရခိုင်တပ်တော် AA ကို တိုက်၍ မဖြစ်မှန်း သိလာသည့် အခါမှသာ အလျော့ပေး ညိုနှိုင်းလာကြသည်က အနီးစပ်ဆုံး ဥပမာ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ ခေါင်းထဲတွင် တဖက်က မည်မျှ အင်အား ရှိနေ၍ တန်းတူရည်တူ ထား ဆွေးနွေးဖို့ လိုမည်နည်းဟု တွေးကြသူများသာ ဖြစ်သည်။

 

၁၉၈၁ ခုနှစ် အတွင်း စစ်တပ်နှင့် ဆွေးနွေးခဲ့ဖူးသော ကချင် လွတ်မြောက်ရေး တပ်တော် ခေါင်းဆောင် ဘရန်ဆိုင်းက မိမိတို့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှု ရှိမှသာ ၎င်းတို့နှင့် ဆွေးနွေး၍ ရနိုင်ဖွယ် ရှိသည်ဟု ဝန်ခံခဲ့ဖူးသည်။

 

ထို့အတွက်ကြောင့်လည်း စေ့ဆပ်‌ ဆွေးနွေးခြင်းဆိုသည်ကို မည်သို့မျှ နားမလည် သူများအား ပြည်သူများက လက်နက်ကိုင် တိုက်မှ ဖြစ်တော့မည့် ဆိုသည့် လမ်းစဉ်ကို ရွေးချယ် ခဲ့ကြခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အတွက် မည်သို့မျှ အောင်မြင်စရာ လမ်းမရှိဟု မြင်လာမှသာ ‌ဆွေးနွေးရမည့် လမ်းကို ရွေးလာကြမည် ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များအား လက်ရှိ ထိတွေ့ ဆက်ဆံမှ ဖြစ်မည်ဟု ခံယူလာသူများသည် အထက်က ဖေါ်ပြခဲ့သော စိတ်ဓါတ်ရှိသူများ အား ၎င်းတို့လုပ်ရပ် မှန်နေသယောင် ထင်လာအောင် အားပေးအားမြှောက် ပြုခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

 

ထိုစစ်ဗိုလ်ချုပ်များ ဆက်လက် အုပ်ချုပ်နိုင်နေသရွေ့ တိုင်းပြည်သည် မည်သို့မျှ တည်ငြိမ် မှု ရှိလိမ့်မည်လည်း မဟုတ်၊ လူထု၏ မုန်းတီး ရွံရှာနေမှုများသာ တနေ့တခြား တိုးပွားလာဖို့သာ ရှိပေသည်ဟု ဆောင်းပါးရှင်က နိဂုံးချုပ် ရေးသားထားသည်ကို ကောက်နှုတ် တင်ပြလိုက်ရပါသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!