မြန်မာ အရေး ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး

by Hla Soewai - Mar 15 2023

ယနေ့ နယူးယောက်တွင် ပြုလုပ်ရန် ရှိသည့် မြန်မာ အရေး အပေါ် ကုလ လုံခြုံရေး ကောင်စီ၏ တံခါးပိတ် အစည်းအဝေး သည် နယူးယောက် စံတော်ချိန် ညနေ ၄ နာရီ အထိ ဆွေးနွေးကြခြင်း မရှိသေးဟု သိရသည်၊ သို့သော် အဆိုပါ အစည်းအဝေး အပေါ် ခန့်မှန်းချက်များ နှင့် ပတ်သက်၍ ရသမျှ သတင်းများကို တင်ပြသွားပါမည်။

 

ထိုအစည်းအဝေးသည် ဒီဇင်ဘာ ၂၂ ရက်တွင် ချမှတ်ခဲ့သော လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နှင့် ပတ်သက်ပြီးအခြေအနေများ အား ကုလ အတွင်းရေးမှုးချုပ် ၏ အထူး သံတမန် နိုလင်း ဟေဇာ နှင့် အာဆီယံ အထူး သံတမန် ဖြစ်သည့် အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ တို့ မှ နှုတ်အားဖြင့် အစီရင်ခံရန် ရှိနေသည်။

 

ယနေ့ အစည်းအဝေး ကျင်းပပုံကို ဗြိတိန်၊ အမေရိကန် နှင့် အချို့ အဖွဲ့ဝင်များက လူသိရှင်ကြား ပြုလုပ်ပေးရန် တွန်းအားပေးခဲ့ကြသော်လည်း အောင်မြင်မှု ရခဲ့ပုံ မရှိဟု သုံးသပ်ခဲ့ကြသည်။ တရုတ် နှင့် ရုရှား တို့က ထိုသို့ ပြုလုပ်ရန် ဆန့်ကျင်ခဲ့ကြသည့် အပြင် အင်ဒိုနီရှားကလည်း ဖြစ်နိုင်လျှင် တံခါးပိတ်ရန် လိုလားနေပုံ ရှိသည်ဟု ဆိုသည်။

 

မာဆူဒီမှ အချက် ငါးချက် အကောင်အထည် ဖေါ်လာရန် အင်ဒိုနီရှား၏ ချည်းကပ်ပုံကို တင်ပြမည်ဟု မျှော်လင့်ရသည်။ သူမက ဇန်နဝါရီ ၁၁ ရက်နေ့ တွင် ပတ်သက်မှု ရှိနေသူ အားလုံး နှင့် ထိတွေ့ ဆက်ဆံ နိုင်မှသာ ဆွေးနွေးပွဲ များ ဆီ ဦးတည် နိုင်လိမ့်မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။ အင်ဒိုနီရှား အနေဖြင့် မြန်မာအား လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြီးမှ လွန်မြောက်နိုင်ရန် အကူအညီ ပေးသွားမည် ဟု ဆိုသည်။ ဖေဖေါ်ဝါရီ ၃-၄ တွင် ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အစည်းအဝေး တွင် အချက် ငါးချက် အပေါ် မည်သို့မျှ တိုးတက်မှု မရဟု အစီရင်ခံခဲ့ပြီးလည်း ဖြစ်သည်။

 

သို့သော် လုံခြုံ‌ရေး ကောင်စီ ဝင်များက အာဆီယံ နိုင်ငံ အချင်းချင်း ထိုကိစ္စ အပေါ် တိုးတက်မှု ရှိရန် မည်သို့ သဘောထားသည်၊ မည်သို့ ဆက်သွယ် ပြောဆို၍ နေကြသည်ကို သိလိုကြသည်။

 

နိုလင်းဟေဇာ မှ မြေပြင်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ အပေါ် အစီရင်ခံ မည် ဖြစ်သည်။ သူမ သည် နိုင်ငံ လူဦးရေ သုံးပုံတပုံ ဖြစ်သော ၁၇.၆ သန်းသည် လူသားချင်း စာနာ ထောက်ထားသော အကူအညီများ အရေး ပေါ် လိုအပ်နေသည်ကို တင်ပြသွားမည် ဖြစ်သည့်အပြင် ထိုသို့ အကူအညီပေးရန် အတွက်လည်း စစ်ကောင်စီ မှ ပြဋ္ဌာန်း လာသော လိုအပ်ချက် ဆိုသည်များ ကြောင့် အခက်အခဲ များ နှင့် ရင်ဆိုင်နေရပုံကို လည်း ထည့်သွင်း ပြောဆိုမည် ဟု မျှော်လင့်ရသည်။

 

မြန်မာ အား ထောက်ပံ့ ကူညီနိုင်ရန် ကုလ မှ ၂၀၂၃ အတွက် ဒေါ်လာ ၇၆၄.၃ သန်း တောင်းခံထားသော်လည်း ယခု အချိန်အထိ စုစုပေါင်း ပမာဏ ၏ ၅.၂ ရာနှုန်းသာ ရရှိသေးသည် အကြောင်းများ လည်း ပါဝင်မည် ဖြစ်သည်။

 

နောက်ထပ် ဆွေးနွေးမည့် အကြောင်းက အာဏာသိမ်း အဖွဲ့မှ ပြုလုပ်ရန် စိုင်းပြင်းနေသည့် ရွေးကောက်ပွဲ ပင် ဖြစ်သည်။ ၎င်းတို့ မှ အရေးပေါ် အခြေအနေ ဆိုသည်ကိုလည်း နောက်ထပ် သက်တမ်း ၆ လ တိုးထားပြန်သဖြင့် ရွေးကောက်ပွဲ ဆိုသည် က ဖြစ်ဖွယ် မရှိဟု ယူဆနေပြန်သည်။

 

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက် ဖမ်းဆီးထားမှု အပေါ်လည်း ဆွေးနွေးရန် ရှိနေသည်။

 

သို့သော်လည်း တက်ကြွလှုပ်ရှားသူများ နှင့် လူ့အခွင့်အရေး အဖွဲ့များက ကုလ ပဋိညာဉ် စာတမ်း၏ အခန်း (၇) ပါ လက်နက် ရောင်းချမှု ပိတ်ဆို့ရေး၊ နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းပေးရေး နှင့် စစ်ကောင်စီ အဖွဲ့ဝင်များ နှင့် ဆက်စပ် ကုမ္ပဏီ များ အပေါ် ကုလ ၏ ဦးဆောင်မှု ဖြင့် ဒဏ်ခတ် ပိတ်ဆို့ သွားရေး အစရှိသည့် အဓိပ္ပါယ် ရှိမည့် လုပ်ရပ်များကို ချမှတ်ပေးရန် ဝိုင်းဝန်း တောင်းဆိုနေကြပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့ မှ ကုလ ၏ ဆုံးဖြတ်ချက် ၂၆၆၉ အား မည်သို့မျှပင် အရေးမထားသည့် အတွက် နောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံ ချမှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

 

ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ‌ဗောလ်ကာ တပ်ခ် မှ အကြမ်းဖက် စစ်တပ်သည် နိုင်ငံ အတွင်း ၎င်းတို့ အား ဆန့်ကျင်နေသူများ အား မြေလှန်စနစ် ကျင့်သုံး နှိမ်နှင်းနေသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

ကုလ သမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စက် ဘာဘရာ ဝုဝပ်ဒ်မှ “မိမိတို့ အနေဖြင့် ယခု လောက် ဆိုလျှင် တိုးတက်မှု များ တကယ်ကို တွေ့မြင်လိုနေပြီ၊ မြန်မာ ပြည်သူများလည်း ဒုက္ခ ရောက်လှပြီ ဖြစ်သည်” ဟု ယနေ့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မြန်မာသည် ကမ္ဘာပေါ်တွင် အရပ်သား အသေအပျောက် ဒုတိယ အများဆုံး နိုင်ငံ အဖြစ် သတ်မှတ်ထားပြီး ဖြစ် ကုလ သမဂ္ဂသည် ကြာရှည် လစ်လျူရှုထား၍ မဖြစ်တော့သည့် အခြေအနေ ဆိုက်‌ရောက်လာခဲ့ပြီ ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်သည် တရုတ် နှင့် ရုရှား တို့ အပေါ် အားကိုးပြုကာ ယခုလို လက်ရဲဇက်ရဲ ကျုးလွန်နေခြင်း လည်း ဖြစ်သည်။ သို့သော် သူ မတွက်ချက်မိသည်က ဥပမာ ယနေ့လို အစည်းအဝေး မျိုး တွင် ထိုနှစ်နိုင်ငံက ကြားနေလိုက်၍ မြန်မာ အပေါ် မဖြစ်မနေ လိုက်နာရန် လိုအပ်သည့် ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာမည် ဆိုက ၎င်း အနေဖြင့် မျက်ကလူး ဆန်ပြာ ဖြစ်ကာ မည်သို့မျှ မတတ်နိုင်တော့မည့် အခြေအနေ ရောက်သွားနိုင်သည်ကို တွက်ဆထားခြင်း မရှိသည်မှာလည်း အတော် အံ့ဩစရာ ကောင်းနေရသည်။

 

အစည်းအဝေး နှင့် ပတ်သက်ပြီး တရားဝင် သတင်း ထွက်‌ပေါ်လာပါက ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန် စစ် မုချ အောင်ရမည်!!!