အိုင်စီစီ မှ ပူတင်ကို ဖမ်းဝရမ်း ထုတ်ပြီ

by Hla Soewai - Mar 18 2023

နိုင်ငံတကာ ရာဇဝတ်မှု ခင်းများ ဆိုင်ရာ တရားရုံး မှ ရုရှား သမ္မတ ပူတင် နှင့် ကလေးများ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မစ္စက် မာရီယာ အယ်ဗိုဗာ ဘီလိုဗာ တို့ နှစ်ဦးအား ယူကရိန်း ကလေးသူငယ်များ အား “တရားမဝင် နှင်ထုတ်မှု” ဆိုသည့် ပြစ်မှုများ ဖြင့် ရုံးတင် တရားစွဲဆိုနိုင်ရန် ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ထိုပုဂ္ဂိုလ် နှစ်ဦးစလုံးသည် သိမ်းပိုက်ထားသော ယူကရိန်း နယ် မြေများ အတွင်း ရှိ လူထုအား ရုရှား ဖက်ဒရေးရှင်း ထဲသို့ တရားမဝင် ရွှေ့ပြောင်းပေးနေသည့် စစ်ရာဇဝတ်မှုများ ကျုးလွန်နေမှု များ တွင် တာဝန်ရှိသည်ဟု ယုံကြည်ရသောကြောင့် သက်သေ အထောက်အထားများကို ပမာဏ ကြားနာ စစ်ဆေးပြီး တရားသူကြီးများက ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

 

မာရီယာ သည် ယူကရိန်း မှ အသက် ၁၅ နှစ် အရွယ် ကလေးငယ်တဦး အား တရားဝင် မွေးစားခဲ့ပြီး ပူတင်အားလည်း ကျေးဇူးတင်ရှိကြောင်း နှင့် ကလေးများအား ရုရှား ယဉ်ကျေးမှု နှင့် အံဝင်ဂွင်ကျ ဖြစ်‌အောင် သင်ကြားပေးရဦးမည် ဖြစ်ကြောင်း အစရှိသည်တို့ကို ပူတင်အား ပြီးခဲ့သည့် လ အတွင်း ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခဲ့မှု အား ရုပ်သံသတင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အထောက်အထားများလည်း ရရှိထားခဲ့သည်။ (ပုံတွင် ၎င်းတို့ နှစ်ဦး အား တွေ့နိုင်သည်)

 

တရားသူကြီး အဖွဲ့က ဝရမ်းကို လျို့ဝှက် ထုတ်ပြန်ရန် စဉ်းစားခဲ့ကြသော်လည်း “ထိုကဲ့သို့ ပြစ်မှုများ ထပ်မံ ကျုးလွန်လာကြမည့် အရေး ကို ဟန့်တားလို၍ ယခုလို လူသိရှင်ကြား ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။  

 

သို့သော် မော်စကို မှ အိုင်စီစီ ၏ တရားစီရင်ပိုင်ခွင့် ကို အသိအမှတ် မပြုဟု နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာ က ဆိုသည်။ ရုရှား သမ္မတဟောင်း ဒီမီထရီ မက်ဗက်ဒစ်ဖ် မှ အိမ်သာသုံး စက္ကူ အဖြစ်သာ အသုံးဝင်သည်ဟု နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

 

ယူကရိန်းသည်လည်း အိုင်စီစီ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ မဟုတ်ပေ။ သို့သော် ယူကရိန်း အစိုးရမှ နိုင်ငံတွင်း တရားစီရင်ပိုင်ခွင့်ကို အိုင်စီစီ အား ပေးအပ်ခဲ့ပြီး ဖြစ်သည်။

 

အကယ်၍ အမျိုးသား ညီညွတ်ရေး အစိုးရ အား နိုင်ငံတကာ မှ အသိအမှတ် ပြုလာမည် ဆိုက အိုင်စီစီ အနေဖြင့် ထိုကဲ့သို့ ဖမ်းဝရမ်း အား မင်းအောင်လှိုင် အတွက် တရားဝင် ထုတ်ပြန်ပေးရဖို့ ဖြစ်လာနေသည်။ အမျိုးသား ညီညွတ်ရေး အစိုးရ မှ နိုင်ငံတွင်း ကျုးလွန်နေမှုများ အား ယူကရိန်းကဲ့သို့ပင် စုံစမ်းစစ်ဆေး ပေးပါရန် တရားဝင် တောင်းဆိုထားခဲ့ပြီးလည်း ဖြစ်သည်။

 

ရုရှားသည် မြန်မာ ကဲ့သို့ ရောမ စာတမ်းကို လက်မှတ်ရေးထိုးထားခြင်း မရှိ၍ ယခုလို ပြောဆိုနိုင်ခြင်း လည်း ဖြစ်သည်။ သို့သော် ပူတင် ကဲ့သို့ ခေါင်းဆောင် တဦး အနေဖြင့် စစ်ရာဇဝတ်မှု များ ဖြင့် ယခုလို ဖမ်းဝရမ်း ထုတ်ခံလိုက်ရခြင်းသည် ၎င်း၏ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ 

 

အိုင်စီစီမှ ထိုသို့ ဖမ်းဝရမ်းထုတ်ခံရသည့် လက်ရှိတာဝန် ထမ်းဆောင်နေသော သမ္မတများ ထဲတွင် တတိယမြောက် ပုဂ္ဂိုလ် ဖြစ်လာသည်။ သူ့ယခင် နှစ်ဦး မှာ ဆူဒန်သမ္မတ အိုမာ အယ် ဘာရှီရား နှင့် လစ်ဗျား သမ္မတ ကဒါဖီတို့ ဖြစ်သည်။ 

 

အိုင်စီစီမှ ထိုသို့ ကျုးလွန်ရန် အမိန့်ပေးသူများကော၊ လက်ခံနေသူများ အတွက် ဟိဂ် တရားရုံး အကျဉ်းထောင် မှ စောင့်စားနေပြီ ဖြစ်သည်ကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဆိုသည်။

 

ထို့အပြင် ၎င်း အနေဖြင့် ရောမ စာတမ်းအား လက်မှတ်ရေးထိုး ထားသည့် နိုင်ငံ တနိုင်ငံသို့ သွားရောက်မည် ဆိုက ထိုနိုင်ငံ အနေဖြင့် ပူတင်အား မဖြစ်မနေ ဖမ်းဆီး ပေးရဖို့ တာဝန်ရှိလာပြီ ဖြစ်သည်။ ထို့အတွက် ပူတင် သည် ကမ္ဘာတဝှမ်းသို့ စိတ်ထင်တိုင်း သွားရောက်ပိုင်ခွင့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

ထိုဖမ်းဝရမ်း အား အကောင်အထည် ဖေါ်ဖို့ မိမိတို့ တွင် ရဲတပ်ဖွဲ့ ဟူ၍ မရှိသဖြင့် နိုင်ငံတကာ မှ ဖမ်းဆီးပေးရန် သာ ရှိတော့သည်ဟု အိုင်စီစီ အကြီးအကဲ ပီယော့ ဟော့မင်းစကီးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။ 

 

ယူကရိန်း သမ္မတရုံး အကြီးအကဲ မှ အဆိုပါ သတင်းကို “အစပျိုးခြင်း” အဖြစ် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။ လေ့လာသူ အားလုံးကလည်း ယင်းသည် ရှေ့လာမည့် လများ အတွင်း ထပ်မံ ထွက်ပေါ်လာမည့် ဝရမ်းများ၏ ပွဲဦးထွက် ဖြစ်ကြောင်း အိုင်စီစီ ရှေ့နေ ကာရင် ခန်မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ရုရှား ခေါင်းဆောင် ပိုင်းသည် နိုင်ငံတကာ ကျင့်ထုံးများကို မျက်ကွယ်ပြုကာ ခိုးကြောင်ခိုးဝှက် မဟုတ်ပဲ ပြောင်ပြောင်တင်းတင်း ဖြင့် ယူကရိန်း ကလေးသူငယ်များ အား အတင်းအကျပ် ခေါ်ယူသွားကာ ရုရှား နိုင်ငံ အတွင်း မွေးစားခိုင်းခဲ့ခြင်း ဖြစ်သည်။ ‌ယေး တက္ကသိုလ်၏ အစီရင်ခံစာတွင် ကရိုင်းမီယား တွင် ယူကရိန်း ကလေးသူငယ် ၆,၀၀၀ ခန့် စခန်းသွင်းထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ စခန်းမျိုး ၄၃ ခု ခန့် နိုင်ငံတဝှမ်း တွင် ရှိနေသည်ဟုလည်း ဖေါ်ပြထားသည်။ သို့သော် ရုရှားဖက်မှ စစ်ဖြစ်ပွားရာ ဒေသများ ရှိ မိဘမဲ့ ဖြစ်ကျန်ရစ်ခဲ့သည့် ကလေးများဟု ပြောလာခဲ့သည်။ သို့သော် မိဘများကမူ ထိုကဲ့သို့ ပြောဆိုခြင်းကို ငြင်းဆိုခဲ့ကြသည်။

 

ဖမ်းဝရမ်းသည် တရုတ်သမ္မတ ရှီကျင့်ပင် မော်စကို သို့ ဆိုက်ရောက်မလာမီ ရက်အနည်းငယ် အလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်၍ ရှီကျင့်ပင် အဖို့ မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။

 

ပူတင် အဖို့က လောလောဆယ် တရားဥပဒေ နှင့် ရင်ဆိုင်ရဖို့ မရှိသေးသော်လည်း ၎င်းအား ရာထူးမှ ဖယ်ရှားခံရသည် အချိန်တွင်တော့ ဟိဂ်သို့ လက်ထိပ်ကြီး နှင့် ရောက်လာဖို့ အခွင့်အလန်း များသွားပြီ ဖြစ်သည်။

 

အလားတူ ပူတင်၏ တပည့်ရင်း အဖြစ် တဖက်သတ် ခံယူလာသော မင်းအောင်လှိုင် ကျုးလွန်သော ရာဇဝတ်မှု များ အား နိုင်ငံတကာမှ လစ်လျု ရှု၍ မဖြစ်၊ စံပြ အနေဖြင့် အရေးယူလိုသည် ဆိုက တော်လှန်‌ရေးကြီး အောင်မြင်အောင် လိုအပ်သည်မှန်သမျှ ပံ့ပိုးသွားကြရဖို့ သာ ရှိနေပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!