အရေခွံလဲရတော့မည့်အာရှကျားကြီးများ (နိဂုံး)

by Hla Soewai - Dec 29 2019

Fearful symmetries

တိုက်ဂါးတို့ နုပျိုစဉ် ကာလကပင် ဖြေရှင်းစရာ ပြဿနာများ ရှိနေခဲ့သည်၊ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ် ယခုလို လမျိုးတွင် ဘောဂဗေဒ ပညာရှင် ပေါလ် ကရပ်မင်း သည် Foreign Affairs ဆိုသည် အမေရိကန် မူဝါဒ ရေးရာ ဂျာနယ်တွင် ‘အာရှ တန်ခိုးပြာဋိတော်များ ၏ နိပတ်တော်” ခေါင်းစဉ် ဖြင့် ဆောင်းပါးတပုဒ် ရေးသားခဲ့ဖူးသည်၊ အာရှ သားတို့၏ စီးပွားရေး သည် အပေါ်ယံအားဖြင့် ကြည့်မည်ဆိုက အင်တိုက်အားတိုက် တက်ကြွလှုပ်ရှားလာဟန် ရှိသည်ဟု ယူဆရသော်လည်း အနီးကပ် လေ့လာကြည့်မည်ဆိုက စွမ်းဆောင်ရည် ပိုင်းတွင် အံ့ဩဖွယ်ကောင်းလောက်အောင် အားနည်းနေသည့် အဖြစ်ကို တွေ့ရမည်ဟု ဆိုသည်။ ၎င်းတို့ တိုးတက်လာနေမှုများသည် လျင်မြန်စွာ တိုးမြင့်လာနေသည့် လုပ်သားအင်အား၊ အရင်းအနှီး အစရှိသည် ထည့်ဝင်မှုများ အပေါ် လုံးလုံးလျားလျား မှီခိုနေသည်၊ ၎င်းတို့ ပြသခဲ့သော တန်ခိုးပြာဋိတော်များသည် “ညဏ်ကွန့်မြူးလာမှုများ”ကြောင့် မဟုတ်ပဲ “ချွေးပြိုက်ပြိုက် ကျအောင် လုပ်ရခြင်း” အ‌ပေါ်သာ အ‌ခြပြုထားခြင်း ဖြစ်သည်၊ အထူးသဖြင့် စင်္ကာပူသည် “စတာလင်ပင် ဂုဏ်ယူရမတတ် ဖြစ်လောက်သည့် အရင်းအမြစ်များကို စုစည်း အသုံးချနိုင်မှုများကြောင့် ကြီးပွားလာခဲ့ခြင်း”  ဖြစ်သည်ဟုလည်း ချေပရေးသားခဲ့ပေသည်။

 

အဆိုပါ ‌ချွေးထွက်များခဲ့သော တိုးတက်မှု ပုံစံသည် သဘာဝတရား၏ ကန့်သတ်လာမှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ အလုပ်အကိုင် ပေးနိုင်မှု နှုန်းသည် အမြဲလို တိုးမြှင်နိုင်မည် မဟုတ်ပေ။ အရင်းအနှီးများမှ စုဆောင်းရရှိလာသော အမြတ်ငွေများသည်လည်း‌ တနေ့တွင် ထင်သလောက် မရတော့မည့် အဖြစ်မျိုး ကြုံရပေမည်သာ ဖြစ်သည်၊ ထို့အတွက်ကြောင့်လည်း ကျားတို့၏ ‌‌ခြေလှမ်းများသည် နှေးကွေးလာဖို့သာ ရှိသည်ဟု လည်း ‌ရေးသားထားခဲ့သည်။

 

‌ပေါလ် ကရပ်မင်း နောက်ဆုံး ထောက်ပြခဲ့သော အချက်သည် သွေးထွက်အောင် မှန်သည်ဟု ဆိုရမည် ဖြစ်သည်၊ လက်ရှိ ဆယ်စုနှစ်အတွင်း ကျားတို့၏ ပျမ်းမျှ တိုးတက်မှု နှုန်းသည် ၃% သာ ရှိခဲ့သည်။ ၁၉၉၀ ကျော် ကာလများက ၈% အထိ ရှိခဲ့သည်။ သို့သော် ယခုအခါ ညဏ်ကွန့်မြူးလာမှုများ နှင့်  ချွေးတို့ကို ကရပ်မင်း စိုးရိမ်ခဲ့သလို မဟုတ်ပဲ သမအောင် ‌ရောမွှေ လာနိုင်ခဲ့ကြသည်။ လုပ်သား အင်အားထည့်ဝင်နိုင်မှုသည် တဖြေးဖြေး တိုးတက်လာခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်မှု၏ စွမ်းဆောင်ရည်မှု တွင် တိုးတက်လာခဲ့ခြင်းသည် (သီအိုရီအရ အငြင်းပွားဖွယ် ရှိနေသော်လည်း) အကြီးမားဆုံး ကဏ္ကမှ ပါဝင်လာခဲ့သည်။ တိုကျိုတွင် အခြေစိုက်သည့် အာရှ ကုန်ထုတ်လုပ်ငန်း အသင်းကြီး အဆိုအရ ၂၀၀၀ နှင့် ၂၀၀၇ ခုနှစ်များ အကြားတွင် ကျားများသည် အမေရိကန်ထက်ပင် နှစ်ဆခန့် တိုးတက်လာသည်ဟု သိရသည်။

 

ကျားများက ဆိုဗီယက် ပြည်ထောင်စုတွင် စတာလင်၏ စက်မှု ထွန်းကားရေး ဦးဆောင်ဦးရွက် ပြုမှုများနှင့် နှိုင်းယှဉ် ဖေါ်ပြနေခြင်းများ ကို‌ အမှုမထား‌သော်လည်း ဂျပန်၏ သိမ်မွေ့လှသည့် စီးပွား‌ရေး တုံ့နှေးမှုများ နှင့် နှိုင်းယှဉ် ပြောဆိုလာမှုများကိုတော့ ထိတ်လန့်လာခဲ့ကြသည်။ ဂျပန်၏ လူနေမှု ဘဝသည် နိုင်ငံသား အများအပြားအတွက် မကြောင့်မကျ နေထိုင်ရသည့် ဘဝကို ပိုင်ဆိုင်နေကြသည်။ သို့သော် စီးပွားရေး သည်ကား အခြေပြုတ်လာခဲ့ပြီ ဖြစ်သည်။ ဂျီဒီပီ အရ လူတဦးချင်း ဝင်ငွေသည် ဝယ်ယူနိုင်အား ညီမျှမှု Purchasing Power Parity (PPP) တွင် ၁၉၉၀ ၌ အမေရိကန်၏ ၈၅% ရှိခဲ့သော်လည်း ယခုအခါ ၇၀% နီးပါးသာ ရှိတော့သည်။ ဂျပန် အဖို့ ယခုလို တာရှည်စွာ စီးပွားရေး နှေးကွေးမှု နွံထဲ နစ်နေရသည့် အကြောင်းတခုသညအသက်အရွယ် အိုမင်းလာသူများ များပြားလာရသောကြောင့်ပင် ဖြစ်သည်။ ကမ္ဘာတွင် အသက်အရွယ် ကြီးရင့်သူ အများဆုံး ရှိသည့်နိုင်ငံများထဲတွင် ဂျပန်ထက် အရည်အတွက်များသည့် နိုင်ငံဆို၍ သေးငယ်လှသော မိုနာကို နိုင်ငံသာ ရှိတော့သည်။ ရှေ့လာမည့် နှစ်ပေါင်း သုံးဆယ်အတွင်း ကျားများသည်လည်း ဂျပန်၏ လက်ရှိနှုန်းထက် အသက်အရွယ် ကြီးရင့်သူများ ပိုမို များပြားလာပေလိမ့်မည်။ ကျားများသည် ဂျပန်၏ စီးပွားရေး ပုံစံအတော်များများကို အတုယူ တည်ဆောက်လာခဲ့ကြသူများလည်း ဖြစ်သည်။ တောင်ကိုရီယား နှင့် တိုင်ဝမ်သည် ဝန်ဆောင်မှု လုပ်ငန်းများထက် စက်မှုကုန်ထုတ်လုပ်ငန်းပိုင်းတွင် ပို၍ ခိုင်မာစွာ ရပ်တည်နေကြသော်လည်း ကျားလေးကောင်စလုံးသည် ပို့ကုန်များ အပေါ် ထူးထူးခြားခြား ဆက်လက်မှီခိုနေရဆဲ ဖြစ်သည်။ ပို့ကုန် ဝယ်လိုအား‌ပေါ် မူတည်ပြီး စီးပွားရေး တိုးတက်မှု ကို ဖေါ်‌ဆောင်နေကြရဆဲ ဖြစ်သည်။ ယခု ဂျပန် ၏ အောင်မြင်မှု ကို ပုံတူ ကူးခဲ့ကြသလို ဂျပန်၏ ကျဆုံးမှုသည် ၎င်းတို့အပေါ် ဆင့်ပွားကူးစက်လာနိူင်မည်လား ဆိုသည့် ‌မေးခွန်း ထွက်‌ပေါ်လာခဲ့ရသည်။

 

ဂျပန်၏ အရွေ့အတိုင်း ပုံတူဖြစ်လာပါကလည်း လုံးဝဥဿုံ ပျက်စီးသွားမည့် အဖြစ်သို့ ရောက်မည်တော့ မဟုတ်‌ပေ၊ အလယ်အလတ် ဝင်ငွေရှိ နိုင်ငံ ထောက်ချောက်ထဲ ကျဆင်းသွားမည့် အဖြစ်ကို စိုးရိမ်နေသော နိုင်ငံအများအပြားသည် ဂျပန်၏‌ အလယ်အလတ် ဝင်‌ငွေမျိုးသာ ရမည်ဆိုက ပျော်ပျော်ကြီး လက်ခံကြမည်သာ ဖြစ်သည်။ သို့သော် ကျားများသည် ၎င်းတို့လို ‌ရောင့်ရဲ တင်းတိမ်နေကြသူများ မဟုတ်ပေ၊ ကျားတို့၏ အနေအထားသည် ဂျပန်နှင့် အပြိုင်ဟု ဆို၍ရသော်လည်း ကွဲလွဲမှုများစွာ ရှိနေသည်။

 

ဂျပန် ၏ စတော့ ရှယ်ရာများနှင့် ပိုင်ဆိုင်မှုများ ပူစည်ဖောင်းလို ပွက်ပွက်ဆူအောင် တဟုန်ထိုး တိုးမြှင့်လာခဲ့သည့် နှစ်များ နှင့် နှိုင်းယှဉ် မည်ဆိုက ထိုကာလများက သိုသိပ် ကျစ်လစ်စွာ သုံးစွဲခဲ့သည့် financial conservatism ၏ ပြယုဒ် များ ဖြစ်ခဲ့သည်။ ၁၉၉၇ တွင် ဖြစ်ပေါ်ခဲ့သော အာရှ၏ ဘဏ္ကာရေး အကြပ်ဆိုက်ခဲ့ရသည့် နှစ်များအတွင်း ဘဏ်များတွင် ငွေကြေး အလုံအလောက် ရှိနေရန်နှင့် ချေးငွေများကိုလည်း စစ်စစ်စီစီ ချေးငှားရန် ကြပ်မပ်လာခဲ့သည်။ ထို့အပြင် ကျားများသည် ကမ္ဘာကုန်သွယ်ရေး စနစ်အတွင်း အခိုင်အမာ နေရာယူထားပြီး ဖြစ်သဖြင့်လည်း ထိုအနေအထား အတိုင်း ဆက်လက်ဦးဆောင်သွားရန် သံဓိဠာန် ချထားခဲ့ကြသည်။ ကမ္ဘာ စီးပွား‌ရေး ဖိုရမ်၏ ယှဉ်ပြိုင်မှု အညွှန်းကိန်း (စီးပွားရေးလုပ်ရန် လွယ်ကူမှု) တွင် ထိပ်ဆုံးမှ ရောက်နေခြင်းကိုလည်း ကျားလေးကောင်စလုံး ဂုဏ်ယူဝင့်ကြွားလာခဲ့ကြသည်။

 

ကျားများသာ ခြေချော်လက်ချော် ဖြစ်လာမည် ဆိုက ဂျပန်ကဲ့သို့သော အမှားများကို ကျုးလွန်ခဲ့ကြခြင်းကြောင့် မဟုတ်ပဲ သူတို့အကြောင်းနှင့် သူတို့ ဖြစ်သည်။ တိုင်ဝမ်သည် ၎င်းတို့၏ စီးပွားရေးအား တရုတ်ပြည်နှင့် နွယ်နေသည့် အဖြစ်မှ ရုန်းထွက်ချင်နေသည်။ သို့သော် တရုတ်သည် ယခုအခါ အာရှ စီးပွားရေး၏ ဗဟိုချက်မကြီး ဖြစ်လာနေသောကြောင့် မလွယ်ကူတော့ပေ၊ ‌တောင်ကိုရီယား တွင်လည်း စီးပွားရေး သည် လူတစု၏ လက်ဝယ်တွင် စုပြုံလာနေခြင်းကို ဒေါသထွက်လာနေပြီး ပိုမို မျှတသည့် စနစ်တခု ဖန်တီးပေးရန် တောင်းဆိုလာနေကြသည်။ သို့သော် အစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိသည့်အပြင် မရည်ရွယ်သော ဆိုးကျိုးများပင် ဖြစ်လာခဲ့ရသည်။

 

စင်္ကာပူရှိ သေချာကျနစွာ စီမံထားသော နိုင်ငံရေး စနစ် အပေါ်လည်း ယုံကြည်မှု ကုန်ခမ်းစ ပြုလာနေသည်။ လူများ ဝင်ရောက်လာမှု နှင့် ပတ်သက်သော ဂယက်ရိုက်ခတ်မှုများကြောင့် ကမ္ဘာတဝှမ်းတွင် ခေါင်း‌ထောင်ထလာသော ပေါ်ပြူလစ်ဆင် သည် စင်္ကာပူသို့ ကူးစက်လာနိုင်ပြန်သည်။ ကျားလေးကောင်ထဲတွင် ဟောင်ကောင်သည် နောက်ပြန်ဆုပ်သွားမည့် အန္တရာယ် နှင့် ကြုံနေရပြီ ဖြစ်သည်။ ဟောင်ကောင်ပြည်သူများသည် ၎င်းတို့၏ အောင်မြင်မှုများ ခေတ်မှီ ကျွမ်းကျင်မှုများဖြင့် ဆုံးဖြတ်ချက်များကို ကိုယ်တိုင် ချမှတ်ကျင့်သုံးချင်ကြသည်၊ သို့သော် အုပ်ချုပ်သူများက ၎င်းတို့ကဲ့သို့ အရည်အချင်းများ မရှိဖြစ်နေကြသည်။

 

ထို့အတွက် ကျား များ အဖို့ အရှိတရားကို လက်ကိုင်ထားပြီး ဆက်လက် ပြုမူသွားခြင်းသည်သာ အဓိပ္ပါယ် ရှိလာမည် ဖြစ်သည်။ ၎င်းတို အတွက် အချက်‌မှားက လမ်းချော်သွားနိုင်သည့် အကြောင်းမျိုးစုံ ရှိနေသည်။ သို့သော်လည်း ‌မှန်မှန်ကန်ကန် ရှေ့ဆက်သွားနိုင်သည့် အကြောင်းများလည်း ရှိနေပြန်သည်။ ၎င်းတို့တွင် ထိုသို့ လုပ်နိုင်သည့် အင်အားများစွာလည်း ပိုင်ဆိုင် ထားကြပြီး ဖြစ်သည်။ တောင်ကိုရီယားသည် သုတေသန လုပ်ငန်းများတွင် ဩဇာကြီးမားစွာ ရပ်တည်နေပြီး တချိန်တည်းတွင် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် သုံးစွဲနေသည့် စမတ်ဖုန်းမှသည် ပေါ့ အဆိုတော်များထိ  အခိုင်အမာ မွေးထုတ်ပေးလျက် ရှိနေသည်။ ဘူမိနိုင်ငံရေး အနေအထားအရ ကျဉ်းထဲကျပ်ထဲတွင် ရှိနေသည့် တိုင်ဝမ်သည်လည်း supply chain ဖက်တွင် တကမ္ဘာလုံး အတိုင်းအတာ အရ မရှိမဖြစ် အနေအထားတွင် ရပ်တည်လာနေသည်၊ ဂေဟစနစ်ကို မြေတောင် မြှောက်ပေးသည့် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ထွန်းလာ‌ အောင်လည်း ဖေါ်ဆောင်ပေးလျက် ရှိနေသည်။ ဟောင်‌ကောင်သည် လက်ရှိ တွင် ‌အခြေအနေ ဆိုးဝါးနေသော်လည်း တရုတ်ပြည်နှင့် ကမ္ဘာနိုင်ငံများ အကြားတွင် ဘဏ္ကာရေးအရ ပေါင်းကူးတံတား အဖြစ် ရပ်တည်ပေးလျက် ရှိနေသည်၊ စင်္ကာပူသည် ကျားများအကြားတွင် နေရာ အတော်များများ၌ ထိတ်တန်းက ရှိနေသေည်၊ သေးငယ်သော မြို့ပြ နိုင်ငံလေးဖြစ်‌သော်လည်း စီးပွား‌ရေး အား နည်းလမ်းအသွယ်သွယ် ဖြင့် ဖြန့်ကျက် ထားနိုင်ခဲ့သည်၊ မကြာမီက ဖြစ်ပေါ်လာသော အဆင့်အတန်း ကွာဟလာမှုများကိုလည်း ‌လျော့ပါးအောင် ပြုလုပ်‌ပေးနိုင်ခဲ့သည်။

 

ကျားများ၏ အရေးသည် ကမ္ဘာတဝှမ်းနှင့်လည်း သက်ဆိုင်နေပြန်သည်၊ စီးပွားရေး တဟုန်ထိုး တိုးတက်လာခဲ့စဉ် အတွင်း စွမ်းဆောင်ခဲ့မှုများသည် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ရှေ့ဆက် ချီတက်နိုင်ရန် စံပြဖြစ်လာခဲ့သည်၊ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ၎င်းတို့၏ အတွေ့အကြုံများသည် နိုင်ငံများအား ဝင်ငွေ အလယ်အလတ် အဆင့်မှ ထိပ်သို့ ရောက်အောင် မည်သို့မည်ပုံ တက်လှမ်းနိုင်‌ကြောင်း နမူနာ ပြနိုင်ခဲ့ကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ အဖို့က ‌ရှေ့လာမည့် ဆယ်စုနှစ်များ အတွင်း ၎င်းတို့၏ စံချိန် မည်သို့ ရှိလာမည်ကို အထူး စိတ်ဝင်စားနေကြသည်။

 

ကျားလေးကောင်သည် အနာဂတ် အတွက် အစမ်းသပ်ခံများ ဖြစ်လာ‌နေသည်၊ ၎င်းတို့ရှိ တီထွင်ဖန်တီးအားကောင်းသော ကုမ္ပဏီများ ရှိနေခြင်းကြောင့် မကြာခဏ ဆိုသလို နည်းပညာ သစ်များအတွက် စွန့်ဦးတီထွင်သူများ ဖြစ်လာတတ်ကြပြန်သည်။ ယခု လက်ရှိတွင် ချမ်းသာသော နိုင်ငံများ အား ခြောက်လှန့်နေသည့် အကြပ်အတည်းများစွာ၏ စီးကျလာသော ပေါင်းခံရည်များ ကို ရင်ဆိုင်နေကြရသည်။ ဤသည်တို့က သက်ကြီး ရွယ်အိုများ အရေး မည်သိုဖြေရှင်းကြမည်နည်း၊ စက်ရုပ်များ နှင့် အလိုအ‌လျောက် ထိမ်းချုပ်နိုင်သည့် ကွန်ပြူတာ ပရိုဂရမ် များ ဒဏ်ကို ခံနိုင်အောင် အလုပ်သမားများကို မည်သို့ အထောက်အကူ ပြုပေးနိုင်မည်နည်း။ ကုန်ထုတ်လုပ်ရေး အား မည်သို့ ပြန်လည် ရှင်သန်လာအောင် မည်သို့လုပ်နိုင်မည်နည်း၊ အမေရိကန်၊ တရုတ်တို့နှင့် မည်သို့မည်ပုံ နီးနီးစပ်စပ် ‌နေသွားနိုင်မည်နည်း၊ တန့်နေသော လုပ်ခနှုန်းထားများ ကို မည်သို့ မြှင့်တင် ပေးနိုင်မည်နည်း၊ မြင့်မားလာနေသော အိုးအိမ် ဈေးနှုန်းများ ကို မည်သို့ ထိမ်းချုပ်နိုင်မည်နည်း အစရှိသည့် တို့ ဖြစ်သည်။

 

ကျားများဟု အမည်ရမလာမီ ဆယ်စုနှစ်များ အတွင်းက အာရှ၏ စီးပွားရေးသည် ဂျပန်နောက်က တောင်ပံဖြန့်၍ လိုက်ပါနေ‌သော အကောင်သေးသေး “ဘဲပျံ” များ အဖြစ်‌သာ ခေါ်ဆိုခဲ့ကြသည်။ ဘဲများသည် ခေါင်းဆောင်ဖြစ်သူ၏ ‌နောက်မှ ပျံ ရသည်က ပိုမို သက်သာလွယ်ကူပေသည်။ ထိုသို့ နှိုင်းယှဉ် တင်စားခဲ့မှုတွင် မေ့လျော့သွားသည် က ငှက်များသည် ရှေ့က ဦးဆောင်သလို နောက်ကလည်း လိုက်တတ်သည့် သဘာဝ ရှိနေခြင်းကိုပင် ဖြစ်သည်။ ဟောင်ကောင်၊ စင်္ကာပူ၊ တိုင်ဝမ် နှင့် တောင်ကိုရီယားတို့သည် ပိုမိုတိုးတက်သော နိုင်ငံများ၏ စီးပွားရေး နောက်တွင် ဆယ်စုနှစ်များစွာ သက်တောင့်သက်သာ ပျံသန်း လိုက်ပါခဲ့ကြပြီး ဖြစ်သည်၊ ယခုအခါ နောက် က လိုက်မည့်သူ မရှိ ဖြစ်နေခြင်းသည် သတင်းကောင်း လော၊ သတင်းဆိုး‌လော ဆိုသည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်သည်။

 

ရည်ညွန်း။။ ASIAN TIGERS from the Economist special report (Dec 7th 2019)