စစ်ခေါင်းဆောင်ကြီး အတွက် နောက်ထပ် အိမ်မက်ဆိုး

by Hla Soewai - Mar 23 2023

ယင်းသည်က ယခု လာမည့် မေလ အတွင်း ကျင်းပရန် ရှိနေသည့် ထိုင်း နိုင်ငံ ရွေးကောက်ပွဲပင် ဖြစ်သည်။ ထိုင်း ပါလီမန်အား တနင်္လာနေ့က ဖျက်သိမ်းလိုက်ပြီ ဖြစ်၍ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ကို ၄၅ ရက် မှ ရက် ၆၀ အတွင်း ပြုလုပ်ပေးရမည် ဖြစ်သည်။

 

လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် ဖြစ်ခဲ့သူ ထိုင်းဝန်ကြီးချုပ် ပရာရွတ်အား ထောက်ခံနေမှု များ တဖြေးဖြေး ကျဆင်းလာနေပြီလည်း ဖြစ်သည်။

 

ပရာရွတ်သည် မင်းအောင်လှိုင်ကဲ့သို့ပင် ၂၀၁၄ တွင် အမျိုးသမီး တဦး ထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သူ ဖြစ်သည်။

 

ထိုင်းရှိ မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများမှ မင်းအောင်လှိုင်အား လက်ရှိ ထိုင်းအစိုးရမှ ထောက်ခံနေခြင်းများ အဆုံးသတ်သွားမည်ဟု တွက်ဆနေကြသည်ဟု အယ်ဂျာဇီယား တွင် ဖေါ်ပြထားသည်။

 

ထိုင်း အတိုက်အခံများ အာဏာရလာမည်ဆိုက အမျိုးသား ညီညွတ်ရေး အစိုးရ အား ထောက်ခံလာဖွယ် ရှိပြီး အမေရိကန် နှင့် လည်း အပြည့်အဝ ပူးပေါင်းလာကြမည်ဟု မျှော်လင့်နေသည်။

 

မြန်မာ နှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းအစိုးရ၏ မူဝါဒသည် သုံးစားမရ ဖြစ်နေ၍ ရွေးကောက်ပွဲ သည် ယင်း မူဝါဒ အား ပြန်လည် တည့်မတ်ပေးနိုင်မည့် တခုတည်းသော အခွင့်အလန်း ဖြစ်သည်ဟု ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ပါမောက္ခ နှင့် ထိုင်း-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ သစ်တီနန် ပေါင်ဆပ်ဒီရတ် က ပြောသည်။

 

စစ်ကောင်စီသည် လက်ရှိ အချိန်အထိ လူပေါင်း။၃,၁၄၆ ဦး ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

လက်ရှိ ထိုင်းနိုင်ငံ မူဝါဒကြောင့် နိုင်ငံတကာတွင် ထိုင်း၏ ဂုဏ်သိက္ခာ ထိခိုက်နေသည်ဟု လည်း ဆိုသည်။ ယခု အခါ အရှိန် ရလာနေပြီ ဖြစ်သော တော်လှန်ရေး အင်အားစုများ နှင့် ပူးပေါင်းမှ ဖြစ်တော့မည်ဟု လည်း ထောက်ပြခဲ့သည်။

 

သို့သော် ထိုင်း ရွေးကောက်ပွဲစနစ်အရ စစ်တပ်မှ ခန့်ထားသော အထက်လွှတ်တော် အမတ် ၂၅၀ ၏ အဆုံးအဖြတ်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၍ အစိုးရ ဖွဲ့နိုင်ရန် အတိုက်အခံ ပါတီများသည် စုစုပေါင်း ၇၅% ကျော် အနိုင်ရထားမှသာ ဖြစ်နိုင်ပေသည်။

 

ထိုအနေအထားကြားမှာပင် အတိုက်အခံ များ အနိုင်ရ နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

 

စစ်တမ်းများအရ ဝန်ကြီးချုပ်ဟောင်း သာစင်၏ သမီး အငယ်ဆုံး အသက် ၃၇ နှစ်ရှိ ဖြူထိုင်းပါတီ ခေါင်းဆောင် ပေတွန်သမ် ရှင်နာဝါထွာ သည် ပရာရွတ် ရှေ့မှ အပြတ်အသတ် ဦးဆောင်လျက် ရှိနေပြီး အနိုင်ရဖို့ များနေသည်ဟု ပြည်တွင်းပြည်ပ မီဒီယာ များ က ခန့်မှန်းနေကြသည်။

 

သူမသည် "ပြည်သူ့ထံ အာဏာ ပြန်ပေးပါ" ကြွေးကြော်သံ ဖြင့် မဲဆွယ် စည်းရုံးနေသူ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖွဲ့ မှ ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျသော် တို့အား ကွပ်မျက်ခဲ့စဉ် တွင် ဖြူထိုင်း ပါတီမှ မြန်မာတို့၏ ဒီမိုကရေစီ အရေး၊ တရားမျှတမှူ ဖြစ်ထွန်းရေး တို့ကို မယိမ်းမယိုင် ထောက်ခံသွားမည်ဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

သို့သော် မြန်မာ စစ်တပ်ကို လိုလားနေသည့် ထိုင်းစစ်တပ် ရှိနေ၍ အစိုးရသစ်သည် သတိကြီးစွာထား လုပ်ကိုင်သွားရဖို့ ရှိနေသည်ဟု ယူဆနေမှု များလည်း ရှိနေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် အခြားနိုင်ငံများကဲ့သို့ ထိုင်းနိုင်ငံ တွင် ကိုယ်စားလှယ် ရုံး ဖွင့်နိုင်ခဲ့ခြင်း မရှိသေးပေ။ ထိုင်း အတိုက်အခံ ပါတီများ နှင့် တိုက်ရိုက် ဆက်ဆံမှု မရှိသေးဟု NUG ဝန်ကြီး တဦးက အယ်ဂျာဇီယား အား ပြောပြခဲ့သည်ဟု သိရသည်။

 

လက်ရှိတွင် အာဆီယံ အဖွဲ့ဝင် ဖြစ်သော ထိုင်းသည် မြန်မာ အရေးနှင့် ပတ်သက်၍ အင်ဒိုနီရှား၊ မလေးရှား၊ စင်္ကာပူ တို့နှင့် ပူးပေါင်း‌ ခြင်း မရှိပဲ လက်ရှောင်နေသော နိုင်ငံလည်း ဖြစ်သည်။

 

အာဆီယံသည် မြန်မာ အရေး ဖြေရှင်းရန် ဆိုကာ အချက် ငါးချက် ကို ကိုင်စွဲထားသော်လည်း မင်းအောင်လှိုင် သဘောမတူပါက ဘာမှ လုပ်၍ မရသည့် ဖြေရှင်းချက်မျိုး ဖြစ်နေသည်။

 

မင်းအောင်လှိုင် သဘောမတူပါက ထိုအချက် ငါးချက် ကို အကောင်အထည် ပေါ်လာရန် မည်သည့် နည်းဖြင့် လုပ်မည် ဆိုသည့် အဆင့်မျိုး အထိ တက်မလာနိုင်သေးပေ။

 

နောက်ဆုံးတွင် ကြံရာမက ဖြစ်က စစ်ခေါင်းဆောင် များအား အစည်းအဝေးများသို ဖိတ်ကြားခြင်း မပြုခြင်းဖြင့် အဆုံးသတ်သွားသည်။

 

ထိုထက်ပို၍ လုပ်ရန် ပြောလာတိုင်း ပြည်တွင်းရေး ဝင်မစွက် ဆိုသည့် မူ နောက်သို့ ပြေးဝင်သွားကြစမြဲ ဖြစ်သည်။ တကယ်တမ်း စဉ်းစားကြည့်မည် ဆိုက အချက် ငါးချက်သည်လည်း ပြည်တွင်းရေး တွင် ဝင်စွက်ချင်းဟု ယူဆ၍ မရပေဘူးလော။

 

၎င်းတို့အဖို့ ပြည်သူတို့၏ တော်လှန်ရေးကြောင့် စစ်အာ‌ဏာသိမ်း အဖွဲ့ ခြေကုန်လက်ပမ်း ကျလာချိန်တွင် နာမည်ကောင်း ဝင်ယူကြတော့မည် သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!