မြန်မာ အရေး ဆွေးနွေးရန် ဒဲရက် ရှိုလက် အင်ဒို နှင့် ထိုင်း ရောက်ရှိ

by Hla Soewai - Mar 23 2023

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ရှိုလက် နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ဂျကာတာ သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ တွင် ဆိုးဝါးလာနေသော အခြေအနေများကို ဖြေရှင်းရန် နှင့် ပြည်သူတို့၏ ဆန္ဒ ဖြစ်သော ငြိမ်းချမ်းရေး နှင့် တရားမျှတသော ဖြေရှင်းချက် ထွက်ပေါ်လာရေး အပါအဝင် ဒေသတွင်း ပြဿနာများကို ဆွေးနွေးသွားမည်ဟု သိရသည်။

 

ထိုင်း အစိုးရနှင့်လည်း မြန်မာပြည်တွင် ငြိမ်းချမ်းရေး ရရှိရန် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေး အပါအဝင် အခြား အမေရိကန်-ထိုင်း မဟာမိတ် အဖြစ် တည်ရှိနေမှု ကို အမေရိကန်၏ နက်ရှိုင်းစွာ ကတိကဝတ်များ ကို ဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ထုတ်ပြန်သော သတင်းကျေညာချက် တွင် ပါရှိသည်။

 

အာဆီယံ ၏ အဓိက မဟာမိတ် နိုင်ငံ များ ထဲမှ တရုတ်သည် အဆိုပါ နှစ်နိုင်ငံကို သူ၏ ဩဇာစက်ဝန်းထဲ ရောက်ရှိရန် ကြိုးပမ်းနေပြီး၊ ထိုင်းသည် ၎င်းတို့၏ ရှေးရိုးစဉ်လာ အတိုင်း နှစ်ဖက် ခွချက်နေသော နိုင်ငံ ဖြစ်နေသည်။

 

ဒဲရက် ရှိုလက်သည် ဒေသတွင်းသို့ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့သူ ဖြစ်၍ ထိုခရီးစဉ်သည်လည်း ထူးခြားမှု ထွက်ပေါ်လာရန် အကြောင်း သိပ်မရှိလှပေ။

 

သို့သော် မိမိတို့ သာ မိမိတို့ အားကိုးရမည် ဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့များက ပို၍ ခံယူလာနေကြသည်ကို ယနေ့ နယူးယောက် တိုင်းမ် သတင်းစာ ကြီး တွင် ပါရှိလာသော ရန်ကုန် မြို့‌ပေါ် တွင် လှုပ်ရှားနေသော တော်လှန်‌ရေး သမား တဦး ၏ “My Dangerous, Lonely Life in Myanmar Resistance” ဆောင်းပါး ရှည်ကြီး တွင် တွေ့လာရသည်။

 

ယနေ့ ပြည်သူများသည် စီးပွားရေး အလွန်အမင်း ကျပ်တည်းလာခြင်း၊ မိုးထိအောင် မြင့်တက်လာနေသော ငွေကြေး ဖေါင်းပွမှုများ၊ ထူပြောလာနေသော ရာဇဝတ်မှု များ နှင့် ဒုက္ခ ပေါင်းစုံသည် မိသားစုများ သည် အကျောက်အကန် ရုန်းကန်နေရ၍ မိမိတို့ ယခင် နေခဲ့ရသည့် ဘဝကိုပင် ရေးတေးတေးသာ မှတ်မိနေတောသည်ဟု ဆိုသည်။

 

မိမိတို့ ကြုံတွေ့နေရသော ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးကြီးကြောင့် ခံစားနေရမှု များကို ကြိတ်မှိတ် မြိုသိပ်ကာ ပျော်ရွှင်စရာ အဆုံးသတ်မည့် ဇာတ်လမ်းကို ရေးနိုင်ရန် သံန္နိဋ္ဌာန် ချထားကြပြီ ဖြစ်သည်။

 

လက်ရှိတွင် တနိုင်ငံလုံး မိမိတို့ ဒေသ ကာကွယ်ရေး အတွက် ပြည့်သူ့ကာကွယ်‌ရေး တပ် များ အသီးသီး ဖွဲ့စည်းပြီး ရရာလက်နက် စွဲကိုင် တော်လှန်နေကြသည်မှာ စစ်အာဏာရှင်တို့ မည်သို့မျှ မသိကျိုးကျွန် ပြု၍ မရတော့လောက်အောင် ကြီးထွားသည်ထက် ကြီးထွားလာနေပြီ ဖြစ်သည်။

 

တိုင်းရင်းသား လူမျိုးစု များ သည် လည်း စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှု၊ သယံဇာတ များကို လက်ဝါးကြီးအုပ်ကာ အာဏာရှင် ဝါဒ ဖြင့် နှစ်ပေါင်း ၆၀ နီးပါး အုပ်ချူပ်လာနေမှု ကို ကျောကော့အောင် ခံနေကြရပြီး လက်ရှိ တော်လှန်ရေး ကြီး နှင့် ဆက်စပ်ကာ မိမိတို့ အမျိုးသား လွတ်မြောက်ရေး နှင့် ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်း နိုင်ခွင့် ရရှိရေး အတွက် မဖြစ်မနေ ရုန်းကန်ကြရတော့မည် ကို သိနားလည် လာကြပြီ ဖြစ်သည်။

 

နယူးယောက် တိုင်း ဆောင်းပါး ရေးသားသူ တော်လှန်ရေး လူငယ် မှ မိမိတို့သည် ဖက်ဒရယ် ဖွဲ့စည်းပုံ ဖြင့် ရိုဟင်ဂျာ များ နှင့် တိုင်းရင်းသား လူနည်းစု များ အတွက် လွတ်လပ်၍ တရားမျှတသော လူ့ဘောင်ကို တည်ထောင်သွားမည်ဟု ဟစ်ကြွေးသွားခဲ့သည်။

 

စစ်ခေါင်းဆောင်များသည် လက်ရှိ အကျပ်အတည်းကို ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ပိုင် အတွေးအခေါ်များ နှင့် ဖောက်ထွက်ရန် အစွမ်းအစ မရှိသူများ ဖြစ်၍ အခြားသူများ ၏ အချိန်အခါ နှင့် မကိုက်ညီသော အတွေးအခေါ် များကို လှေနံဓါးထစ် မှတ်ယူရန်သာ သိသူများ ဖြစ်သည်။

 

သို့သော် ဝ ပြည်နယ် ပန်ခမ်း မြို့တွင် မတ်လ ၁၅-၁၆ တွင် ပြုလုပ်ခဲ့သော အဖွဲ့ (၇) ဖွဲ့ပါ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ မှ ဗမာပြည်မ နှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တရပ် ထူထောင် နိုင်မည်ဟုသော ဆောင်းည အိမ်မက်ရှည်ကြီး ကို တမျှော်တခေါ် ကြီး မက်ကောင်းနေဆဲပင် ဖြစ်သည်။

 

လက်ရှိ အနေအထား ကို အကျေနပ်ကြီး ကျေနပ်နေသော ဝ တို့သည် ၎င်းတို့ကဲ့သို့ အခွင့်အရေး မရရှာသော တိုင်းရင်းသား အဖွဲ့များကို “ကျားသနား မှ နွားချမ်းသာ” တရားရေအေး ကို ခေါ်ယူ တိုက်ကြွေးနေခြင်းပင် ဖြစ်သည်။ မိမိတို့ အစွမ်းအစ ဖြင့်သာ ကြိုးစား၍ ရနိုင်မည်ဟု ခေါ်ယူ နားချ နေသည့် အစည်းအဝေးမျိုးလည်း ဖြစ်ပေသည်။ ဆိုလိုသည်က ပြည်မ တော်လှန်ရေး တပ်ဖွဲ့များ နှင့် မပူးပေါင်းရေးပင် ဖြစ်သည်။

 

သို့သော်လည်း ဝ တို့၏ သဘောထားကို ပြတ်ပြတ်သားသား မဆန့်ကျင်နိုင်ကြ၍ ယခုလို ကျားသနားအောင် စေ့ဆပ်ပေးနေသော ပေါက်ဖေါ်ကြီးအား ကြိုဆိုထောက်ခံကြောင်း များ ပါဝင်သည့် ကျေညာချက် တ ခုကို မရေမရာ ထုတ်ပြန်ကာ ပြီးဆုံးသွားပြီ ဖြစ်သည်။

 

တရုတ် တို့သည် မြန်မာ အစိုးရ အဆက်ဆက် အပေါ် ဩဇာလွှမ်းမိုးနိုင်ရေး အတွက် တခုတည်းသော နည်းလမ်း သည် တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ဖန်တီးထားနိုင်မှ ဖြစ်မည် ဆိုသော မြန်မာပြည်နှင့် ပတ်သက်သော နိုင်ငံခြားရေး မူဝါဒ ကို ကိုင်စွဲထားပြီးလည်း ဖြစ်သည်ကို သိရှိ သဘောပေါက်သင့်သည်။

 

မိမိတို့ အချင်းချင်း စည်းလုံး ညီညွတ်မှု မရှိပဲ ကိုယ့်အဖွဲ့အစည်း၏ လတ်တလော ကောင်းစားရေး ကိုသာ ကြည့်မှု ၏ ရလဒ် အဖြစ် နိုင်ငံ ခါးလယ်ကို ဖြတ်ကာ ဖေါက်လုပ်ထားသော ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းကြီးက သက်သေခံနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Illustration – Bangkok Post