ရုရှား ဂျက်၊ အမေရိကန် ဒရုန်း

by Hla Soewai - Mar 23 2023

မတ်လ ၁၄ ရက်နေ့၊ နေမင်းကြီးသည် ပင်လယ်နက် ပေါ် တွင် ပြူထွက်စ ပြုလာနေသော အချိန်၊ အလင်းရောင် မစို့တပို့ အောက်တွင် ရုရှား တိုက်လေယာဉ် SU-27 နှစ်စီးသည် ကရိုင်းမီယား အနောက်တောင်ဖက် ရေမိုင် ၅၀ ခန့်တွင် ရီပါး Reaper ဟု လူသိများသော အမေရိကန်၏ MQ-9 ဒရုန်းနောက် သို့ လိုက်လာနေသည်။

 

ရီပါး ဒရုန်းသည် နှစ်ပေါင်းများစွာ အတွင် အကြိမ် အရည်အတွက် ရာပေါင်းများစွာ ထိုခရီးစဉ် ကို သွားလာခဲ့ပြီးလည်း ဖြစ်သည်။ ရုရှား ဂျက်တိုက်လေယာဉ် များလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။

 

သို့သော် ယခု အကြိမ်တွင်တော့ တစီး နှင့် တစီး ထိခိုက်သည် အထိ ဖြစ်သွားခဲ့ရသည်။

 

အမေရိကန် အရာရှိ များ၏ အဆိုအရ ‌ဒရုန်း ပန်ကာ သည် SU-27 နှင့် ချိတ်မိသွားသဖြင့် ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်ဟု သိရသည်။

 

အမေရိကန် နှင့် မဟာမိတ်များသည် အရှေ့ဥရောပ နှင့် ပင်လယ်နက် ဒေသများသို့ ဒရုန်းများရော၊ လူ လိုက်ပါသည့် လေယာဉ်များကို ပုံမှန်လို စေလွှတ်ပြီး ကရိုင်းမီယား နှင့် ယူကရိန်း ၏ အခြား ဒေသများရှိ ရုရှားတပ်များ အနေအထား အတွက် ထောက်လှန်းရေး သတင်းများ စုဆောင်းလေ့ရှိသည်။ သို့သော် စစ်ကြီး ဖြစ်ပွားလာချိန်တွင်တော့ ယူကရိန်း အပေါ် တိုက်ရိုက် ပျံသန်းခြင်း မပြုတော့ပဲ နယ်ခြား တဝိုက် တွင်သာ သတင်းရယူခဲ့သည်။

 

ပြီးခဲ့သည့် နှစ် စက်တင်ဘာ မှ နိုဝင်ဘာ အတွင်း အများ စုံစမ်းသိရှိ နိုင်သော ပျံသန်းမှု ဒေတာများအရ နေတိုး၏ ထောက်လှန်းရေး လေယာဉ်များသည် မြောက်ပိုင်းရှိ ဘောလတစ် ပင်လယ် မှသည် တောင်ပိုင်း ပင်လယ်နက် အကြား ပျားပန်းခပ်မျှ ဝဲပျံ လှုပ်ရှားနေသည်ကို တွေ့ခဲ့ရသည်။

 

အဓိက အားဖြင့် ရုရှားတပ်များ၏ အချက်ပြ ဆက်သွယ်ရေး နည်းစနစ်များကို အီလက်ထရောနစ် နည်းဖြင့် ဖုန်စုပ်သလို စုပ်ယူ စုဆောင်းနိုင်ရန် အတွက် ဖြစ်သည်။ ရရှိသည့် အချက်အလက်များကို ယူကရိန်းသို့ ပေးပို့လေ့ရှိသည်။

 

အချို့သော ပျံသန်းမှုများသည် ရုရှားတို့၏ လေကြောင်း ကာကွယ်ရေး ရေဒါများ အသက်ဝင်လာအောင် တမင်ရည်ရွယ် ပြုလုပ်ခဲ့ပြီး ထိုမှတဆင့် လေယာဉ်ပစ် လက်နက်ကြီးများ တည်နေရာ နှင့် ပေးပို့သည့် ရေဒီယို ကြိမ်နှုန်းများကို သိနိုင်ရန် ဖြစ်သည်။

 

နေတိုးသည်လည်း ဥရောပ လေကြောင်းပိုင်နက်အနီးသို့ ချည်းကပ်လာသော ရုရှား တိုက်လေယာဉ်များကို စောင့်ကြည့်နေသလို ရုရှား ဂျက်တိုက်လေယာဉ် များလည်း ပျံတက်လာကြပြီး အကဲခပ် တတ်သည်။

 

၂၀၁၄ မှ ၂၀၁၈ အတွင်း ထိုသို့ ထောက်လှန်းပျံသန်းခဲ့မှု အကြိမ်အရည် အတွက် စုစုပေါင်း၏ ၅ ရာနှုန်းခန့်သည် ရုရှား တိုက်လေယာဉ်များ၏ ရန်လိုသော အပြုအမူ များ နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

 

ထိုအထဲတွင် လေယာဉ် တောင်ပံကို အောက်ဖက်သို့ စောင်းကာ တပ်ဆင်ထားသော လက်နက်များ ထုတ်ပြခြင်း၊ လေယာဉ် လောင်စာဆီကို အိပ်‌ ဇော့ ငွေ့များထဲ ပန်းသွင်းခြင်းဖြင့် အရှိန်ကို ထိုးတင်ပြီး တဖက် လေယာဉ် လှုပ်ရမ်းသွားအောင် ပြုလုပ်ခြင်း၊ ရေဒါ ဖြင့်ပစ်ခတ်ရန် အသင့် အနေအထား ဖမ်းယူ ချိန်ရွယ်ခြင်းတို့ ဖြစ်သည်။
 

အဓိကအားဖြင့် လေယာဉ် ပိုင်းလော့နှင့် ဒရုန်း အော်ပရေတာ အား ခြိမ်းချောက်ပြီး လမ်းကြောင်းပြောင်းသွားရန်နှင့် နောက်ထပ် မလာစေရန် အတွက် ဖြစ်သည်။

 

ထိုသို့သော ထိတ်တိုက်ရင်ဆိုင်မှုများသည် ပစိဖိတ် ဒေသတွင်လည်း ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် နှစ် ဇွန်လ အတွင်း တောင်တရုတ် ပင်လယ်ပေါ်တွင် တရုတ် ဂျက် တိုက်လေယာဉ်တစီးသည် ဩစတေးလျှ လေယာဉ်ရှေ့ နေရာယူပြီး မီးကျည် အလင်းတန်းများ ထုတ်လွှတ်ခဲ့သည်ဟု ဆိုသည်။ ဒီဇင်ဘာလ အတွင်းကလည်း တရုတ် ဂျက်တိုက်လေယာဉ် တစီးသည် အမေရိကန် ထောက်လှန်းရေး လေယာဉ် RC-135 နှင့် မီတာ အနည်းငယ် ခန့် ခွာပြီး ပွတ်ကာသီကာ ပျံသွားခဲ့သည်။

 

အောက်တိုဘာလ အတွင်း ရုရှား SU-27 သည် ပင်လယ်နက် ပေါ်တွင် ဗြိတိန် ၏ RC-135 အနီးသို့ ဒုံးကျည် တစီး ပစ်လွှတ်ခဲ့ပြန်သည်။ နောက်ပိုင်းတွင် ဗြိတိသျှ စပိုင်လေယာဉ် အား ဂျက် တိုက်လေယာဉ်များ မှ အစောင့်အရှောက် အဖြစ် လိုက်ပါ ပျံသန်းလာခဲ့ကြသည်။

 

နောက်ဆုံး ဖြစ်ရပ်တွင် SU-27 သည် ၁၉ ကြိမ်ခန့် ရီပါး ဒရုန်း အနားသို့ အနီးကပ် ပျံသန်းခဲ့ပြီး ဒရုန်း ဆင်ဆာ များ မှုန်ဝါးသွားစေရန် လေယာဉ်ဆီများ ဖြန်းခဲ့သည်ဟု အမေရိကန်ဖက် က ဆိုသည်။ နောက်ဆုံး အကြိမ်အဖြစ် အနီးကပ် ပျံသန်းခဲရာတွင် ရီပါး၏ နောက်ပန်ကာ အား ရိုက်ခတ် သွားခဲ့သဖြင့် ပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့ရခြင်း ဖြစ်သည်။ ရုရှားဖက်မှ အမေရိကန်၏ အပြောကို ငြင်းဆိုခဲ့ပြီး ဒရုန်းသည် ရုတ်ခြည်း အရှိန်မြင့်ကာ ကွေ့ချလိုက်သည့် အတွက် ဖြစ်သည်ဟု ဆိုသည်။

 

သို့သော်လည်း မတ်လ ၁၆ ရက်နေ့တွင် အမေရိကန်၏ ဥရောပ စစ်ဌာနချုပ်မှ ထုတ်ပြန်သော ဗီဒီယို ကလစ်အရ အမေရိကန်၏ အပြောသည် မှန်ကန်ကြောင်း တွေ့မြင်ခဲ့ရသည်။ ထိုဗီဒီယို တွင် SU-27 သည် ဗြုန်းကနဲ ဒရုန်း အနီးသို့ ရောက်ရှိလာပြီး ပျံထွက်သွား၍ ပန်ကာ ကို ထိခိုက်သွားခဲ့ရခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အမေရိကန် အရာရှိများက ရုရှား ပိုင်းလော့၏ အပြူအမူ သည် အန္တရာယ်များပြီး ပရော်ဖက်ရှင်နယ် မဆန်သည့် အပြင် ကလေးဆန်ဆန် ပြုလုပ်သွားခြင်းမျိုးဟု မှတ်ချက်ချခဲ့သည်။

 

ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်ကမူ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ခြင်း ဟုတ်မဟုတ်ကို ကွဲကွဲပြားပြား မသိရသေးဟု ‌ဆိုသည်။ ရုရှား ပိုင်းလော့များသည် လူလိုက်ပါခြင်း မရှိမှန်းသိ၍ အတင့်ရဲခြင်းမျိုး ဖြစ်သည်။ ၂၀၁၆ တွင် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် ရေတပ်၏ ဒရုန်း တစီးအား တရုတ်တို့ သိမ်းယူသွားခဲ့ဖူးသည်။ လူ လိုက်ပါလာပါက ထိုသို့သော လုပ်ရပ်မျိုး ကျုးလွန်ရဲကြမည် မဟုတ်ပေ။

 

၁၉၄၅ နောက်ပိုင်းတွင် ထိုကဲ့သို့ ကြားဖြတ်ခဲ့သည်ြ အကြိမ်ပေါင်း သောင်း နှင့် ချီ၍ ရှိခဲ့ဖူးသည်။ သို့သော် နှစ်ကြိမ်သာလျှင် ထိခိုက်မှု ရှိခဲ့သည်။ ၁၉၈၇ တွင် နော်ဝေး၏ ရေငုပ်သင်္ဘော ရှာဖွေရေး P-3 လေယာဉ်နှင့် ရုရှား၏ SU-27၊ ၂၀၀၁ တွင် ဟိုင်နန် ကျွန်း အနီး အမေရိကန်၏ EP-3 နှင့် တရုတ် ဂျက်တိုက်လေယာဉ် တို့ တိုက်မိခဲ့ကြဖူးသည်။ ထိုအရေးအခင်းတွင် တရုတ်တို့ဖက်မှ ဂျက်လေယာဉ် ပျက်ကျသွားခဲ့၍ နှစ်နိုင်ငံ အကြား တင်းမာမှုများ ဖြစ်လာခဲ့သည်။

 

သို့သော် ထိုသို့ မတော်တဆမျိုး မဟုတ်ပဲ ကြားဖြတ်၍ တမင်တကာ ပစ်ချခံရမှု များ ရှိခဲ့ဖူးသည်။ စစ်အေးတိုက်ပွဲ ကာလများ အတွင်း ဆိုဗီယက်၊ တရုတ် နှင့် မြောက်ကိုရီယား တို့ ၏ ပစ်ချခံရ၍ အမေရိကန် လေယာဉ် အ‌များအပြား ဆုံးရှူံးခဲ့ရပြီး လေတပ် အမှုထမ်း ၁၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။

 

၁၉၈၉ တွင် စစ်ရေးလေ့ကျင့်နေစဉ် ကြားဖြတ်ရန် ရောက်လာသော လစ်ဗျား လေယာဉ် နှစ်စီးကို အမေရိကန် တို့ ပစ်ချခဲ့ဖူးသည်။

 

(၂၀၂၃ မတ်လ ၁၅ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "What to make of a clash between a Russian jet and an American drone" အား ပြန်လည် တင်ပြသည်။)