သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(120)

by Hla Soewai - Mar 23 2023

ဂန္ဒီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (၄)

 

ထရန်ဗား ပြည်နယ် အစိုးရ၏ လုပ်ရပ်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာများ ကို အလွန်အကျွံ ဆန့်ထုတ်လာခြင်း ၏ ထင်ရှားသော သာဓက ဖြစ်သည်ဟု ဂန္ဒီက ယူဆခဲ့သည်။ သူ နှင့် စိတ်တူ သဘောတူ သူများသည် အစိုးရ ရုံးများ ရှေ့တွင် သပိတ်တား ပြီး အိန္ဒိယ လူမျိုးများ မှတ်ပုံ မတင် နိုင်အောင် ဟန့်တားခဲ့ကြသည်။ သူတို့၏ ကြိုးပမ်းမှုသည် အထ မြောက်ခဲ့သည်။ ထိုဒေသတွင် နေထိုင်ကြသူများထဲမှ မဆိုသလောက်သာ မှတ်ပုံတင်ဖို့ ရောက်လာခဲ့ကြသည်။ ထိုသို့ ရောက်လာသူများသည်လည်း သပိတ်တားသူ များ၏ အော်ဟစ် ရှုတ်ချမှုများကြောင့် အရှက်ရခဲ့ကြသည်။

 

ဂန္ဒီသည် သူ၏ နည်းဗျူဟာ အား သက္ကတ ဘာသာ ဖြင့် စက္ကရဂရာဟာ Satyagraha၊ ဟိန္ဒူဘာသာ ဖြင့် အမှန်တရား၏ တွန်းအား ဟု ခေါ်ဝေါ်ခဲ့သည်။ နောက်ပိုင်း တွင် ထိုဝေါဟာရအား အကြမ်းမဖက် တွန်းလှန်ရေး ဖြင့် ဆက်စပ်သုံးစွဲခဲ့ကြသော်လည်း ဂန္ဒီ အဖို့ ထိုမျှမက လေးနက်သည်ဟု ခံယူခဲ့သည်။

 

စက္ကရဂရာဟာ သည် ကိုယ်ကျင့်တရား မှ ပေါက်ဖွားလာသော တွန်းအား ဖြင့် ပဋိပက္ခကို ဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းထက် အကြောင်းအကျိုး ဆင်ခြင်မှု ကို လိုလားသည့် ခံယူချက်  ဖြစ်သည်။ ထိုလမ်းစဉ် သည် ရေရှည်ဆင်နွှဲရမည့် တိုက်ပွဲလည်း ဖြစ်၍ စိတ်ရှည် သည်းခံတတ်မှု နှင့် စွန့်လွှတ် အနစ်နာခံစိတ် များ ရှိမှ ဖြစ်မည်။ မိမိကိုယ်ကို မိမိ စွန့်လွှတ် အနစ်နာခံခြင်း သည် ထိုလမ်းစဉ် အတွက် အင်အားများ အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။

 

သို့သော် ဂန္ဒီ အဖို့ က ပွဲဦးထွက်မှာပင် ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။ ဂန္ဒီ အဖို့ က ဟင်နရီ ဒေးဗစ် သောရိုး၏ စကား ဖြစ်သည့် “အကျဉ်းထောင် ဆိုသည်က ကျွန်ဘဝ နှင့် နေရသူ တို့ အတွက် လွတ်လပ်သော လူတယောက် အဖြစ် ဂုဏ်သိက္ခာရှိရှိ ဖြင့် နေထိုင်နိုင်ခွင့်ရသည့် အိမ်တအိမ်ပင် ဖြစ်သည်” အတိုင်း ခံယူခဲ့သည်။

 

ရုရှား စာပေပညာရှင်ကြီး လီယို တော်စတွိုင်း၏ အရေးအသားများသည်လည်း ဂန္ဒီ အပေါ် ဩဇာသက်ရောက်နိုင်ခဲ့သည်။ “စစ်နှင့် ငြိမ်းချမ်းရေး”၊ “အင်နာ ကာရီနား” ဝတ္ထုကြီးများ ရေးသားခဲ့သော တော်စတွိုင်းသည် နောက်ပိုင်းတွင် သူ၏ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ မေတ္တာ ဝါဒီ အဖြစ် ခံယူလာခဲ့သူ ဖြစ်သည်။ သူ၏ အရေးအသားများနှင့် စံနမူနာပြ လုပ်ဆောင်မှုများသည် ဂန္ဒီ အပါအဝင် ကမ္ဘာတဝှမ်း ရှိ လူများ အတွက် အတုယူ စရာ ဖြစ်ခဲ့သည်။

 

၁၉၀၈ ခုနှစ်တွင် တော်စတွိုင်းသည် အိန္ဒိယ တော်လှန်ရေး သမား တဦး ဖြစ်သည့် Taraknath Das မှ ရေးသား ပေပို့လိုက်သော စာ အပေါ် ပြန်ကြားစာ ပေးပို့ခဲ့ရာတွင် အိန္ဒိယ လူမျိုး များ အနေဖြင့် တုံဏှိဘာဝေ ဆန့်ကျင်ခြင်း နှင့် မေတ္တာတရားကို လက်နက် သဖွယ် အသုံးချမည်ဆိုလျှင် ဗြိတိသျှ တို့၏ ဖိနှိပ်မှု အောက်မှ လွတ်မြောက်ကြလိမ့်မည့် ဟု ရေးသားခဲ့သည်။ တော်စတွိုင်း၏ စာသည် လူထု အကြား ချက်ခြင်းလို ပျံ့့နှံံသွားပြီး ဂန္ဒီကလည်း တဖန် ပြန်လည် ပုံနှိပ် ဖေါ်ပြခဲ့သည်။

 

ဂန္ဒီသည် တော်စတွိုင်း၏ စာပါ အကြောင်းအရာများ ကြောင့် စိတ်အား တက်ကြွလာခဲ့ပြီး နောက်ပိုင်းတွင် မဟတ္တမ ဂန္ဒီ ကြီး အဖြစ် ရောက်လာစေမည့် အိန္ဒိယ ဟုမ်းမရူး ဟု အဓိပ္ပါယ် ရသည့် Hind Swaraj ကို ရေးသားခဲ့သည်။ ထိုစာတမ်းအား ဂန္ဒီသည်သူကိုယ်သူ  အယ်ဒီတာ နေရာထား၍ အယ်ဒီတာနှင့် စာဖတ်သူအကြား အပြန်အလှန် စကားပြောခန်း ပုံစံ ဖြင့် ရေးသားခဲ့သည်။ ဂန္ဒီ သည် ဗြိတိသျှ တို့၏ အုပ်ချုပ်ရေး သည် ကိုယ်ကျင့်တရားအရ ရော၊ စီးပွားရေး အရပါ အိန္ဒိယအား ချွတ်ခြုံကျအောင် လုပ်သလို ဖြစ်လာသည့် အတွက် အိန္ဒိယ  အနေဖြင့် ဟုမ်းမရူး (Home Rule) ကိုယ်ပိုင် အုပ်ချုပ်ရေး မျိုး လိုအပ််နေပြီ ဖြစ်သည် ဆိုသော အယူအဆ ကို သွတ်သွင်းလာခဲ့သည်။

 

ဂန္ဒီ၏ ဟုမ်းမရူး စာတမ်း တွင် သောရိုး နှင့် တော်စတွိုင်း တို့၏ အတွေးအခေါ် များ၏ ဩဇာလွှမ်းမိုးမှု များ ကို တွေ့လာရသည်။ ဂန္ဒီ မှ “တကယ်တမ်း တွင် ဗြိတိသျှ တို့သည် တိုင်းပြည်ကို သိမ်းပိုက် ယူငင်ခဲ့ခြင်း မဟုတ်၊ မိမိတို့က သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ အိန္ဒိယ တွင် ဗြိတိသျှ တို့ ဆက်လက် ခြေကုပ်ယူနိုင်ခဲ့ခြင်းမှာလည်း သူတို့၏ စစ်အင်အားကြောင့် မဟုတ်ပဲ၊ မိမိတို့က ထိုသို့ နေရန် ခွင့်ပြုနေသောကြောင့်သာ ဖြစ်သည်။ အိန္ဒိယ ပြည်သူများ အနေဖြင့် မိမိတို့တွင် ရှိ ပုန်းလျိုးနေသော စွမ်းအားများကို ဖေါ်ထုတ် အသုံးချဖို့ ဆုံးဖြတ်လာသည့် နေ့တွင် ကျွန်ဘဝမှ လွတ်မြောက်လာကြလိမ့်မည်” ဟု သူ၏ စာတမ်းတွင် ရေးသားခဲ့သည်။

 

“တုံဏှိဘာဝေ တွန်းလှန်ခြင်းသည် မိမိကိုယ် တိုင် အနာခံပြီး အခွင့်အရေး များကို ရယူသည့် နည်းလမ်းဖြစ်သည်၊ ယင်းသည် လက်နက်ကိုင် ဆန့်ကျင်မှု နှင့် ပြောင်းပြန်ဖြစ်သည်။ ကျွနုပ်၏ ကိုယ်ကျင့်တရားက ရွံရှာ မုန်းတီးသည့် လုပ်ရပ်တခုကို ပြုလုပ်ရန် ငြင်းပယ်ခဲ့ခြင်းသည် မိမိ၏ စိတ်ဝိဉာဉ် စွမ်းအားကို အသုံးချခဲ့ခြင်း ဖြစ်သည်။ ဥပမာ ဆိုရက အစိုးရ တရပ်သည် မိမိအတွက် ပါ အကျုံးဝင်သော ဥပဒေ ကို ပြဋ္ဌာန်းလာခဲ့သည် ဆိုပါစို့၊ ထိုဥပဒေကို မိမိမှ မလိုက်နာပဲ ပေးသည့် အပြစ်ဒဏ်ကို ခံယူလိုက်သည်။ ဤသည်က မိမိ၏ စိတ်ဝိဉာဉ် စွမ်းအားကို အသုံးချ လိုက်ခြင်းပင် ဖြစ်သည်၊ ဤနေရာတွင် မိမိ၏ ကိုယ်ကျိုး ကို စွန့်လွှတ်လိုက်ခြင်းမျိုးလည်း် ဖြစ်သည်။

 

တနည်းအားဖြင့် ဆိုသော် ဥရောပ တိုက်သား တို့၏ အကြမ်းဖက် အင်အားသုံး တော်လှန်မှု ကို အိန္ဒိယ နိုင်ငံသား တို့ ငြင်းပယ်ရန် လိုအပ်သည် ဟူ၍ ဖြစ်သည်။ မိမိတို့ ကိုယ်တိုင် အုပ်ချုပ်နိုင်ခွင့် ရသည့် အစိုးရမျိုး ဖြစ်ပေါ်ရန် အိန္ဒိယ နိုင်ငံသားများ အနေဖြင့် မိမိတို့ ၏ ယဉ်ကျေးမှု အစဉ်အလာ အမွေအနှစ်များကို ကြည့်တတ်ရန် လိုအပ်သည်။ သို့မှသာ အမှန်တရား၊ ကိုယ်ကျင့်တရား နှင့် မိမိကိုယ် မိမိ အနစ်နာခံ ခြင်း များ ဖြင့် အမြစ်တွယ်လာခဲ့သည့် အဟိံသ ခေါ် အကြမ်းမဖက် ဆန့်ကျင် တွန်းလှန်ရေး လမ်းစဉ်ဆီသို့ ဦးတည် နိုင်မည် ဖြစ်သည် ဟု ဂန္ဒီက ရေးသားခဲ့သည်။