အာဏာသိမ်း အဖွဲ့အား လေယာဉ်ဆီ များ တင်သွင်းနေသည့် ကုမ္ပဏီများအား ကန် ဒဏ်ခတ်ပြီ

by Hla Soewai - Mar 26 2023

အရပ်သား လူနေဒေသများအား ဗုံးကြဲတိုက်ခိုက်နေသည့် စစ်အာဏာသိမ်း အဖွဲ့ အား ဂျက်လေယာဉ်ဆီများ ရောင်းချနေသည့် ကုမ္ပဏီများ အား ယနေ့ သောကြာနေ့တွင် ပိတ်ဆို့ ဒဏ်ခတ်မှု များ ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကျေညာချက် ထုတ်ပြန်လိုက်သည်။

 

ယနေ့ ဒဏ်ခတ်မှု တွင် လူပုဂ္ဂိုလ် နှစ်ဦး နှင့် အဖွဲ့အစည်း ခြောက်ဖွဲ့ ပါဝင်သည်ဟု သိရသည်။ စစ်တပ်အား လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ အစရှိသည့် လုပ်ငန်းများ ပါဝင်နေသည်။

 

စစ်တပ်သည် အာဏာသိမ်းပြီး ချိန်ကစ၍ မြန်မာပြည်သူများ အပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှု များ ကျုးလွန်နေပြီး နောက်ပိုင်းတွင် လေကြောင်း အားကိုး၍ ဗုံးကြဲတိုက်ခိုက်မှုများပင် တိုး၍ ပြုလုပ်လာနေကြောင်း နှင့် နိုင်ငံ အလယ်ပိုင်း လက်ယက်ကုန်း ကျေးရွာ စာသင်ကျောင်း နှင့် ကချင် ပြည်နယ် ဂီတ ဖျော်ဖြေပွဲ များ တိုက်ခိုက်ခဲ့၍ လူ ၈၀ နီးပါး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ အကြမ်း ဖက် မှုနှင့် ဘဏ္ဍာရေး သတင်းအချက်အလက်များ ရေးရာ လက်ထောက်ဝန်ကြီး ဘရိုင်ယန် နဲလ်ဆင် ၏ ကျေညာချက်တွင် ပါရှိခဲ့သည်။

 

ယနေ့ စာရင်းတွင် ပါဝင်လာသော ကုမ္ပဏီများ မှာ လေယာဉ်ဆီ ထောက်ပံ့ပေးနေသော ရန်ကုန် အခြေစိုက် Asia Sun Group, Asia Sun Trading Co. Ltd နှင့် Cargo Link Petroleum Logistics Co. Ltd တို့ ဖြစ်သည်။

 

မြန်မာ စစ်တပ်အား စစ်လက်နက် ပစ္စည်းများ ပံ့ပိုးပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် နီးစပ်မှု ရှိနေသော ထွန်းမင်းလတ်၊ ဇနီး ဝင်းမင်းစိုး နှင့် ၎င်းပိုင် Star Sapphire Group, Star Sapphire Trading Co Ltd နှင့် Star Sapphire Group of Companies တို့ လည်း ပါဝင်သည်။

 

ထွန်းမင်းလတ်သည် ၎င်း၏ ကုမ္ပဏီ အမည်ဖြင့် ဒရုန်းများ၊ လေယာဉ် အပိုပစ္စည်းများ နှင့် စစ်လက်နက်ပစ္စည်းများကို ဝယ်ယူ တင်သွင်းပေးနေသူ ဖြစ်သည်။ အမေရိကန် မှ ပိတ်ဆို့ ဒဏ်ခတ်ထားပြီး ဖြစ်သော တရုတ် ကုမ္ပဏီ NORINCO ၏ အေးဂျင့်လည်း ဖြစ်သည်။

 

၎င်းသည် ၂၀၂၂ စက်တင်ဘာလ အတွင်း မူးယစ်ကုန်ကူးမှု၊ ငွေ ခဝါချမှုများ ဖြင့် ထိုင်းနိုင်ငံ တွင် ဖမ်းဆီးခံခဲ့ရပြီး ယင်းနှင့် အတူ မင်းအောင်လှိုင် သားသမီးများပိုင် အိမ်ခြံမြေ စာရွက်စာတမ်းများကို ပါ သိမ်းဆည်း ရမိခဲ့သည်။

 

၎င်းတို့ နှင့် ပတ်သက်သော အမေရိကန် နိုင်ငံ အတွင်း ရှိ ပိုင်ဆိုင်မှု များ၊ ၎င်းတို့၏ အကျိုးစီးပွား ကို ကိုယ်စားပြု နေသူများ အားလုံး သည် ပြည်ပ ပိုင်ဆိုင်မှု များ ထိန်းချုပ်ရေး ဌာနသို့ သတင်းပို့ရမည်ဟုလည်း ပါရှိခဲ့သည်။ ထို့ပြင် ၎င်းတို့ နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဝန်ဆောင်မှု ပေးနေသူများကိုလည်း အလားတူ ပိတ်ဆို့ ဒဏ်ခတ်မှု နှင့် အကျုံးဝင်သည်ဟု ဆိုသည်။

 

ယင်းသို့ ပိတ်ဆို့ ဒဏ်ခတ်မှု ကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကိုလည်း သတိပေး ထုတ်ပြန်ခဲ့သည်။

 

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့၏ ၇၈ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

 

အမေရိကန် သည် မြန်မာ ရေနံ နှင့် ဓါတ်ငွေ့ လုပ်ငန်းကိုပါ ဒဏ်ခတ်ပိတ်ဆို့ နိုင်ရေး အတွက် အစိုးရ အဖွဲ့ အတွင်း ဆွေးနွေး နေကြပြီ ဖြစ်ပြီး အဓိက အားဖြင့် ၎င်းတို့၏ မဟာမိတ်များ ဖြစ် သော ထိုင်း နှင့် ကိုရီယား တို့အပေါ် ထိခိုက်သွားနိုင်သည့် အတိုင်းအတာ ကို ချိန်ဆနေကြသည် ဟု ထိုကိစ္စအပေါ် တိုက်ရိုက် ပါဝင် ပတ်သက်နေသည့် သတင်း အရင်းအမြစ်များကို ကိုးကား၍ Bloomberg စီးပွားရေး စာစောင်တွင် ဖေါ်ပြထားသည်။

 

ထိုသို့ ပိတ်ဆို့လိုက်ခြင်းကြောင့် လစ်ဟာသွားသော နေရာကို တရုတ်တို့ ဝင်လာပြီး ယခင်ကထက် စစ်အာဏာသိမ်း အဖွဲ့ အပေါ် ဩဇာ ညောင်းလာမည့် အရေးကိုလည်း စိုးရိမ်မကင်း ဖြစ်နေကြသည်။

 

ထိုကိစ္စ အကောင်အထည် ဖေါ်နိုင်ရန် မဟာမိတ် နိုင်ငံ များ နှင့် နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု လည်း ဆိုသည်။

 

မြန်မာ သည် ဓါတ်ငွေ့ ရောင်းချမှု မှ ၂၀၂၂ ပထမ ခြောက်လ ပတ်အတွင်း ဝင်ငွေ ဒေါ်လာ ၂.၃ ဘီလီယံ ရရှိခဲ့သည်ဟု စစ်အာဏာသိမ်း အဖွဲ့၏ ဘဏ္ဍာရေး ဌာနမှ ထုတ်ပြန် ကျေညာခဲ့သည်။

 

သို့သော် ထိုင်း၏ PTTEP နှင့် တောင်ကိုရီယား၏ POSCO INTERNATIONAL တို့သည် အခြား ရရှိနိုင်မည့် ဈေးကွက်များကို ရှာဖွေနေပြီး လုပ်ငန်းများ လျော့ချသွားမည် ဟု စကား အသွားအလာ များအရ ခန့်မှန်း၍ ရနေသည်။

 

ကြာသပတေးနေ့တွင် ကယားပြည်နယ် ဘောလခဲ မြို့နယ် အတွင်းရှိ ဝမ်ဘာလ ကျေးရွာ အနီး သစ်ခုတ်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo – Aljazeera