သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(122)

by Hla Soewai - Mar 26 2023

ဂန္ဒီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (၆)

 

ဂန္ဒီသည် အိန္ဒိယ သို့ ၁၉၁၅ ခုနှစ်တွင်  ပြန်လည် ရောက်ရှိလာသည့် အခါတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် သည် သူ့အား အရေးတယူ နေရာပေးခြင်း မပြုပဲ အပြင်လူ ဟု သဘောထား ဆက်ဆံခဲ့သည်။ ဂန္ဒီ၏ လယ်သမား တဦး ကဲ့သို့ ဝတ်စား နေခြင်းသည်လည်း လန်ဒန် မြို့ကြီးသား များအလား ဝတ်ဆင်နေထိုင်ကြသည့် အိန္ဒိယ အီလစ် လူတန်းစားများ နှင့် သဟဇာတ မရှိပဲ ဖြစ်နေသည်။

 

၁၉၂၀ ခုနှစ်တွင်မှသာ ဂန္ဒီ၏ သမ္မစိတ္တ ကျင့်ကြံနေထိုင်မှုဖြင့် လူထု အပေါ် ဩဇာလွှမ်းနိုင်မှုများ ကြောင့် ကွန်ဂရက် တွင် ပြိုင်ဖက် ကင်းသော ခေါင်းဆောင်မှု ကို ရရှိလာခဲ့သည်။ ထိုအခါတွင်တော့ ဂန္ဒီသည် သူ၏ စွဲမြဲစွာ ခံယူခဲ့သော အယူအဆ ဖြစ်သည့် အိန္ဒိယ ဝံသာနု လှုပ်ရှားမှုသည် လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားပဲ နိုင်ငံသား အားလုံး ပါဝင်ဆင်နွှဲရမည်ဟု ပြောဆိုလာခဲ့ပြီ ဖြစ်သည်။

 

တကယ်တမ်း တွင် ဂန္ဒီသည် အိန္ဒိယ အား နိုင်ငံ အဖြစ်၎င်း၊ ဝံသာနု အမျိုးသားရေး ဝါဒအား ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အဖြစ် ၎င်း ပြောဆိုခဲလှသည်။ ထိုစကားလုံးများ အစား ဟိန္ဒူ အသုံးအနှုံး ဖြစ်သည့် ဆွာဒက်ရှ် မွေးရပ်မြေ၊ ဆွာရာချ် ကိုယ်ပိုင် အစိုးရ ဆိုသည် ကိုသာ ပြောဆိုသုံးနှုံးခဲ့သည်။ ဤသည်ကလည်း ရည်ရွယ်ချက်ရှိရှိ ပြောဆို သုံးနှုံးခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ လူမျိုးများ အနေဖြင့် မိမိ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းများ ဖြင့် မွေ့လျော်တတ်ဖို့ လိုအပ်ပြီး တိုင်းတပါးသားတို့၏ ဘာသာစကား၊ တန်ခိုးထွားမှု တို့ကို အတုမယူကြရန် ပြောလို၍ ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အိန္ဒိယ အမျိုးသား ကွန်ဂရက် ကို လူတန်းစား တစု၏ ပါတီ အဖြစ် မှ လူထု  လှုပ်ရှားမှု ကြီး အဖြစ် အသွင်ပြောင်းပေးနိုင်ခဲ့သည်။

 

တနှစ်ခွဲ ခန့် ကြာပြီးနောက်တွင်မူ အိန္ဒိယ အမျိုးသား ကွန်ဂရက်သည် အက်ကြောင်းထလာခဲ့ပြီ ဖြစ်သည်။ အချို့က ဗြိတိသျှ တို့ အား ဆက်လက် ဆန့်ကျင်သွားရန် လိုလားပြီး အချို့ကမူ  ပြည်နယ် အုပ်ချုပ်‌ရေး ကောင်စီများတွင် ပူးပေါင်း ပါဝင်ခြင်းဖြင့်သာ အကျိုး ဖြစ်ထွန်းလာနိုင်မည်ဟု ယုံကြည်လာကြ၍ ဖြစ်သည်။

 

၁၉၂၄ စက်တင်ဘာလ တွင် ဂန္ဒီသည် သူ၏ အကြမ်းမဖက် ဆန့်ကျင်မှု တွင် ဝိသေသ လက္ခဏာ အသစ် တရပ် ကို ထုတ်ဖေါ်လာခဲ့သည်၊ ထိုအချိန်က အိန္ဒိယ နိုင်ငံ အနှံ့အပြားတွင် ဟိန္ဒူ-မူဆလင် အဓိကရုဏ်များ ဖြစ်ပွားလာသည်ကို ကန့်ကွက်သည့် အနေဖြင့် ညီညွတ်‌ရေး အတွက် ၂၁ ရက် ကြာ အစာငတ်ငတ်ခံ ဆန္ဒပြလာခဲ့သည်။

 

“လူတဦးတယောက် အဖို့ မဖြေရှင်းနိုင်သော အကျပ်အတည်း များ နှင့် ဖိစီးလာသည့်အခါ ဥပုဒ်ဆောက်တည်ပြီး အစာမစားပဲ ကျင့်ကြံရမည်” ဟုလည်း ဂန္ဒီက လမ်းပြခဲ့သည်။ ထိုသို့ အစာမစားပဲ နေခြင်းသည် တရားမျှတသော အကြောင်းခြင်းရာ တခုအတွက် အသုံးပြုသည့် စက္ကရဂဟာရာ (အမှန်တရား၏ တွန်းအား) အတွက် အရေးပါဆုံး လက်နက်ကြီး ဖြစ်သည်ဟု ဆိုသည်။ ဂန္ဒီသည် ၁၉၁၈ နှင့် ၁၉၃၉ ကာလများ အကြား တွင် ထိုသို့ အစာငတ်ခံသည့် လက်နက်ကို ရှစ်ကြိမ်တိုင် အသုံးပြုခဲ့သည်။ ဂန္ဒီ၏ လမ်းစဉ်သည် အိန္ဒိယ နိုင်ငံ အနှံ့ ပျံပွားလာ၍ ဗြိတိသျှ အစိုးရသည် ရာဇဝတ်မှု အဖြစ် ဥပဒေ ပြဋ္ဌာန်းလာရသည့် အထိ ဖြစ်လာခဲ့သည်။

 

ဂန္ဒီသည် လန်ဒန်တွင် နေထိုင်ခဲ့စဉ် ကာလများ အတွင်း အိုင်းရစ်ချ် အမျိုးသားတို့၏ အစာငတ်ခံ တိုက်ပွဲဝင်မှုများ၊ ဗြိတိသျှ အမျိုးသမီးများ၏ မဲပေးခွင့်ရရေး လှုပ်ရှားမှု များတွင် အစာငတ်ခံ သပိတ်တိုက်ပွဲ ဆင်နွှဲလာသည့် ဖြစ်ရပ်များကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။ ထို့အတွက် အစာငတ်ခံခြင်း၊ အကြမ်းမဖက် လူထု အာဏာဖီဆန်ရေး နှင့် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသည့် နည်းလမ်းများဖြင့် အိန္ဒိယ တွင် ဗြိတိသျှ တို့ အုပ်ချုပ်နေမှု အား ဆန့်ကျင်တွန်းလှန်သွားရမည့် နည်းဗျုဟာ များ အဖြစ် အိန္ဒိယ ရိုးရာ အစဉ်အလာများ နှင့် မွှေနှောက်ကာ ကျင့်သုံးသွားရန် အသုံးချ လာခဲ့ခြင်းလည်း ဖြစ်သည်။

 

၁၉၂၈ ခုနှစ်တွင် အိန္ဒိယ ကွန်ဂရက်သည် အိန္ဒိယအား ကနေဒါ၊ ဩစတေးလျှ၊ နယူး ဇီလန်တို့ကဲ့သို့ပင်  ဒိုမီနီယံ အုပ်ချုပ်ရေး အဆင့်အတန်း ပေးရန် တောင်းဆိုလာကြသည်။ ထိုသို့ပေးရန် ဗြိတိန် အနေဖြင့် ငြင်းဆန်မည် ဆိုက တနိုင်ငံလုံး အနှံ့ လူထု ၏ အကြမ်းမဖက် အာဏာဖီဆန် တွန်းလှန်မှု နှင့် ရင်ဆိုင်ရလိမ့်မည်ဟု လည်း သတိပေးခဲ့သည်။

 

သို့သော် ဗြိတိသျှ အစိုးရက ကွန်ဂရက်၏ တောင်းဆိုမှု ကို မလိုက်လျောခဲ့ပေ။ ၁၉၃၀ ခုနှစ် တွင် အကြမ်းမဖက် လူထု အာဏာ ဖီဆန်ရေး လှုပ်ရှားမှု ကြီးသည် အိန္ဒိယ တွင် လေးနှစ် နီးပါး ဆင်နွှဲလာခဲ့သည်။ ထိုအထဲတွင် အထင်ရှားဆုံး ဖြစ်ရပ်သည်ကား ဂန္ဒီ ဦးဆောင်သည့် ဆား ချီတက်ပွဲကြီးပင် ဖြစ်သည်။

 

ဂန္ဒီသည် သူ၏ အစဉ်အလာ အတိုင်း လန်ကွတ်တီ ကို ဝတ်ဆင်ကာ ၂၄ ရက်တိုင် မိုင် ၂၄၀ ကွာဝေးသည့် ကမ်းခြေ ရွာလေး တရွာ ဖြစ်သော ဒန်ဒီ သို့ ချီတက်လာခဲ့သည် (ပုံတွင်ရှု)။ ဗြိတိသျှ တို့သည် ဆား လုပ်ငန်းကို လက်ဝါးကြီး အုပ်လာယုံမက အိမ်တိုင်း အိမ်တိုင်း မရှိမဖြစ် သုံးစွဲနေသည့် ဆား အပေါ် အခွန်အတုပ်များ ကြီးလေးစွာ ကောက်ခံလာခဲ့ခြင်းကို ကန့်ကွက်ဆန္ဒပြရန် အတွက် ဖြစ်သည်။

 

ဂန္ဒီသည် သူ့နောက်က လိုက်လာကြသော အိန္ဒိယ၊ ဥရောပ နှင့် မြောက်အမေရိက တိုက်မှ သတင်းစာ ဆရာများကို ယခုလို ပြောကြားခဲ့သည်။

 

“ဗြိတိသျှ အစိုးရသည် မည်မျှပင် အင်အားကြီးမားနေပါစေ ဖိနှိပ်အုပ်ချုပ်နေမှုများကို သည်းငြည်းခံကြမည် မဟုတ်သည့် ကမ္ဘာအမြင် ကို သတိကြီးစွာ ထားလေ့ ရှိသူများ ဖြစ်သဖြင့် မိမိတို့ မှ လူထု အာဏာဖီဆန်ရေး ဖြင့် အကြမ်းမဖက် ဆန့်ကျင်သွားဖို့သာ လိုသည်” ဟု ဆိုသည်။  အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများသည် ကိုယ်ကျင့် သိက္ခာ အရ ရော၊ မိမိတို့ ကန့်ကွက်နေသည့် အဖြစ် အတွက်ပါ စိတ်ဓါတ်ရေးရာ အရ သာလွန် မြင့်မြတ်သည့် အနေအထား ရောက်ရှိသွားမည်သာ ဖြစ်သည်၊ ဗြိတိသျှ တို့၏ ကိုလိုနီ ကျွန်ပြု နိုင်စွမ်း မရှိတော့ပဲ လက်ရှိအနေအထား ကို ပင် ထိန်းသိမ်းနေရသည့် အဖြစ် ရောက်နေပြီ ဆိုခြင်းနှင့် ထို့အတွက် အကြမ်းမဖက် တော်လှန် ဆန့်ကျင် မှု များသည် မှန်ကန်‌သော လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဆိုသည်ကို ဂန္ဓီသည် ကောင်းစွာ သဘောပေါက် နားလည် နေပြီး ဖြစ်သည်။