ကုန်းကာမှ ပေါ်

by Hla Soewai - Mar 28 2023

တကယ်တမ်း တွက်ကြည့်မည် ဆိုက ၇၈ နှစ်မြောက် တော်လှန်ရေး နေ့သည် နှစ်ဖက်စလုံး အတွက် အဓိပ္ပါယ် များစွာ ရှိနေသည်။

 

ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များ အတွက်မူ တော်လှန်ရေး၏ အသီး အပွင့် များကို စတင်တွေ့ရှိ ခံစားလာရသည့် အခါသမယ ဖြစ်သည်။ (ယာယီ သမ္မတ ကြီး ဒူဝါး လရှီးလ)

 

စစ်ခေါင်းဆောင် ကြီး အဖို့က ပြည်သူတော်လှန်ရေး တပ်ဖွဲ့များ အား ချေမှုန်းမည်ဟု ဟန်ပင် မဆောင်နိုင်တော့ပဲ လက်သီး လက်မောင်း တန်း ဟစ်ကြွေး ပြောလာရသည့် အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်လာသော အချိန်လည်း ဖြစ်သည်။

 

နိုင်ငံတကာ နှင့် အိမ်နီးချင်း နိုင်ငံများက အကြမ်းဖက် မှု များ လျော့ချရန် ဝိုင်းဝန်း တောင်းဆိုပြီး ရှေ့ ဘာဆက်လုပ်မည်လဲ ဆိုသည်ကို စောင့်ကြည့်နေချိန်တွင် ၎င်း အဖို့ ပြောင်းပြန် ပြောဆိုခဲ့ရသည့် အထိ အရေးနိမ့်သွားခဲ့ရသည်။

 

ထောက်ခံသူ များ အားတက်အောင် ကြမ်းပြရမ်းပြမည် acting tough လုပ်နေရသော်လည်း ၎င်း၏ စကားကို မည်သူမျှ အယုံအကြည် မရှိကြတော့၊ အားလုံးက ထွက်လမ်း exit strategy ကို စဉ်းစားစ ပြုလာနေပြီ ဖြစ်သည်။

 

ပို၍ ဆိုးသည်က ပြည်သူများ အား PDF များက နေ့စဉ်လို သတ်ဖြတ် နေသည်ဟု‌ ပြောဆိုလိုက်ခြင်းကြောင့် သူသည် အောက်က စစ်အရာရှိများ၏ အလိမ်အညာ ခံနေရခြင်းလော၊ သို့တည်း မဟုတ် တမင် လိမ်လည် ပြောဆိုနေခြင်းလော ဆိုသည်ကို အချင်းချင်းပင် မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

၎င်းတို့ကြောင့် မဟုတ်ဟု ဆိုက နိုင်ငံတကာ မှ လေ့လာသူ များ၊ သံတမန် များ၊ သတင်းသမားများကို ခေါ်ယူ ပြသ ရှင်းလင်းနိုင်သည် မဟုတ်ပါလော၊ ကိုယ်တိုင်ကိုယ်ကျ အခင်းဖြစ် ရာ အရပ်များသို့ ကွင်းဆင်း မေးမြန်းခွင့်မပြုသင့်ပေဖူးလော။ သို့သော် အထုပ်အတည် နှင့် မီးခိုး ကြွက်လျောက် ပေါ်တော့မည် ဖြစ်၍ မလုပ်ရဲ။

 

သက်သေ သက္ကာရ တခု တလေမျှ မပြနိုင်ပဲ ငါစကား နွားရ ပြောနေမှု ထက် မပိုပေ။

 

ထိုသို့ မပြနိုင်ပဲ သူပြောစကား တခုတည်း ဖြင့် နိုင်ငံတကာက သူ့ဖက်မှ ရပ်တည်ပေးရန် တောင်းဆိုနေခြင်းသည်ကပင် သနားစရာ ကောင်းနေရသည်။ သို့သော် ထိုကဲ့သို့ စကားမျိုး ပြီးခဲ့သည့် နှစ် နှစ် လုံးလုံး ပြောဆို ခဲ့ခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

 

နိုင်ငံသည် ဒီမိုက‌‌ ရေစီ တိုးတက်‌ ရေး လမ်းကြောင်း ပေါ်တွင် တည်ငြိမ် ဖွံ့ဖြိုးတိုးတက်စွာ လျှောက်လှမ်းနေသည့် အချိန်တွင် အာဏာကို သိမ်းယူခဲ့ပြီး ပြည်သူများ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရ ကို ဖြုတ်ချပြီး တိုင်းပြည်ကို မှောက်ခုံ လှန်ပစ်ခဲ့သူ ဖြစ်သည်။ 

 

ထိုသို့ သမိုင်းတရားခံ ဖြစ်သွားခဲ့သူသည် ယခုလို အခြေအနေမျိုးကျမှ ဒီမိုကရေစီ ပြန်လည်ထားရှိရေး အတွက် သူ၏ ကြိုးပမ်းနေမှုများ ကို ထောက်ခံပေးကြပါရန် ဆိုသော စကားထက် ပိုပြီး ရူးနှမ်းသည့် စကား ရှိပေဦးမည်လော။

 

တဖန် မိမိတို့မှ မည်သည့်နည်း နှင့်မျှ အလျော့ပေးမည် မဟုတ် မဖြစ်ဖြစ်သည့်နည်းဖြင့် ချေမှုန်းသွားမည်ဟု ဆိုခြင်းဖြင့် နိုင်ငံတကာ မှ စေ့ဆပ်ဆွေး‌ နွေး အဖြေရှာရန် တဖွဖွ တောင်းဆိုနေခြင်းအား အဖြေပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ဆိုလိုသည်က တော်လှန်ရေး အင်အာစု များကို အပြီးအပိုင် ချေမှုန်းမည်။ လက်ဝေခံ ပါတီလေး များနှင့် ဟန်ပြ ရွေးကောက်ပွဲလုပ်မည်၊ ပြီးလျင် သူ သမ္မတ ဖြစ်မည်၊ ဤသည်ကား နိုင်ငံတကာ မှ ထောက်ခံ‌ ပေးရန် တောင်းဆိုနေသော သူ၏ ‌ဒီမိုကရေစီ ဖေါ်ဆောင်ရေး လမ်းကြောင်းပင် ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် အချိန်တို အတွင်း တော်လှန်ရေးကြီးအောင်မြင်အောင်၊ ၎င်းတို့အား စေ့ဆပ်ဆွေးနွေးပြီး အာဏာလွှဲရန် တခုတည်းသော နည်းလမ်း အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရအား လိုအပ်သည် မှန်သမျှ ပံ့ပိုးပေးရန်သာ ကျန် ပေတော့သည်။

 

ဘီဘီစီ သတင်းမှ တိုင်းပြည်၏ လူဦးရေ သုံးပုံတပုံသည် တထွာမျှသော ဝမ်းကို ဖြည့်တင်းနိုင်ရေး အကျောက်အကန် ရုန်းကန်နေရချိန်တွင် မင်းအောင်လှိုင်သည် အမိုးဖွင့် ဂျစ်ကားဖြင့် လှည့်လည် နိုင်ရေး အတွက် ထို အခမ်းအနားကို ကျပ် သန်း ရာပေါင်းများစွာ အကုန်အကျ ခံကာ ပြုလုပ်ခဲ့သည်ဟု ထောက်ပြလာခဲ့သည်။

 

၎င်းသည် "အကြမ်းဖက် သမားများ" ကို ဥပဒေနှင့် အညီ ကိုင်တွယ်သွားမည် ဆိုကာ ပြောနေသော်လည်း ဒေါတမကြီး တိုက်ပွဲတွင် လူကြားမကောင်းအောင် မရှုမလှ အရေးနိမ့်သွားသည်ကို လက်စားချေ သည့် အနေဖြင့် ဒီမောဆိုး မြို့အား ဗုံးကြဲ တိုက်ခိုက်သဖြင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီးသွားသည်ဟု သိရသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် တနိုင်ငံလုံး ကို ကြမ်းကြမ်းတမ်းတမ်း ဆက်လုပ်မှသာ တဖြေးဖြေး ခြေကုန်လက်ပမ်း ကျလာသော လူထုသည် ၎င်းတို့ ရှေ့မှောက်သို့ ဒူးထောက်လာကြမည်ဟု ယုံကြည်နေဆဲပင် ဖြစ်သည်။

 

နှစ် နှစ် ကျော်လာသော်လည်း မြေပြင် အခြေ အနေများက ၎င်းတို့ ယုံကြည်နေမှုကို တဖြေးဖြေး တိုက်စားလာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ကိုယ့်ကို ကိုယ် ယုံကြည်မှု အားနည်းလာသည့် အခါတိုင်း သူ့အား ဗိုလ်ချုပ်ဟောင်းကြီးများက နောက်ကွယ်မှ ထောက်ခံမှု ပေးနေသယောင် အခင်းအကျင်း လုပ်လေ့ရှိသည်၊ မနေ့ကလည်း ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်းများကို ဦးချ ကန်တော့နေပြန်သည်။

 

၎င်းတို့ မျှော်လင့်ထားသလို ယခု အနေအထား အတိုင်း ဒူးထောက်လိုက်မည် ဆိုက လက်ရှိဒုက္ခများ ချုပ်ငြိမ်းသွားမည် မဟုတ်သည့် အပြင် တသက်လုံး စာ သားစဉ်မြေးဆက် အနုနည်းဖြင့် လူစင်မမီအောင် နှိပ်စက် ခံကြရတော့မည်ကို လူထု က သိနားလည် ထားသောကြောင့်လည်း ဖြစ်သည်။

 

ဘုန်းကြီးများကို တန်းစီခိုင်းပြီး မာတုကာမ များကို အမွှေးနံ့သာ ဖျန်းခိုင်းသည့် မထင်မှတ်သော ဖြစ်ရပ်လေးကို ကြည့်လျင်ပင် ၎င်းတို့ ဘာသာ သာသနာကို မည်မျှ အထိ အလေးထားသည်၊ အတွေး အခေါ် နုံနဲ့ နေသည် ဆိုသည်ကို ထင်ရှားစွာ ပြဆိုနေပေသည်။

 

မညာတမ်း ဆန်းစစ်ကြည့်ကြပါစို့၊ ဦးသိန်းစိန် သမ္မတ ခေတ် ကတည်းက စစ်တပ်ကို ထောက်ခံလာသူ အရည် အတွက် ထက် လက်ရှိ တွင် တိုးလာနေပြီလော၊ ဥပမာ ယခင် ၉% ရှိသည်ပဲ ထားလိုက်ပါစို့၊ လက်ရှိတွင် ထို ၉% ဂွင်ထဲ မှာပင် လည်ပတ်နေသည့် အဆင့်ထက် တက်မလာ၊ နောက်ထပ် ပွဲပေါင်းများစွာကို ဘီလီယံ ချီ အကုန်အကျခံ ထပ်လုပ်ဦး၊ ဒီ ၉% ပင် ရောက်လာကြမည်၊ ပူးပေါင်းလာကြမည် သာ ဖြစ်သည်။ 

 

ထိုသို့ ဖြစ်နေခြင်း မှာလည်း မင်းအောင်လှိုင်၏ တိုင်းပြည်ကို စီမံ ခန့်ခွဲ နိုင်သည့် အရည်အချင်း မရှိခဲ့မှုသည် အဓိက တရားခံပင် ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်သည်။

 

ထိုအချက်ကပင် တော်လှန်ရေး ကြီး အောင်မြင်ရေး အတွက် များစွာ ပံ့ပိုး ပေးနေခြင်းလည်း ဖြစ်သည်။

 

ထိပ်တန်းခေါင်းဆောင်များအကြား အတွင်းကြိတ်တိုက်ခိုက်မှုနှင့် အာဏာလုပွဲများကို မဝေးတော့သော အနာဂတ်တွင် တွေ့ရနိုင်ပြီး မည်သည့် ရာထူးအပြောင်းအလဲမဆို ရေတိုအတွက်အဖြေသာ ပေးနိုင်မည်ဖြစ်သည်ဟု ဧရာဝတီက ဖေါ်ပြထားသည်။

 

မည်သည့် စစ်ခေါင်းဆောင်မျှ နိုင်ငံကို မီးရှို့အုပ်ချုပ်နေသည့် လက်နက်ကိုင်အုပ်စု၊ လူရမ်းကားများအား ထိန်း သိမ်း နိုင်စွမ်း မရှိတော့။ ယခုလို အနေအထားမျိုးတွင် ထိုသို့ လုပ်ရန် ကြိုးစားသူသည် ကိုယ်လည်ပင်း ကိုယ် ကြိုးကွင်း စွပ်သူ ဖြစ်သွားပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!