Road to nowhere ဖြင့် ပြည်သူ့ ဦးဆောင် ပါတီကြီး ဖျက်သိမ်းခံရ

by Hla Soewai - Mar 30 2023

မင်းအောင်လှိုင်၏ မတ်လ၂၇ နေ့တွင် ပြောခဲ့သော စကားများသည် မည်သို့ပင် တန်ဆာဆင်ထားစေကာမူ နောင်တချိန် နုရင်ဘတ်၊ တိုကျိုကဲ့သို့ နိုင်ငံ တကာ တရားရုံး တွင် သက်သေ အထောက်အထားများ ဖြစ်လာပေတော့မည်။

 

နောက်ထပ် တမှု တိုးလာသည်က တရားဝင် တည်ရှိ‌နေပြီး လူထု ထောက်ခံမှု ဖြင့် တိုင်းပြည်ကို ဦးဆောင်ခဲ့ပြီး နောက်ထပ် သက်တမ်း အတွက်လည်း တရားဝင် ရွေးကောက် တင်မြှောက်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ကလိန်စေ့ ငြမ်းဆင် ရွေးကောက်ပွဲ မှတ်ပုံတင် ဥပဒေ ဖြင့်နောက်ဆုံးထား မှတ်ပုံတင်ရမည့် မတ်လ ၂၈ ရက်နေ့က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည် ဆိုကာ ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

 

 NLD သည် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့ယုံမက ထိုဥပဒေ ထုတ်ပြန်လာသော ရွေးကော်အားလည်း အသိအမှတ် မပြုကြောင်း ကျေညာခဲ့ပြီး ဖြစ်သည်။

 

NLD သည် ၎င်းတို့ ခေါင်းဆောင်များ ဖမ်းဆီးခံရ၊ လူမဆန်စွာ နှိပ်စက်ညှင်းပမ်းခံရ၊ ‌ပုန်းအောင်း ပြေးလွှားနေရသည့်အချိန် တွင် ထိုသို့သော အရေးကြီးသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ရန် ခေါ်သည့် အစည်းအဝေး တက်ရောက်ရန် လိုအပ်သည့် လူအရည် အတွက် qouta ပင် မပြည့် ဖြစ်နေသည်။

 

ထို့ပြင် ၎င်းတို့ လုပ်မည် ဆိုသော ရွေးကောက်ပွဲသည် လည်း အလိမ်အညာ မှန်း ပြည်တွင်း ပြည်ပ က ပါ သတ်မှတ်ထားပြီး ဖြစ်သည်၊ ၎င်းတို့အဖို့ မည်သို့မျှ ပြန်ဆယ်၍ မရသည့် သိက္ခာမဲ့မှုကြီးက နိုင်ငံတော် အတိုင်ပင်ခံ ကို လုပ်ကြံ စွဲချက်ပေါင်း မျိုးစုံ နှင့် ထောင် ၃၃ နှစ် ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့အား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ သမိုင်းဝင် ဆုံးဖြတ်ချက် ၂၆၆၉ ဖြင့် တောင်းဆိုထားပြီးလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် ရွေးကောက်ပွဲတွင် ခွက်ခွက်လန် အောင် ရှူံးနိမ့်သွားသူ များသည် နဂိုကတည်းကပင် တိုင်းပြည်ကို လက်နက်သဖွယ် သဘောထား ကျင့်သုံးကာ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ရလဒ် အဖြစ် တိုင်းပြည် ဖွတ်ဖွတ် ညက်ညက် ကျေသွားသည်သာ အဖတ်တင်ခဲ့သည်။

 

နိုင်ငံရေး ပါတီပေါင်း ၅၂ ပါတီ မှတ်ပုံတင်ထားသည် ဆိုသော်လည်း ကြံဖွတ် မှ လွဲ၍ ကျန် ပါတီအများစုသည် မည်သို့မျှ မဖြစ်နိုင်သော ပါတီများရွေးကောက်ပွဲ ဝင်ခွင့် ရ စည်းကမ်းများကို ပြန်၍ ဖြေလျော့ပေးလာမည် ဟူသော မျှော်လင့်ချက် ဖြင့် မှတ်ပုံတင်ခဲ့ကြပုံ ရှိသည်။

 

၎င်းတို့၏ နိုင်ငံရေး ဦးတည်ချက် ဆိုသည်ကလည်း စစ်အာဏာရှင် စနစ် အောက်သို့ ခေါင်းတိုးဝင်ပြီး လွှတ်တော်ထဲဝင်ထိုင်ကာ အရေမရ အဖတ်မရ မေးခွန်းများ မေးနိုင်ယုံထက် မပိုပေ။

 

သို့သော် NLD သည် ပြည်သူတို့၏ ဆန္ဒကို ကိုယ်စားပြု ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ပင် ကျော်လာခဲ့ပြီ ဖြစ်၍ စစ်ဗိုလ်ချုပ် လက်တဆုပ်စာ မှ ဖျက်သိမ်းမည် ဆို၍ ဖြစ်နိုင်ပါမည်လော။

 

နိုင်ငံတကာ ရေးရာ တွင် ဩဇာတက္ကိမ ရှိသော ဘရပ်ဆဲလ် အခြေစိုက် International Crisis Group (ICG) မှ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် NLD မှ သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီး ဖြစ်သည့် ရွေးကောက်ပွဲ ရလဒ်ကို ချေဖျက် အစားထိုးရန် ကောက်ကျစ်စွာ ကြံစည်မှု တရပ် ဟု ဖေါ်ပြခဲ့သည်။ ယင်းသည် လက်ရှိ ပဋိပက္ခကို အရှိန် မြင့်လာစေခြင်းသာ အဖတ်တင်မည်ဟုလည်း ပါရှိသည်။ 

 

မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အား မည်သည့် အချိန်တွင် ပြုလုပ်မည်ဟူသော လျာထားချက် ထွက်မလာသေးသည်ကို ကြည့်က ၎င်းအနေဖြင့် ယုံကြည်မှု အပြည့်အဝ မတည်ဆောက်နိုင်သေးဆိုသည်က ထင်ရှားနေသည်ဟု ဆိုသည်။

 

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်မှ အသာစီးဖြင့် အာဏာခွဲဝေပေးသည့် စနစ်ကို အခိုင်အမာ တည်ဆောက်ပေးခဲ့သော်လည်း မင်းအောင်လှိုင်သည် ထိုပုံစံမျိုး ဖြင့် သမ္မတ တက်မလုပ်ရဲ ဖြစ်နေသည်၊ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ထားခဲ့ရမည့် သူကိုလည်း စိတ်တော်သိ ဗောင်းတော်ညိတ် အတွေးအခေါ် မရှိသူမျိုး လက်သို့သာ အပ်ချင်ပြီး သမ္မတ အဖြစ် သူကိုယ်တိုင် အရာရာ ကို ထိန်းထားနိုင်စွမ်း ရှိမှသာ လုပ်ရဲသည့် သဘော ရှိ၍ လွတ်တော် ထဲ ရောက်လာမည့် အမတ်များကိုပင် ၎င်းတို့နှင့် မျိုးတူစု ဝင် ကြံ့ဖွတ်မှ လွဲ၍ အခြားသူများ အား မည်သို့မျှ စိတ်မချနိုင် ဖြစ်နေသည်ကို တွေ့ရသည်ဟု ပါရှိသည်။

 

သို့သော် မင်းအောင်လှိုင် မှ ရွေးကောက်ပွဲ နည်းလမ်း ဖြင့် ဗိုလ်နေဝင်း ကဲ့သို့ အာဏာကို သူတဦးတည်း မောင်ပိုင်စီး သွားနိုင်မည် ဆိုက မိမိတို့ဘဝသည် ကျားသနားမှ နွားချမ်းသာ အဖြစ် ရောက်ရတော့မည့် အရေး ကို ထိတ်တန်း စစ်ဗိုလ်ချူပ် အတော်များများက စိုးရိမ်လာနေပြီး ကြံဖွတ် မှ တဆင့် ၎င်း သို့မဟုတ် အစိုးရ အဖွဲ့ထဲ ပါလာနိုင်သည့် အခြား ဩဇာညောင်းနိုင်မည့် လူများ မှတဆင့် ‌မင်း‌ အောင်လှိုင် လက်ထဲ အလုံးစုံအာဏာ များ စုစည်း သွားမည့် အရေးကို ဟန့်တားရန် ကြံစည်‌လာနိုင်သည်ဟု ဆိုသည်၊ ဆိုလိုသည်က သိန်းစိန်-ရွှေမန်း ပုံစံမျိုး ဖြစ်နိုင်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် အဖို့ကလည်း အာဏာသိမ်းပြီးချိန်ကစ၍ လုပ်သမျှ အလွဲလွဲ အချော်ချော်များ ဖြစ်နေ၍ ဒီ အခြေအနေအထိ သိက္ခာတပြားမှ မကျန်အောင် နာမည်ပျက်ခံ လုပ်လာပြီးမှ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမည့် အရေး အဖြစ်မခံနိုင်၍ စစ်တပ် အတွင်း ဆန့်ကျင်လာနိုင်သည့် လူများကို သတိကြီးစွာ ထား စောင့်ကြည့်နေမည်သာ ဖြစ်သည်။

 

စစ်ကောင်စီ ၏ ကြံစည်နေမှု များအား ကမ္ဘာသို့ ချပြလိုက်သည့် ထိုအစီရင်ခံစာကိုလည်း "Road to Nowhere' ဟု ခေါင်းစဉ်တပ်ထားသည်။

 

မင်းအောင်လှိုင်သည် အာဏာ ကို အခိုင်အမာ တည်ဆောက်နိုင်ပြီဟု ယုံကြည်လာပါက စစ်ဗိုလ်ချုပ်ကြီးများထဲမှ သူ့အပေါ် အမြင် မကြည်လင်ဟု သံသယ ရှိသူများကို အကုန် ဖယ်ရှားပစ်တော့မည်ကား မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

 

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဥပဒေသည် NLD ပါလာ စေရန် အလောင်းအစား လုပ်လိုက်ခြင်းသာ ဖြစ်သော်လည်း လက်လွန်သွားခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ၏ ရွေး ကောက်ပွဲအား ကုလ အပါအဝင် နိုင်ငံတကာ မှ မည်သို့မျ အသိအမှတ် မပြုမည်ကို ရိပ်စားမိသော တရုတ်သည် NLD ကို ဖျက်သိမ်းမခံပဲ အနည်းဆုံးမည်ကာမတ္တာ ပါဝင်ရန် ကြိုးစားခိုင်းသော်လည်း စစ် ဗိုလ်ချုပ်များက နိုင်ငံရေး ဆိုသည်ကို နားကန်းတလုံးမျှ ပင် သိထားသူများ မဟုတ်၍ ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။

 

ICG မှ အမျိုးသား ညီညွတ်ရေး အစိုးရ အဖို့ မင်းအောင်လှိုင်လုပ်မည့် ရွေးကောက်ပွဲ အပေါ် သတိကြီးစွာ ထား လှုပ်ရှားရမည်ဟု လည်း အကြံပေးထားပြန်သည်၊ ဆိုလိုသည်က မဖြေရှင်းနိုင်သည့် အတူတူ ရွေးကောက်ပွဲ ဖြင့် နိုင်ငံတကာက လက်ခံနိုင်‌လောက်သည့် အစိုးရ များ ထွက်လာလေမလား မျှော်လင့်နေသည့် အာဆီယံ နှင့် အိမ်နီးချင်း နိုင်ငံများ မှ အကြမ်းဖက် အဖွဲ့ဟု ယူဆခံရမည် စိုး၍ ဖြစ်သည်။

 

မိမိ အမြင် ပြောရမည်ဆိုလျှင် မကူညီသူများ က မည်သို့ပင် ထင်ထင် ပြည်သူတရပ်လုံး၏ ထောက်ခံမှု၊ မျှော်လင့်ချက်များ ပုံအော်ထားသည့် လက်ရှိ တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်နိုင်မည့် နည်းလမ်းမှန်သမျှသည် တရားနည်းလမ်းကျသည်၊ ပြည်သူ့ဆန္ဒ နှင့် ကိုက်ညီသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - International Crisis Group