ဂျပန် မှ မြန်မာ လယ်ယာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး စီမံချက် ချ ကူညီမည်

by Hla Soewai - Dec 31 2019

ဂျပန်သည် လာမည့် မေလ၌ နိုင်ငံတွင်း အမေရိကန် ဒေါ်လာ ၃.၆ သန်း ကုန်ကျမည်ဟု လျာထား ထားသော စီမံကိန်း တခု စတင် အကောင်အထည် ဖေါ်မည် ဖြစ်သည် ဟု ဂျပန်နိုင်ငံတွင် အင်္ဂလိပ် ဘာသာ ဖြင့် ထုတ်ဝေသည့် မိုင်နိချိ သတင်းစာ ကြီးတွင် ရေးသား ဖေါ်ပြထားသည်။ အဆိုပါ စီမံချက် ဖြင့် နိုင်ငံတွင်း လယ်ယာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ကြိုးပမ်းမှု တစိတ်တပိုင်း အဖြစ် ဆည်ရေသွင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံခန့်ခွဲနိုင်ရေး များ တွင် သုံးစွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။

လယ်ယာ ထုတ်ကုန်များ တိုးမြှင် ထုတ်လုပ်ရေး အပိုင်းတွင် ဆန်စပါး ကို ဈေးကွက်တွင် စဉ်ဆက်မပြတ် မျက်နှာပန်းလှစွာ ရောင်းဝယ်နိုင်ရေး rice value chain ဖြစ်လာရန် ရွှေဘို ခရိုင် အတွင်း ၆ မြို့နယ်တွင် စတင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ထိုလုပ်ငန်း ရပ်များ အတွက် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာ အစိုးရတို့ ပြီးခဲ့သည့် အပတ်အတွင်း နေပြည်တော်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တောင်သူများ ရေရရှိမှု အမြဲလို ဖူလုံမှု ရှိစေရန် ရေ အရင်းအမြစ် စီမံခန့်ခွဲရေး အဖွဲ့ ကို ထူထောင်ပေးသွားမည် ဖြစ်ပြီး ရွှေဘို ပေါ်ဆန်း ဆန် အား နိုင်ငံတကာ ဈေးကွက်တွင် နာမည်ရ ဒေသထွက်ကုန်တခု ဖြစ်လာစေရန် သတ်မှတ်ပြီး အရည်အသွေး မြှင့်တင်ပေးခြင်းဖြင့် အမြတ်အစွန်းများ တိုးပွားလာအောင် ပြုလုပ်ပေးသွားမည် ဖြစ်သည်။

တောင်သူများ၏ ဝင်ငွေ နှင့် စီမံခန့်ခွဲမှု အရည်အသွေးများ မြင့်မားလာစေရန် ရည်ရွယ်သည့် ပရိုဂျက်အား ၂၀၂၀ မေလ မှ ၂၀၂၄ နိုဝင်ဘာလအထိ လုပ်ဆောင်သွားမည် ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး ကဏ္ကတွင် လူဦးရေ၏ ၆၀% ကို ဝင်ရောက် လုပ်ကိုင်လျက် ရှိနေပြီး၊ စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးဖမ်းလုပ်ငန်းများသည် ဂျီဒီပီ ၏ ၃၀% ခန့် ပါဝင်လျက် ရှိသည်။

သို့သော်လည်း လယ်ယာကဏ္ကတွင် အဆင့်မြင့်နည်းပညာများ ဖြင့် ဖေါ်ဆောင် ဖြန့်ဖြူးနိူင်မှု မရှိသေးသဖြင့် စပါးအထွက်သည် တဟက်တာ (၂.၄၇ ဧက) တွင် ဆန်တန်ချိန် ၃.၅ တန်သာ ထွက်ရှိနေသေးသဖြင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ဗီယက်နမ်တွင် ၅.၅၄ တန်၊ အင်ဒိုနီရှားတွင် ၅.၁၅ တန်၊ ဘင်္ဂလားဒေ့ရှ်တွင် ၄.၃၄ တန် တို့နှင့် နှိုင်းယှဉ်လျှင် နိမ့်ပါးလျက် ရှိနေသည်။

မြန်မာ စိုက်ပျိုး မွေးမြူရေး နှင့် ငါးဖမ်းလုပ်ငန်း ဝန်ကြီးဌာန မှ လယ်ယာထွက်ကုန်များ ရောင်းအား မြှင့်တင်နိုင်ရေး တွင် တာဝန်ယူမည် ဖြစ်ပြီး ဆည်ရေ နှင့် ရေအသုံးချ စီမံခန့်ခွဲမှု ဌာနမှ ရေအရင်းအမြစ် စီမံခန့်ခွဲရေး အပိုင်း တွင် ပါဝင်ဆောင်ရွက်ကြမည် ဖြစ်သည်။

ရွှေဘို ခရိုင် အတွင်းရှိ တံတားလမ်းများနှင့် ဆည်ရေ တူးမြောင်းများ ပြင်ဆင်ရေး တို့ကို ယခုအခါ ဂျပန်မှာ အခြား အကူအညီ ပေးရေး ပရိုဂျက် ၏ တစိတ်တပိုင်း အဖြစ် ဆောင်ရွက်ပေးလျက် ရှိနေပြီ ဖြစ်သည်ဟု သတင်းစာတွင် ဖေါ်ပြ ရေးသားထားသည်။

၂၀၁၇-၁၈ တွင် မြန်မာ ဆန် ၏ ဝယ်လိုအား သည် နှစ်ပေါင်း ၅၀ အတွင်း အမြင့်မားဆုံး အဆင့်သို့ ရောက်လာခဲ့ပြီး တန်ချိန် သန်းပေါင်း ၂.၅ - ၂.၈ အထိ ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၈၀၀ ခန့် ရှိသည်ဟု မြန်မာ တိုင်းမ် သတင်းစာတွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုသည်ဟု ကိုးကား ဖေါ်ပြထားခဲ့သည်။

တင်ပို့မှု၏ ၅၃% သည် ပင်လယ် ရေလမ်းကြောင်းမှ ဖြစ်ပြီး ၄၇% သည် မူဆယ်မှ တဆင့် တရုတ်ပြည်သို့ ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။

ထိုသို့ တိုးမြှင့်လာခြင်းမှာလည်း သီရိလင်္ကာ နှင့် ဘင်္ဂလားဒေ့ရှ် တို့တွင် ရာသီဥတု ဆိုးဝါးလာခဲ့ခြင်းကြောင့် လယ်မြေအမြောက်အများ ပျက်စီးသွားခဲ့မှု နှင့် ကမ္ဘောဒီယား နှင့် ဗီယက်နမ်တို့ မှ ဝယ်လိုအားကို အလျင်မှီအောင် ထုတ်လုပ်နိုင်စွမ်း မရှိမှုတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ဂျပန်၏ နည်းပညာ များ နှင့် စီမံခန့်ခွဲမှုများဖြင့် မြန်မာဆန်သည် ကမ္ဘာဈေးကွက်တွင် မကြာမီ ကာလများ အတွင်း ဦးမော့လာတော့မည် ဖြစ်ပေသည်။