ဂျပန်မှ စစ်ဘေးရှောင်များ အတွက် ဒေါ်လာ ငါးသန်း ထောက်ပံ့ပြီး တရုတ် နောက်ဖေးခြံသို့ ချည်းကပ်လာပြီ ဖြစ်

by Hla Soewai - Jan 02 2020

နိုင်ငံမြောက်ပိုင်းရှိ စစ်ဘေးရှောင် ကချင်ပြည်သူများအား နေရပ်ပြန်နိုင်ရန် အကူအညီ ပေးရေး အစီအစဉ် တခုကို စတင်တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ကုန်ပိုင်းတွင် ကြေငြာလိုက်ခြင်းဖြင့် တိုကျို နှင့် ဘီဂျင်းအကြား မဟာဗျုဟာ ပြိုင်ဆိုင်မှုသည် နယ်ပယ် သစ်တခု သို့ ချည်းနည်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

 

တရုတ်၏ ဩဇာအာဏာသည် နိုင်ငံမြောက်ပိုင်းတွင် ကြီးထွားလျက် ရှိနေသော်လည်း နိုင်ငံတဝှမ်းတွင်မူ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ပရိုဂျက် အသီးသီး အား ဂျပန် နှင့် တရုတ်အကြား အပြိုင်အဆိုင် အကူအညီ ပေးကာ သံတမန်ရေးအရ အားပြိုင်လာနေမှုသည် ထိလွယ် ရှလွယ် ဖြစ်သည့် လူမျိုးစု ပဋိပက္ခ ဆီသို့ ဦးတည်လာနေပြီ ဖြစ်သည်ဟု  Nikkei Asia Review တွင် ရေးသားထားသည်။

 

ယခုအခါ ဂျပန်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာညောင်းနေပြီ ဖြစ်သည့် လူမျိုးစု ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည့် လူများကို ကူညီပေးသွားမည့် အစီအစဉ်ကို ယခုနှစ်၏ ပထမ ခြောက်လ အတွင်း စတင်တော့မည် ဖြစ်သည်။

 

ဂျပန် အစိုးရ သည် အကျိုးအမြတ် မရယူသော နီပွန် ဖောင်ဒေးရှင်းနှင့် လက်တွဲကာ အစိုးရတပ်များနှင့် ကချင် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လူပေါင်း ၃,၀၀၀ ခန့် အား နေရပ်သို့ ပြန်နိုင်ရန် ဒေါ်လာ ငါးသန်း ထည့်ဝင် ကူညီသွားမည်ဟု သိရသည်။

 

အဆိုပါ ငွေဖြင့် အိမ်အလုံးငါးရာ တည်ဆောက်ပေးသွားမည် ဖြစ်သည့်အပြင် တောင်သူ များ၏ ဝင်ငွေ တိုးမြှင့်လာစေရန် လယ်ယာစိုက်ပျိုးရေး သင်တန်းများ ဖွင့်လှစ် ပို့ချပေးသွားမည် ဖြစ်သည်။

 

ရန်ကုန်ရှိ ဂျပန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာတွင် ကြေငြာချက် ထုတ်ပြန်ရာ၌ “မိမိတို့၏ အကူအညီ သည် ကချင် ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု ပေးရန် လိုအပ်နေသည့် အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန် နှင့် အပြစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဖြစ်နိုင်သမျှ အမြန်ဆုံး ရရှိရေး အထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း” ပါရှိလာခဲ့သည်။

 

နီပွန် ဖောင်ဒေးရှင်း၏ ဥက္ကဌ ဖြစ်သူ ယိုဟေ ဆာဆာကာဝါသည် မြန်မာပြည် အမျိုးသား ရင်ကြားစေ့ရေး ဆိုင်ရာ အထူး သံတမန်လည်း ဖြစ်သည်။ တိုကျို တွင် အခြေစိုက်သည့် အဆိုပါ အဖွဲ့အား လှေပြိုင်ပွဲ လောင်းကြေးငွေများမှ ရသော အခွန်ငွေများဖြင့် ရံပုံငွေ ပံ့ပိုးပေးထားခြင်းလည်း ဖြစ်သည်။ ၎င်းတို့၏ ကုသိုလ်ဖြစ် လုပ်ငန်းများထဲတွင် ပင်လယ်ရပ်ခြားရှိ ပဋိပက္ခ ဖြစ်ပွားနေရာ အရပ်များသို့ အကူအညီပေးခြင်းများလည်း ပါဝင်ခဲ့သည်။

 

ဘီဂျင်းသည် လောလောဆယ်တွင် လူမျိုးစု အုပ်စုများ၊ အစိုးရနှင့် စစ်တပ်အကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကြားခံအဖြစ် ဆောင်ရွက်ပေးလျက် ရှိနေသည်၊ တရုတ်အနေဖြင့် ထိုသို့ လုပ်ပေးခြင်းဖြင့် မလက္ကာ ရေလက်ကြား ကို ရှောင်ရှားနိုင်မည့် အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက်ရလာ‌စေမည့် အကျိုးအမြတ် ပေါ်ထွန်းလာဖွယ် ရှိသည်ဟု မျှော်လင့်နေသည်။

 

တိုင်းပြည်၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ အာဏာ ရရှိလာခဲ့သည့် ၂၀၁၆ နောက်ပိုင်းတွင် တရုတ်ဖက်သို့ ပိုမို ယိမ်းလာခဲ့သဖြင့် လေ့လာသူများ အံ့အားတသင့် ဖြစ်ခဲ့ရသည်။ ယင်းသည် ငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ ဖြေရှင်းရမည့် တရုတ် ထောက်ခံနေသည့် လူမျိုးရေး အုပ်စုများကြောင့် ပင် ဖြစ်သည်။

 

ဂျပန်မှ ယခုလို အကူအညီ ပေးရန် စီမံလာခဲ့ခြင်းသည် ဒေသတွင်းရှိ ကချင် ဘက်ပ်တစ် ကွန်ဗင်ရှင်းမှ အကူအညီ တောင်း၍ ဖြစ်သည်ဟု သိရသည်။ ဒေသတွင်းရှိ ကွဲပြားနေသော နိုင်ငံရေး မျက်နှာစာတွင် ဂျပန် အား ပါဝင်လာစေခြင်းဖြင့် အနေအထားသစ်တခု ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်၊ ပညာရေး၊ သက်မွေးဝမ်းကျောင်း အတတ်ပညာ နှင့် ကယ်ဆယ်ရေး ပိုင်းတွင် အကူအညီ ပေးသွားမည့် အပြင် ရန်လိုနေသော အဖွဲ့အစည်းများ အကြား ဖြန်ဖြေပေးရန်လည်း ဂရုတစိုက် ပြုလုပ်ပေးမည်ဟုလည်း ဆိုသည်။

 

စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်သို့ ပြန်လာနိုင်အောင် ပံ့ပိုးပေးခြင်းနှင့် ငြိမ်းချမ်းရေး အသီးအပွင့်များ လက်တွေ့မြင်နိုင်အောင် ပြသနိုင်ခြင်းဖြင့် စစ်မက် ဖြစ်ပွားနေ‌သော အဖွဲ့များ အတူ ထိုင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လာကြလိမ့်မည်ဟု ဂျပန်တို့ က ယုံကြည်လျက် ရှိနေသည်။ ထို့အပြင် မြန်မာ အစိုးရနှင့် စစ်အုပ်စု များအားလည်း ၎င်းတို့အနေဖြင့် ကချင်နှင့် ပတ်သက်ပြီး ဘီဂျင်း အလိုကျ လိုက်လျောစရာ မလိုဆိုသည်ကို သဘောပေါက်လာကြရန်လည်း မျှော်လင့်လျက် ရှိနေသည်ဟု ဆိုသည်။

 

၂၀၁၈ ဒီဇင်ဘာလထဲတွင နိုင်ငံ မြောက်ပိုင်း၌ မြန်မာ စစ်ဖက်မှ တဖက်သတ် အပြစ်ရပ်ကြောင်း ကြေငြာခဲ့ပြီး ယနေ့အချိန်အထိ လည်း သက်တမ်း တိုးမြှင့် ပေးထားဆဲ ဖြစ်သည်။ သို့သော် ဒေသခံများ အဆိုအရ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဟု သိရသည်။ သို့သော် ကချင်ပြည်နယ် မြောက်ပိုင်းတွင် အခြေအနေများ တည်ငြိမ်လာနိုင်လိမ့်မည်ဟု ဂျပန် သံရုံးက အကောင်းဖက်မှ ရှု့မြင်ထားကြောင်း ဖေါ်ပြခဲ့သည်။

 

ဂျပန် ဝန်ကြီးချုပ် ရှင်တာရို အာဘေး နှင့် တရုတ် သမ္မတ ရှီ ကျင်ပင့်တို့ ဒီဇင်ဘာလထဲတွင် ဘီဂျင်း၌ ‌တွေ့ဆုံဖြစ်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံ‌ရေး တိုးတက်မှု ရှိလာလိမ့်မည်ဟု မျှော်လင့်ချက် များ တိုးပွား လာနေခဲ့သည်။

 

သို့သော်လည်း မြန်မာပြည်တွင် တရုတ်၏ ဩဇာ သက်ရောက်နေမှု ကို ဂျပန်သည် သတိကြီးစွာ ထား နေဆဲ ဖြစ်သည်။ တရုတ် နှင့် နောက်ထပ် မဟာဗျုဟာ ယှဉ်ပြိုင်မှု တခု အဖြစ် ရန်ကုန်ရှိ မြို့ပြ ဖွံဖြိုးရေး စီမံကိန်းနှင့် ရန်ကုန် နှင့် မန္တေလေးအား ပေါင်းကူး ဆက်သွယ်ပေးနိုင်မည့် အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ စီမံကိန်းများတွင်လည်း ‌ငွေကြေး ပံ့ပိုးပေးခြင်းဖြင့် သိသာစွာ ယှဉ်ပြိုင်လာခဲ့သည်။

 

မြန်မာအား သံတမန်ရေးရာ အကာအကွယ်ပေးနိုင်ရေး အတွက်လည်း ယှဉ်ပြိုင်ခဲ့ကြပြန်သည်။ မကြာမီက ကုလသမဂ္ဂတွင် မြန်မာအား ရှုတ်ချကြောင်း အဆိုကို မဲခွဲ ဆုံးဖြတ်ရာတွင် တရုတ်က ကန့်ကွက်မဲ ပေးခဲ့ပြီး ဂျပန်က ကြားနေခဲ့သည်။

 

အောက်တိုဘာလအတွင်းက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား ဂျပန်သို့ အလည်အပတ် လာရန် ဖိတ်ကြားခဲ့ပြီး ဝန်ကြီးချုပ် အာဘေး အပါအဝင် အခြား ထိတ်တန်း အရာရှိကြီးများနှင့်  တွေ့ဆုံခဲ့သည်။ သို့သော ဗိုလ်ချုပ်မှုးကြီး သည် အ‌မေရိကန် သို့ သွားရန် ပိတ်ပင်ထားခြင်း ခံနေရသည်။