အာဏာသိမ်း အဖွဲ့ သည် မြောက်ကိုရီယား မှ လက်နက်ဝယ်ယူနေဖွယ် ရှိ

by Hla Soewai - Apr 08 2023

ကုလသမဂ္ဂမှ မြောက်ကိုရီယား ၏ လက်နက် ရောင်းချမှု ကို တားမြစ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှု ကို ဖေါက်ဖျက်ကာ စစ်အာဏာသိမ်း အဖွဲ့သည် မကြာသေးမီက လက်နက်များ ဝယ်ယူ တင်သွင်းခဲ့ဖွယ် ရှိသည်ဟု ကုလ ကျွမ်းကျင်သူများ ပါဝင်သည့် မြန်မာ အရေး အထူး အကြံပေး အဖွဲ့မှ ထုတ်ပြန်ရန် ရှိနေသည့် အစီရင်ခံစာ တွင် ပါရှိလာခဲ့ကြောင်း NK News တွင် ပါရှိလာခဲ့သည်။

 

 ၎င်းတို့ အတွက် ကြားပွဲစား အဖြစ် ဆောင်ရွက်ပေးနေသည့် မြန်မာ ကုမ္ပဏီသည် Royal Shune Lei (တော်ဝင်ရွန်းလဲ့ ဟု ယူဆရ) ဖြစ်ပြီး ကုလသမဂ္ဂ၏ ဒဏ်ခတ် အရေးယူမှု ခံထားရသော Korea Mining Development Trading Corporation နှင့် ဆက်သွယ် ဝယ်ယူနေခြင်း ဖြစ်ပြီး ပထမ အသုတ် အဖြစ် ၂၀၂၂ ဇူလိုင် လ ထဲ မြန်မာသို့ ရောက်ရှိခဲ့ပုံ ရသည်ဟု လည်း ပါရှိသည်။

 

 သို့သော် မည်သို့သော လက်နက် အမျိုးအစားများ ဝယ်ယူခဲ့သည် ကိုတော့ အစီရင်ခံစာတွင် တိတိကျကျ ဖေါ်ပြထားခြင်း မရှိပေ။

 

 Royal Shune Lei ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာများ မှ တင်မျိုးအောင်၊ အောင်ကိုကိုဦး နှင့် မွန်မွန်အောင် တို့ ဖြစ်ပြီး ထိုသတင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ချက်ခြင်းလက်ငင်း တုန့်ပြန် မှု မရှိခဲ့ဟုလည်း မြောက်ကိုရီယား သတင်း များ အား အထူးစောင့်ကြည့် ဖေါ်ပြနေသည့် NK News တွင် ပါရှိလာသည်။

 

 လူသိရှင်ကြား ထုတ်ပြန်ထားသည့် ကုန်သွယ်ရေး အချက်အလက်များအရ အဆိုပါ ကုမ္ပဏီသည် ၂၀၁၉ ခုနှစ် အတွင်း ရုရှား ရှိ အဲရိုတက္ကနစ် ကုမ္ပဏီမှ M-8 ရဟတ်ယာဉ်များ အတွက် အပို ပစ္စည်းများ တင်သွင်းခဲ့ဖူးခြင်း ရှိကြောင်း တွေ့ခဲ့ရသည်။ ဆာဘီယား ရှိ ကုမ္ပဏီတခု ထံမှလည်း အီလူးရှင်း-၇၆ ကုန်တင် လေယာဉ်အတွက် အလားတူ ကန်ထရိုက် တခုလည်း ရရှိထားသည်။

 

 မြန်မာသည် မြောက်ကိုရီယား ထံမှ လက်နက် ဝယ်ယူခဲ့ဖူးသည့် အစဉ်အလာများ ရှိနေပြီး ၁၉၉၉ တွင် ၁၃၀ မမ လက်နက်ကြီး နှင့် သက္ကရာဇ် ၂၀၀၀ နှစ်များ အဆုံးတွင် တာလတ်ပစ် ဒုံးကျည် အစိတ်အပိုင်းများ လက်ခံရရှိခဲ့သည်ဟု ယူဆခြင်း ခံခဲ့ရသည်။

 

မြောက်ကိုရီယား နှင့် ပူးပေါင်းပြီး Hwasong-5 တာတိုပစ် ဒုံးကျည်များ တပ်ဆင်ရန် စက်ရုံ လည်း တည်ဆောက်ထားပြီး ဖြစ်ဖွယ် ရှိသည်ဟု အစီရင်ခံစာ က ဆိုသည်။

 

 ရုရှားသည် ၎င်းတို့ အတွက်ပင် မနိုင်ရင်ကာ ရုန်းကန်နေရပြီ ဖြစ်၍ အာဏာသိမ်း အဖွဲ့ သည် မြောက်ကိုရီယား ဖက် ခြေလှမ်းလာခြင်း ပင် ဖြစ်မည်။ မည်သို့ပင် ဆိုစေ ကမ္ဘာ အသိုက်အဝန်း အပြင် သို့ လှမ်းနေသည့် ခြေလှမ်းပင် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ ခြေလျင်တပ်ရင်းများ သည် တိုင်းရင်းသားများ နှင့် တော်လှန်ရေး အဖွဲ့များ၏ ဒရုန်းများ ဖြင့် ချေမှုန်း ခြင်းကို အလူးအလဲ ခံနေရပြီ ဖြစ်သည်။ ၎င်းတို့ အတွက် တခုတည်းသော မျှော်လင့်ချက်ကား မည်သို့မျှ ထိရောက်မှု မရှိတော့ပဲ ယာယီသာ ဟန့်တားနိုင်မည့် လေကြောင်းပစ်ကူပင် ဖြစ်သည်။ အလွန်အကျွံ လည်း မလုပ်ရဲ၊ လုပ်မည် ဆိုက တော်လှန်‌ရေး အဖွဲ့များကို မဖြစ်မနေ ကူညီလာကြမည်သာ ဖြစ်သည်။

 

 ယခုလည်း တရုတ် ရင်းနှီးမြုပ်နှံ ရန် စိတ်ကူးနေသော နေရာများကို အပြည့်အဝ ထိန်းချူပ်နိုင်ကြောင်း၊ လုံခြုံမှု အပြည့် ရှိကြောင်း သူကိုယ်တိုင် သွားပြနေရပြီ ဖြစ်သည်။

 

 နိုင်ငံ ခေါင်းဆောင်ကြီး အဖြစ် တရားဝင် ဖိတ်ကြားခံနိုင်ရန် ဖြစ်နိုင်ခြေ ရှိသည့် သီရိလင်္ကာ ကိုပင် ဆန်လှု၊ ဆီလှု ချည်းကပ်ခဲ့သော်လည်း ပေးသမျှ ယူသာသွားပြီး ဖိတ်ခေါ်သံတော့ ထွက်မလာခဲ့ပေ။ ၎င်း နှင့် ပလူးပလဲ ဟု အထင်ခံရမည် ကို နိုင်ငံငယ်များ အားလုံး စိုးရိမ်တကြီး ရှိနေကြသည်။

 

 ပူတင်သည် ယူကရိန်း အား ကျုးကျော်ခဲ့မှု သည် ဘာမဆို လုပ်ရဲသည့် မိုက်ရူးရဲ ဆန်ခြင်းမျိုး မဟုတ်၊ ၂၀၁၄ ကရိုင်မီးယား နှင့် ယူကရိန်း အရှေ့ခြမ်း များ အား သိမ်းယူခဲ့ခြင်း အား အနောက်အုပ်စုမှ လက်ပိုက်ကြည့်နေခဲ့၍ ယခုလည်း ထိုအတိုင်းပင် ရှိလိမ့်မည်ဟု အတွက် အချက် မှားခဲ့ခြင်းသာ ဖြစ်သည်။

 

 အလားတူပင် ကျန်သည့် အမျိုးသားရေး ဝါဒီ ခေါင်းဆောင်များ ဖြစ်သော မိုဒီ၊ အာဒိုဂန်၊ နသန်ယာဟူး တို့သည်လည်း ပြည်တွင်း လူပိန်းများ အကြိုက် ရေရွတ်နေသော်လည်း တကယ်တမ်း တွင် မည်သည့် စစ်ပွဲကိုမျှ ဆင်နွှဲရန် စိတ်ကူးကြသူများ မဟုတ်၊ နာသန်ယာဟူး ဆိုက ဆီရီယား ပြည်တွင်းစစ် ထဲ ဆွဲသွင်း မခံရအောင် သတိကြီးစွာ လျှောက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်ဟု ယူဗယ် နိုရာ ဟာရာရီက သူ၏ ၂၁ ရာစု အတွက် သင်ခန်းစာ ၂၁ ခု ဆိုသည့် စာအုပ်တွင် ရေးသားထားသည်။

 

 မင်းအောင်လှိုင် အဖို့က အတွက် အချက် မှားခြင်း မဟုတ်၊ ဒီလို လုပ်လျှင် ဒီလို ဖြစ်မည် ဆိုသော နမူနာ များ သူ့ ရှေ့တွင် ရှိနေခဲ့ပြီး ဖြစ်နေပါလျက် ကြံရာမရ ဖြစ်ကာ နံရံကို ခေါင်းနှင့် တိုက်သည့် မိုက်ရူးရဲ လုပ်ခြင်းမျိုး သက်သက်သာ ဖြစ်သည်။

 

 တပ်တွင်း တွင်လည်း အာဏာသိမ်းမှု ကို ထောက်ခံခဲ့သော်ငြားလည်း လူထုကို အသာထားဘိဦး၊ ၎င်းတို့ ကောင်းရာကောင်းကျိုး ကိုပင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အပြင် ယခင်က ရရှိထားသော အနေအထားများပင် ဆုံးရှုံးလာပြီ ဖြစ်နေ၍ ကြည်ညိုသူ များ မရှိသလောက် ရှားပါးလာနေပြီ ဖြစ်သည်။

 

 ၎င်း၏ တချက်လွှတ် အမိန့်ဖြင့် လူပေါင်းများစွာ အား သေတွင်းသို့ ပို့ဆောင်ပေးနေပြီ ဖြစ်သည်။

 

 "This guy is undergoing the problem with acting tough. No one can offer a hand."

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!