မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှု ‌တွေကို ဘယ်လို ဖုံးဖိထားနိုင် ခဲ့ သနည်း

by Hla Soewai - Apr 12 2023

ဟောင်ကောင်ရှိ South China Morning Post သတင်းစာအတွက် ဝါရှင်တန် ရှိ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ ရေးသားသော ဆောင်းပါးအား ကောက်နှုတ် တင်ပြသည်။

 

၂၀၂၂ စက်တင်ဘာလ အတွင်းတွင် လူအနည်းငယ် မျှသာ ရိပ်စားမိခဲ့သော သတင်းတပုဒ် ထွက်ပေါ်လာခဲ့သည်။

 

ဤသည်ကား အွန်လိုင်း ကုမ္ပဏီ မှတ်ပုံတင် စာရင်း The Myanmar Companies Online (Myco) ၏ အဓိက ကျသည့် အစိတ်အပိုင်း တခုအား လူများ ဝင်ရောက် ကြည့်ရှုနိုင်ခွင့် ကို ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။ ထိုနည်းဖြင့် စစ်ခေါင်းဆောင်ပိုင်း မိသားစု များသည် မည်သည့် ကုမ္ပဏီများ တွင် ရှယ်ယာ မည်မျှ ပိုင်ဆိုင်နေသည် ဆိုသည်ကို ဖုံးကွယ် လိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ မှ ပစ်မှတ်ထားပြီး ပိတ်ဆို့ ဒဏ်ခတ်မှု များ လုပ်လာမည့် အရေး ကို ရှောင်လွှဲနိုင်ရန် ဆွေမျိုးသားချင်းများ၏ အမည်များဖြင့် ကုမ္ပဏီ အသစ်များ တည်ထောင်ကာ အကာအကွယ် လုပ်လာနိုင်ခဲ့သည်။

 

Myco အား ဂျပန် တို့၏ နည်းပညာ အကူအညီ ဖြင့် ၂၀၁၈ ဩဂုတ်လ အတွင်း စီမံဘဏ္ဍာ ဝန်ကြီးဌာန၏ ၂၀၁၇ ကုမ္ပဏီများ ဆိုင်ရာ အက်ဥပဒေ အရ တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။

 

Myco တွင် ကုမ္ပဏီ ပေါင်း ၁၂,၀၀၀ ၏ အချက်အလက်များ အပြင် လက်ရှိ နှင့် ယခင် ဒါရိုက်တာ အမည်များ၊ ခန့်အပ်သည့်နေ၊ ရှယ်ယာ ပိုင်ဆိုင်မှုများ နှင့် မွေးသက္ကရာဇ် ပါမကျန် အသေးစိတ် ထည့်သွင်းထားသည်။

 

ကုမ္ပဏီများ၏ အချက်အလက်များကို ဝင်ရောက် ကြည့်ရှု နိုင်သေးသော်လည်း ပုဂ္ဂိုလ်ရေး ဆိုင်ရာများ ကြည့်ရှုခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

 

ထိုသို့ ပိတ်ပင်လိုက်ခြင်းဖြင့် စစ်ကောင်စီ သည် မည်သည့် အကြောင်းခြင်းရာများကို ဖုံးကွယ်ရန် ကြိုးပမ်းနေပေသနည်းဟု မေးခွန်းထွက်ပေါ်လာခဲ့သည်။

 

အသိသာ အထင်ရှားဆုံး အဖြေကာ ၎င်းတို့ ကိုယ်ကျိုးရှာ ချမ်းသာကြွယ်ဝလာမှုများကို ဖုံးဖိထားနိုင်ရန် အတွက်ဟု ဆိုရမည် ဖြစ်သည်။ စစ်ကောင်စီ အဖွဲ့ဝင်များ ၏ မိသားစု များ ပိုင်ဆိုင်သော ကုမ္ပဏီများသည် အကျိုးအမြတ် များစွာ ရရှိနေသော ဆောက်လုပ်ရေး၊ ဆိုလာစွမ်းအင်၊ လျပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရေး၊ လမ်းတံတား နှင့် ဘိလပ်မြေ လုပ်ငန်းများ တွင် ကန်ထရိုက်များ ရရှိနေကြသည်။

 

အာဏာသိမ်းသည့် အချိန်တွင်ပင် ၎င်းတို့ သားသမီးများ ပိုင်ဆိုင်နေသော ကုမ္ပဏီပေါင်း ၂၇ ခု ရှိထားပြီး ဖြစ်သည်။ လက်ရှိ အချိန်အထိ အမေရိကန် ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံထားရသည့် လူပုဂ္ဂိုလ် ၇၅ ဦးထဲတွင် ၂၂ ဦးသည် စစ်ကောင်စီ ထိတ်တန်း ခေါင်းဆောင်များ၏ သားသမီးများ ဖြစ်နေသည်။ ကုမ္ပဏီ ၂၅ ခုတွင် မင်းအောင်လှိုင်၏ သားသမီးများ ပိုင် ကုမ္ပဏီ ၄ ခု ပါဝင်နေသည်။

 

အာဏာသိမ်း အဖွဲ့ဝင်များသည် ၎င်းတို့ ကြွယ်ဝချမ်းသာမှုများ နှင့် စပ်လျင်းပြီး သတင်းများ ထွက်ပေါ်လာမည့် အရေး ကို အထူး ဆင်ခြင် သတိထားနေသည့် ကြားမှ ဇန်နဝါရီလ အတွင်း ငွေကြေး ခဝါချမှု၊ မူးယစ်ဆေး ကူးသန်း ရောင်းဝယ်မှု များ ဖြင့် ထိုင်းတွင် ဖမ်းဆီး ခံထားရသည့် မြန်မာ စီးပွားရေး သမား တဦး၏ ဘန်ကောက် ရှိ တိုက်ခန်းတွင် မင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှု များ နှင့် ဘဏ်စာအုပ်များ တွေ့ရှိလာခဲ့သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ထောက်ခံခဲ့ကြသူများ၏ ပိုင်ဆိုင်မှု များကို သိမ်းယူခဲ့ကြသလို မျိုး ၎င်းတို့ ပြန် ခံ ရမည်ကို စိုးရိမ်လာ၍ ကုမ္ပဏီ ရှယ်ယာ များကို မိသားစုများ နှင့် ကရိုနီများ၏ အမည်များ ဖြင့် ဖြန့်ကျက်ထားလာကြသည်။

 

အာဏာကို မထိန်းချုပ် နိုင်သည့်အပြင် စစ်မျက်နှာ ပေါင်းစုံ မှ ထိုးနှက်ခြင်း ခံလာနေရပြီး ‌ငွေကြေး ပြတ်လတ်လာသည် နှင့် အမျှ ပြည်ပ ရင်းနှီး မြုပ်နှံမှု များလည်း တစထက်တစ ခန်းခြောက်လာနေပြီ ဆိုသည်ကို သိမြင်လာကြသည်။

 

ထို့ အတွက် ငွေရပေါက် ရလမ်း အဖြစ် နိုင်ငံ ပိုင် စက်ရုံများ၊ မြေယာများ အား ပုဂ္ဂလိက သို့ လွှဲပြောင်းရောင်းချ နိုင်ရန် Privatization Commission ကို ၂၀၂၂ နှစ်လည်ပိုင်းတွင် ဖွဲ့စည်းလိုက်ပြီး ၁၃၄ မျိုးကို တင်ဒါ‌ ခေါ်ယူခဲ့သည်။

 

ထိုသို့ fire-sale ခေါ် ပေါချောင်ကောင်း ဈေးဖြင့် ရောင်းမည်ဖြစ်၍ စစ်ဗိုလ်ချုပ်များ နှင့် ၎င်းတို့ လက်ဝေခံ ခရိုနီများပင် အကျိုးအမြတ် ရဖို့ ရှိနေသည်။ ပြည်ပ ကုမ္ပဏီ များက ၎င်းတို့ နှင့် စပ်ယှက် မိက ဂုဏ်သိက္ခာကျမည့် အရေးကြောင့် ရှောင်ရှားလိုစိတ်က များနေသည်။

 

Myco အား ပိတ်ဆို့ထားနိုင်သဖြင့် နီးစပ်ရာ ဆွေမျိုးသားချင်း အမည်များနှင့် ကုမ္ပဏီများ တည်ထောင်လာနိုင်ခြင်းကြောင့် နိုင်ငံတကာ၏ ဒဏ်ခတ်မှု များ မှ ရှောင်ရှားလာနိုင်ခဲ့သည်။

 

၂၀၁၉ ခုနှစ် ကုလ လူ့အခွင့်အရေး ကောင်စီ၏ အစီရင်ခံစာတွင် စစ်တပ်၏ ဦးပိုင် လုပ်ငန်းကြီး နှစ်ခု မှ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီပေါင်း ၁၀၆ ခု ရှိနေသည်။ လက်ရှိ Justice for Myanmar ၏ အသေးစိတ် ပြုစုထားသော စာရင်းအရ စစ်တပ်၏ လုပ်ငန်းဆောင်တာ များကို ဘဏ္ဍာရေးအရ ပံ့ပိုးပေးနေသည့် စစ်တပ်ပိုင် ကုမ္ပဏီ ၁၃၀ ရှိနေသည်ဟု သိရသည်။

 

အမေရိကန်သည် ဦးပိုင် ကုမ္ပဏီများ၊ လက်ခွဲများ၊ ဖက်စပ်လုပ်ငန်းများ နှင့် ၎င်းတို့ပိုင် ဘဏ် နှစ်ခု အား ၂၀၂၁ မတ်လ ၂၅ ရက်နေ့ကတည်း ပိတ်ဆို့ ဒဏ်ခတ်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ အတွက် မည်မျှ အထိ ထိခိုက်သွားသည်ကို အတိအကျ မသိရသော်လည်း အာဏာသိမ်းပြီးကတည်းက အကျိုးအမြတ်များ ခွဲဝေပေးခြင်း မရှိတော့ပေ။ ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ဖက်စပ် မိုင်တဲလ် သည်လည်း လစဉ်လို အရှုံးပေါ်နေပြီ ဖြစ်သည်။

 

လစာငွေ တပဲတပြား၊ ရိက္ခာတော်ကြေး မလောက်မငှ ဖြင့် အမှုထမ်းနေရသော အရာရှိ အရာခံ အကြပ်တပ်သားများ အတွက် ထိုသို့ အကျိုးအမြတ်များ ခွဲဝေ မပေးပဲ ထားခြင်းသည် မည်မျှ အထိ ထိခိုက်နေသည်ကိုလည်း ထည်သွင်းစဉ်းစားခြင်း မရှိ။

 

တိုင်ဝမ်ရှိ အဲဗားဂရင်း နှင့် စင်္ကာပူရှိ ထရန်စ်ဝေါလ် တို့မှ စစ်တပ်ပိုင် ဆိပ်ကမ်းများ အသုံးမပြုတော့ဟု ကျေညာခဲ့ပြီး ဂျပန်၏ ကီရင် သည်လည်း ဦးပိုင်နှင့် လမ်းခွဲသွားခဲ့သည်၊ သို့သော် ပြည်ပရင်းနှင်း မြုပ်နှံသူများသည် ဈေးပေါပေါ နှင့် ရနိုင်မည် ဖြစ်ပြီး အစွယ်ကျိုးနေသော စစ်တပ် ထံမှ အခွင့်အရေးများ ရမည်ကို သိထားကြ၍ ပြန်လာချင်နေသည်မှာ ထွန့်ထွန့်လူး ဖြစ်နေကြမှန်းလည်း ရိပ်စားမိလာသည့် အတွက် ကုမ္ပဏီများ အမည်ပြောင်းပြီး တည်ထောင်လာကြသည်။ ဥပမာ မြဝတီ ထရိတ်ဒင်းသည် ဘုန်းမင်းမြတ် ဟု အမည်ပြောင်းကာ စက်သုံးဆီ နှင့် စားအုံးဆီများ တင်သွင်းလာပြီး ဦးပိုင် အတွက်လည်း Ever Meter ဆိုသော ကုမ္ပဏီ ထောင်ပြီး စင်္ကာပူမှ ပစ္စည်းများ တင်သွင်းလာနေသည်။

 

ထို့အတွက် အမေရိကန် နှင့် အနောက်နိုင်ငံများ အဖို့ ထိုကဲ့သို့ အမည်ပြောင်း လူပြောင်း လုပ်ကာ ကုမ္ပဏီ အသစ်များ ထူထောင်လာမည်ကို သတိကြီးကြီး နှင့် စောင့်ကြည့်နိုင်မှသာ ဖြစ်မည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

ပုံတွင် ဒီမိုကရေစီနည်းကျ တရားဝင် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့သည့် ရာဇဝတ်မှု ကြီးကို ကျုးလွန်ခဲ့ကြသည့် စစ်ခေါင်းဆောင် များ နှင့် လက်ပါးစေ များ အား Radio Free Asia (Burmese) မှ ဖေါ်ပြထားသည့် ပုံကို တွေ့နိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!