အရိပ်သုံးပါး နားမလည်ခဲ့၍ ကျားစာ ဖြစ်ခဲ့သူ

by Hla Soewai - Apr 22 2023

နုန် ချောင်းစကီးသည် အမေရိကန် ထိတ်တန်း ဘာသာဗေဒ ပညာရှင် တဦး လည်း ဖြစ် အမေရိကန် အစိုးရ အဆက်ဆက် မူဝါဒများ ကို အစဉ် တစိုက် ဝေဖန် သည့် စာအုပ်များစွာ ရေးသား ထုတ်ဝေ ခဲ့သူ ဖြစ်သည်။

 

သူ၏ ထင်ရှားသော စာအုပ် တအုပ် ဖြစ်သည့် "How the World works" တွင် အာဏာရှင် တို့၏ သရုပ်သဏ္ဍန် ကို ယခုလို ဖေါ်ပြခဲ့သည်။

 

အာဏာရှင်တို့ မည်သည် ၎င်းတို့ အုပ်ချုပ်ရေး တည်တံခိုင်မြဲ ရန် အတွက် 

 

"ငြိမ်းချမ်းရေး သည် စစ်ပွဲ"

 

"လွတ်လပ်ခွင့် ဆိုသည်က ကျွန်ပြုထားရန်"

 

"ပညာမဲ့မှုသည် အင်အား" ဟူ၍ အမြဲတမ်း ခံယူထားသည် ဟူ၍ ဖြစ်သည်။

 

ဤသည်ကို ယူကရိန်း၊ တိုင်ဝမ် နှင့် မြန်မာ တို့က ကောင်းစွာ သက်သေခံနေပေသည်။

 

ယခုလည်း မင်းအောင်လှိုင်သည်က ပြည်သူ များ အား ပွဲ့ကြည့် ပရိသတ် သဖွယ် သဘောထားကာ သူ လုပ်သမျှ ထိုင်ကြည့်ရမည့် ဒီမိုကရေစီ အုပ်ချုပ်ရေး မျိုး ဖန်တီးပေးတော့မည် ဖြစ်သည်။ လူထု၏ တာဝန် သည် မဲရုံသို့လာ မဲထည့်ရန်သာ တာဝန် ရှိပြီး နိုင်ငံ အုပ်ချုပ်ရေး တွင် မည်သို့မျှ ပါဝင်ခြင်း မရှိစေရ၊ လားလားမျှမဆိုင်ဟု သဘောထား သည်။

 

စစ်တပ်သည်သာ နိုင်ငံ၏ နှလုံးသည်းပွတ်၊ အရာရာ ကို သိနားလည် ထားသူများ ဖြစ်၍ စီမံခန့်ခွဲရမည့် အရေးသည် သမိုင်းပေး တာဝန် ကြီးဟု ခံယူထားသည်၊ လူထု သည် အမှားအမှန် ကို ခွဲခြား နိုင်စွမ်းမရှိ၊ ထို့အတွက် အနည်းငယ်မျှ ပို၍ တတ်သိနားလည်သည့် နိုင်ငံရေး သမား များ၏ လှည့်စားခြင်းကို ခံရမည်၊ နောက်ဆုံး တိုင်းပြည် ပြိုကွဲသည် အထိ ဖြစ်မည်ဟု အစဉ်တဆက် သဘောထားခဲ့ကြသည်။

 

ဤသည်ကိုလည်း မင်းအောင်လှိုင်၏ အပြောအဆိုများက တောက်လျောက် သက်သေခံနေသည်။

 

မင်းအောင်လှိုင်သည် ထောက်ပို့ ဖက်တွင် တာဝန်ထမ်းဆောင်ရသည့် မထင်မရှား စစ်အရာရှိလေး ဘဝ မှ ယခုလို ကမ္ဘာ ၏ ရွံရှာ မုန်းတီး အထင်သေး ခံရဆုံး စစ်တပ် တတပ်၏ ထိတ်တန်း ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်သည်။ သို့သော် သူသည် စစ်မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် တိုက်ပွဲဝင်ခဲ့ဖူးသူ မဟုတ်ဟု သတင်းများက ဆိုသည်။

 

ထိုသို့သော လူမျိုး က စီမံခန့်ခွဲနေ၍ ယခုလို အရှုံးကြီး ရှူံးနိမ့်နေရခြင်းဟု ဆိုကာ တပ်တွင်းတွင် မကျေမနပ် ပြောဆိုသံများ ရှိနေသည်ဟုလည်း သိရသည်။

 

သူ၏ အကြောင်း တစေ့တစောင်း အဖြစ် Nikkei Asia Review တွင် ယခုလို ဖေါ်ပြထားခဲ့သည်။

 

မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် မင်းဘူးမြို့တွင် (အမည်မသိ မိဘနှစ်ပါးမှ) မွေးဖွားခဲ့သူ ဖြစ်သည်။ ၎င်း၏ မိဘ များသည် ထားဝယ် မှ ကျောင်းဆရာ ဖြစ်ကြသည်။ သူ၏ ကလေးဘဝ ကို မန္တလေး တွင် ကုန်ဆုံးခဲ့ပြီး ရန်ကုန်တွင် တက္ကသိုလ် ပညာ ကို ဆက်လက် ဆည်းပူးခဲ့သည်။ ထိုမှတဆင့် မေမြို့ စစ်တက္ကသိုလ် သို့ သုံးကြိမ်တိုင်တိုင် ကြိုးပမ်းပြီးနောက် ဝင်ရောက်ခွင့် ရခဲ့သည်။

 

မင်းအောင်လှိုင်သည် ၁၉၇၇ တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး နောက်တွင် အမှတ် (၈၈) ခြေမြန် တပ်မ ဌာနချုပ်တွင် စတင် အမှုထမ်းခဲ့သည်။ ထို့နောက် အဆင့်ဆင့် ရာထူး တက်လှမ်းလာခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ကျော်တွင် လောက်ကိုင်ဒေသ တိုက်ပွဲ ကို ကြီးကြပ်ရင်း အောင်ပွဲခံနိုင်ခဲ့၍ နာမည်ရသွားခဲ့သည်။

 

မင်းအောင်လှိုင်သည် အာဏာမက်မောတတ်ပြီး၊ မြေခွေးလို ကောက်ကျစ်ကာ မြွေလိမ်မြွေကောက် လုပ်ရန်လည်း ဝင်မလေး တတ်သည့် အပြင် စာတတ်ပေတတ် တယောက်လည်း ဖြစ်၍ သူ၏ အရည်အချင်းများသည် အထက် လူကြီးများ လိုချင်သော ပုံစံ နှင့် ကွက်တိဖြစ်နေသဖြင့် ရာထူး အဆင့်ဆင့် တက်လှန်းလာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းအကြောင်းကို ကောင်းစွာ သိထားသော လက်ရှိ နှင့် အငြိမ်းစား စစ်အရာရှိများကို တွေ့ဆုံ မေးမြန်းခဲ့သူ သုတေသီ တဦးက ပြောပြခဲ့သည်။

 

သူသည် စစ်တပ် အတွင်း ထုံးစံ အရ တိုက်ရည် ခိုက်ရည် ဖြင့် လက်ရှိနေရာသို့ ရောက်လာခြင်း မဟုတ်ပဲ အထက်လူကြီးများ၏ အားနည်းချက် ကို ကောင်းစွာ အသုံးချ နိုင်ခဲ့၍သာ ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ် အတွင်း လေးစားခြင်း ခံရသော်လည်း အကြောင်းသိများက အကြိမ်ပေါင်းများစွာ မပြတ်သားမှု များ နှင့် လှေနံဓါးထစ် လုပ်ကိုင်တတ်မှု များကြောင့် ‌ပျော့ပျော့လေး နှင့် နံသည့် သဘောဖြင့် "ကြောင်ချီး" ဟု နာမည် တွင်လာခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် နှစ် နှစ် အာဏာရလာပြီး နောက်တွင် တိုင်းပြည် ကို ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိ၍ ယခုအခါ သူ၏ အသက်ကို ကာကွယ်နိုင်‌ ရေး အတွက် အကြီးမားဆုံး တိုက်ပွဲကြီး ကို ဆင်နွှဲနေရရှာပြီ ဖြစ်ပြီး အောင်မြင်နိုင်စရာလည်း ရှိမည် မဟုတ်ဟု ဂျပန် သတင်းစာက ရေးသားခဲ့သည်။

 

၎င်း၏ အာဏာသိမ်း လုပ်ရပ်ကို စစ်ခေါင်းဆောင်များက အပြည့်အဝ ထောက်ခံခဲ့ကြသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိသော်လည်း နောက်ပိုင်းတွင် သူ၏ လက်သုံးစကား ကို အစွဲပြုကာ ",သိမ်းအေး" ဟု ခေါ်ဝေါ်လာခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည် လက်ထက် အတွင်း ၎င်းနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖြစ်ခဲ့သည့် ဩစတေးလျှ သံအမတ် နီကိုလပ်စ် ကောပဲလ် မှ သူ့အား "ခေါင်းမာတတ်သူ၊ အခြားလူများ၏ ပြောစကားကို နားထောင် ပေးနိုင်စွမ်း မရှိသူ၊ စီးပွားရေး ကို စီမံခန့်ခွဲ နိုင်စွမ်း မရှိသူ၊ အမှားကို ဝန်မခံတတ်သူ၊ သမ္မတ ဖြစ်ရန်သာ တချိန်လုံး စိတ်ဝင်စားနေသူ" အစရှိသဖြင့် ၎င်း၏ စိတ်နေစိတ်ထားကို သုံးသပ်ပြခဲ့ဖူးပြီး နှစ်နှစ်ကာလ အတွင်း ဖြစ်ပျက်ခဲ့သည်များက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

 

မင်းအောင်လှိုင် အာဏာ သိမ်းခဲ့မှု အား ကော်ပဲလ်မှ တိုင်းပြည်အတွက် အဆိပ်ရေ လောင်းခဲ့ယုံသာမက သူ့ကိုယ်တိုင်လည်း မြိုချ လိုက်ခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

၎င်းတို့သာ အသိဆုံး အတတ်ဆုံး လူများ ဖြစ်သည် ဆိုသော စစ်ခေါင်းဆောင်များသည် ဆယ်နှစ်တာ ကာလ အတွင်း ရရှိ ခဲ့သည့် တိုးတက်မှု မှန်သမျှ ကို တခဏ အတွင်း မှောက်လှန်ပစ်ခဲ့ကြသည် အရေးကိုလူထု အဖို့ မယုံနိုင်လောက်အောင် မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ကြရပြီ ဖြစ်သည်။

 

နောက်ဆုံး လူထု သည် မငတ်သရွေ့ လက်နက် နှင့် ဖိနှိပ်ထား၍ ရသည်ဟု ယူဆလာပြီး စိုက်ပျိုး မွေးမြူရေး ကို တွန်းအားပေးရန် ကြက်၊ ဘဲ၊ ဝက် နွား မွေးမြူရေး ခြံများ အား ကွင်းဆင်းပြီး အနီးကပ် ကြီးကြပ်နေတော့သည်။

 

၎င်းကို အထင်ကြီး ကိုးစားရင်း စစ်တပ်၏ ဒီမိုကရေစီ ထမင်း ဝိုင်းကြီး မှ ကျလာသော အရိုးအရင်း လေး များ နှင့် ဗိုက်ဖြည့်ရန် ကြံစည်နေကြသော နိုင်ငံရေး ပါတီ များလည်း အသံတိတ်ကုန်သည်၊ အချို့ကလည်း အခုလို အနေအထားတွင် သူများ ရပြီး ငါ ကျန်ခဲ့ဦးမယ် ဆိုကာ မိုက်တွင်း နက်နေကြဆဲဖြစ်သည်။

 

လွတ်လပ်ရေး ရပြီး ၇၅ နှစ် ကာလ အတွင်း နှစ်ပေါင်း ၆၀ ကြာ တိုင်းပြည်ကို အုပ်ချုပ်လာသော စစ်တပ်သည် ဂုဏ်သိက္ခာရှိရှိ အရှုံးကို လက်မခံတတ်သူများ ဖြစ်သည်၊ ထို့အတွက်ကြောင့်လည်း 

မအောင်မြင်မှန်း သိသိကြီး နှင့် သုံးကြိမ်တိုင် အာဏာသိမ်း ပြီး ထပ်တလဲလဲ ကြိုးစားနေခြင်း မျိုး ဖြစ်နိုင်ဖွယ် ရှိသည်ဟု အန်ထော်နီ ဒေးဗီစ် က ချပြခဲ့သည်။ တိကျသည့် အဖြေရရေး အတွက်မူ ကျွမ်းကျင်သူများ လက်မှိုင်ချနေရဆဲဟု ဆိုသည်။

 

ယခု နောက်ဆုံးအကြိမ် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် အနှစ်နှစ် အကာလ မျိုသိပ်ထားရသော လူထု၏ ဒေါသ ကို ဆွပေးသလို ဖြစ်သွားရ၍ မြန်မာ စကားပုံ အရ ဆိုလျှင် "အရိပ်သုံးပါး နားမလည် ချေသူငယ် ကျားစာဖြစ်" ဆိုသည့် အတိုင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။

 

၎င်း မထူးဇတ်ခင်းကာ ကျုးလွန်နေသည့် ပြစ်မှုများ အတွက် သက်သေခံ အထောက်အထားများ သည် နိုင်ငံတကာ တရားရုံး နှင့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး များ တွင် တောင်ပုံရာပုံ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုမျှမကသေး အာဂျင်တီနား၊ တူရကီ နှင့် ဂျာမဏီ တရားရုံးများ သို့လည်း ပေးပို့ထားကြပြီး ဖြစ်သည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါ က ဂျပန် သတင်းစာကြီးအား ပြောပြရာတွင်"မင်းအောင်လှိုင် သည် ဆယ်စုနှစ် နှင့် ချီ၍ အကြမ်းဖက်မှု များ၊ နိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်ခဲ့သည့် ရာဇဝင် ရှိသူ ဖြစ်ကြောင်း၊ ယခုလည်း ဆယ်နှစ်တာမျှ ကြိုးစားပြုပြင် ပြောင်းလဲကာ တိုးတက်အောင် လုပ်ယူထားရသည့် စီးပွားရေး ကို မျက်စိတမှိတ် အတွင်းမှာပင် ဂျွမ်းထိုး မှောက်ခုံ ဖြစ်အောင်လုပ်ခဲ့ခြင်းဖြင့် လူ သန်းပေါင်းများစွာ ကို ဆင်းရဲတွင်းထဲ တွန်းပို့ ပစ်ခဲ့သူ ဖြစ်ကြောင်း၊ ထောင်ပေါင်းများစွာသော လူများ သေဆုံး ခဲ့ရမှု၊ သန်းနှင့် ချီသော လူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှု များ အတွက် တိုက်ရိုက် တာဝန် ရှိသူ ဖြစ်ကြောင်း" အစရှိသဖြင့် ထောက်ပြသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!