သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(133)

by Hla Soewai - Apr 22 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခဲ့ခြင်း

 

၁၉၆၈ တွင် ဗီယက်နမ် စစ်ပွဲ သည် အရှိန် အမြင့်ဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်၍ အမေရိကန် လူငယ် လူရွယ် အမြောက်အမြား လည်း စစ်ထဲ ဆွဲသွင်းခံခဲ့ကြရသည်၊ မိမိတို့ နှင့် မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးသော အရပ်သို့ သွားပြီး ဘာမှန်း ညာမှန်း မကွဲပြားလှသော အရေး အတွက် နိုင်ငံ အနှံ့အပြားရှိ အစိုးရ အဆောက်အအုံများ ရှေ့၊ တက္ကသိုလ် ကျောင်းဝင်း များ အတွင်း ထိုင်သပိတ်များ၊ ဆန္ဒပြပွဲ များ ပေါ်ပေါက်လာခဲ့ရသည်။

 

ထိုနှစ် ဧပြီလ တွင် မာတင် လူသာကင်း လုပ်ကြံခံခဲ့ရသည့် အတွက် တနိုင်ငံ လုံး အဓိကရုဏ်းကြီးများ ဖြစ်ပွားလာခဲ့ရပြန်သည်။ တကမ္ဘာလုံး တွင်လည်း နေရာအသီးသီးတွင် လှုပ်လှုပ်ရွရွ ဖြစ်လာနေသည်။ 

 

ချက်ကိုစလို ဗက်ကီယား တွင် ကျောင်းသားများသည် ဆိုရှယ်လစ်ဝါဒ ကို လစ်ဘရယ်ကျကျ ကျင့်သုံးပေးရန် တောင်းဆိုလာသည်။ ပြင်သစ်တွင် ကျောင်းသားများ နှင့် အလုပ်သမားများ စုစည်း၍ သမ္မတ ချားစ် ဒီဂေါ ၏ ပဥ္စမ သမ္မတ နိုင်ငံတော်ကြီးကို ကားစင်တင်လာခဲ့ကြသည်။ မက္ကဆီကိုတွင်လည်း နွေရာသီ အိုလံပစ် ကျင်းပခါနီး ဆဲဆဲ ကျောင်းသား ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့၍ စစ်တပ်၏ လက်ချက်ဖြင့် မြို့လယ်ခေါင် ရင်ပြင်တွင် ကျောင်းသား အများအပြား သွေးမြေကျခဲ့ရသည်။

 

ဒီမိုကရေစီ ၏ ကတိကဝတ်များကို ရွေးထုတ်ယူကြမည့် မျိုးဆက်သစ်များ အလျိုလျို ပေါ်ပေါက်လာနေခြင်းပင် ဖြစ်သည်။ ဤသည်ကို အစိုးရများ နှင့် ၎င်းတို့၏ လုံခြုံရေး တပ်ဖွဲ့များသည် နံပတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ၊ ကျည်ဆံများ၊ အချို့နေရာများတွင် တင့်ကားများ သုံး၍ လက်တုန့်ပြန်လာခဲ့ကြသည်။ သို့သော် ဆန္ဒပြ ကန့်ကွက်သူများ၏ ကိုယ်ကျင့်တရား ပြည့်ဝ စွာဖြင့် သတ္တိရှိရှိ အကြမ်းမဖက် တုန့်ပြန့် နိုင်ခဲ့ကြ၍ ၎င်းတို့၏ ဆန့်ကျင် တွန်းလှန်ခဲ့မှု သည် တော်လှန်ရေး အဖြစ် တမဟုတ် ချင်း ကူးပြောင်းသွားခဲ့ရပေသည်။ ခေါင်းဆောင် လုပ်သူများ၏ လူအများ လေးစားခံရသော ကိုယ်ကျင့် သိက္ခာကို အသုံးချ၍ မီဒီယာ များ ကို ကောင်းစွာ ကိုင်တွယ်ကာ အစိုးရ များ၏ အင်အား အလွန်အကျွံ အသုံးပြုမှု ကို ပေါ်လွင် ထင်ရှားအောင် ယှဉ်တွဲ ပြသနိုင်ခဲ့ကြသည်။

 

တကယ်တမ်း တွင် ၁၉၆၈ ခုနှစ် ၏ နှစ်သစ်ကူးနေ့သည် ဗီယက်နမ် တွင် အပစ်အခတ် ရပ်စဲရေး နှင့် စတင်လာခဲ့သည်။ ဗီယက်နမ် ရှိ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝီလျှံ ဝက်စ်မိုးလန်း က ဗီယက်ကောင်းများသည် ထိုးစစ်ကြီး ကို ဆင်နွှဲနိုင်သည့် အင်အား မရှိတော့၍ စစ်ပွဲကြီး အဆုံးသတ်တော့မည့် အချိန် ရောက်လာပြီ ဟု ယုံကြည်မှု အပြည့်ဖြင့် ပြောလာချိန်လည်း ဖြစ်သည်။

 

သို့သော် ဇန်နဝါရီ ၃၁ ရက် နေ့ သို့ အကူးအပြောင်း သန်းကောင်ကျော် လာချိန် ဗီယက်နမ် နှစ်သစ်ကူး နေ့ အရောက်တွင်တော့ ဗီယက်နမ် မြောက်ပိုင်းရှိ ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့များသည် ဆိုင်ဂုံရှိ အမေရိကန် သံရုံး၏ အပြင်စည်း ကို ထိုးဖေါက် ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ဤသို့ ဖြင့် “တက် ‌ခေါ် နှစ်သစ်ကူး ” ထိုးစစ် ကြီး နိုင်ငံ အနှံ့ စတင်လာခဲ့ပေတော့သည်။

 

ကျည်ဆံရာ ဗလပွ နှင့် ဖြစ်လာနေသော အမေရိကန် သံရုံး အဆောက်အဦး၏ ပုံများသည် အမေရိကန် ပြည်သူများ၏ ဧည်ခန်းဆောင် အသီးသီး ရှိ ရုပ်မြင်သံကြား များ ပေါ်တွင် ထင်ဟပ်လာခဲ့ပြီ ဖြစ်သည်။ သံရုံးအား ဝင်ရောက်စီးနင်းမှု တွင် အမေရိကန် စစ်သား ငါးဦး ကျဆုံးသွားခဲ့သည်။ ကနဦးတွင် အငိုက်မိခံလိုက်ရသော အမေရိကန် နှင့် တောင်ဗီယက်နမ် တပ်များသည် တန်ပြန် ထိုးစစ်ကြီးကို အရှိန်အဟုန် နှင့် စတင်လာခဲ့သည်။ ဤသို့ဖြင့် စစ်ပွဲကြီး မကြာမီ ပြီးဆုံးတော့မည် ဆိုသော အမေရိကန် အစိုးရ၏ အာမခံချက်များသည် ကိုယ်လိုရာ ဆွဲ ပြောနေခြင်းသာ ဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်သွားခဲ့ရပေတော့သည်။

 

အမေရိကန် နိုင်ငံ တွင်းရှိ စစ်တမ်းများ တွင်လည်း စစ်ပွဲ အပေါ် အဆိုးဖက်က ရှုမြင်လာကြပြီ ဖြစ်သည်။ သမ္မတ လင်ဒန် ဂျွန်ဆန် သည်လည်း မတ်လ အကုန် တွင် နောက်ထပ် သက်တမ်း ပြန်၍ အရွေးခံတော့မည် မဟုတ်ဟု တရားဝင် ကျေညာလာခဲ့သည်။ ထိုအချိန်တွင် အမေရိကန် စစ်သည် ၂၀,၀၀၀ ခန့် ဗီယက်နမ် စစ်တွင် ကျဆုံးသွားခဲ့ပြီးလည်း ဖြစ်သည်။

 

ဗီယက်နမ်တွင် အမေရိကန်တို့၏ ဝင်ရောက် ကျုးကျော်မှု သည် ပြည်သူများ က နယ်ချဲ့ အရင်းရှင် စနစ်၏ ပြယုဒ် အဖြစ် ပြောင်းလဲရှုမြင်လာပြီး ကန့်ကွက် ပြောဆိုမှုများ ကျယ်လောင်သည်ထက် ကျယ်လောင်လာနေပြီ ဖြစ်သည်။