ဘန်ကီမွန်း ၏ ခရီးစဉ် ပြီးဆုံး

by Hla Soewai - Apr 26 2023

မင်းအောင်လှိုင် သည် ၎င်း ၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် အပြင်းအထန် ရှုတ်ချ ခံနေရချိန်တွင် သံတမန်ရေး အရ အဖတ်ဆယ် နိုင်ရန် ရည်ရွယ်ပြီး ကာလ ကြာမြင့်စွာ ကတည်းက အကြိမ်ပေါင်း များစွာ ရွှေ့ဆိုင်းထားခဲ့သော ဘန်ကီမွန်း ခရီးစဉ်အား ကောက်ကာငင်ကာ သဘော တူလိုက်ခြင်းပင် ဖြစ်သည်။ ဤသည်ကလည်း ၎င်း မှ သဘောထား ‌ပျော့ပြောင်းလာကြောင်း နိုင်ငံတကာ ကို လှည့်စားရန် ရည်ရွယ်ပုံ ရှိသည်။

 

အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ မှ တရုတ် သံတမန် ပိန်ရှုဘင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုအတိုင်း ဆက်သွား၍ မဖြစ်တော့ ဆိုသည်ကို သဘောပေါက်လာပြီး တခုခု လုပ်သင့်သည်ဟူသော အကြံညဏ်မျိုး ထွက်လာခြင်း ဟု ယူဆနိုင်စရာ ရှိနေသည်။

 

ထို့အတွက်လည်း သံတမန် အသုံးအနှုံးအရ ၎င်းမှ ဖိတ်ကြား၍ ရောက်လာရခြင်း ဟု ဖြစ်သွားခဲ့ရခြင်းပင် ဖြစ်သည်။

 

ဘန်ကီမွန်းသည် မင်းအောင်လှိုင်၊ ၎င်း ခန့်ထားသော နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ဝန်ကြီး ဆိုသူများ နှင့် ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

တောင်ကိုရီယား သံရုံး မှ အဆိုပါ ခရီးစဉ် သည် အလွတ်သဘော ဖြစ်ပြီး Elders ဟု ဆိုကာ ၂၀၀၇ တွင် နယ်ဆင် မင်ဒဲလား ဦးဆောင် ဖွဲ့စည်း ပေးခဲ့သည့် နိုင်ငံတကာ ခေါင်းဆောင်ဟောင်း များ အဖွဲ့မှ စီစဉ်ခြင်းသာ ဖြစ်သည်ဟု ပါရှိသည်၊ လန်ဒန် တွင် အခြေစိုက်သော အဆိုပါ အဖွဲ့တွင် ဘန်ကီမွန်းသည် ဒုတိယ ဥက္ကဌ လည်း ဖြစ်သည်။ 

 

ဘန်ကီမွန်းသည် နိုင်ငံတွင်း ဆိုးဝါးလာနေသော အခြေအနေများ သက်သာလို သက်သာငြား ဖြစ်လာစေရန် နှင့် နိုင်ငံရေး ဆွေးနွေးမှု များ ဖြစ်ပေါ်လာစေရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ယူဆရသည်။ ဆွေးနွးပွဲသည် မည်မျှ ကြာမြင့်ခဲ့သည် ဆိုသည်ကို မသိရသေးသော်လည်း မင်းအောင်လှိုင်သည် လာသမျှ လူများကို နိုင်ငံတကာမှ တဖက်သတ် အမြင်များကို သဘောပေါက် အောင် ဆိုကာ dry history lessons ပို့ချတတ်သူ ဖြစ်သည်ဟုလည်း နာမည်ကြီးနေသူ ဖြစ်သည်။ သို့သော် သူတို့ နှစ်ဦး တွေ့ဆုံသည့် သတင်းဓါတ်ပုံတွင်တော့ မင်းအောင်လှိုင်သည် ပြောစရာ စကားလုံးများ ပျောက်ဆုံးနေဟန်ရှိသည်။

 

အဆိုပါ အဖွဲ့မှ ခရီးစဉ် နှင့် ပတ်သက်ပြီး လတ်တလော ကျေညာချက် ထုတ်ပြန်ချင်း မျိုး မရှိသေးပေ။ ဘန်ကီမွန်းကိုလည်း သတင်းဌာနများက ဆက်သွယ်၍ မရပဲ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

 

လက်ရှိ ခရီးစဉ် အတွင်း ဘန်ကီမွန်းသည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခြင်း မရှိပဲ ခရီးစဉ် အဆုံးသတ် သွားခဲ့ရသည်၊ တွေ့ဆုံရန်လည်း တောင်းဆိုခဲ့ခြင်း မရှိဟု ခရီးစဉ် နှင့် ပတ်သက်သော သတင်းအရင်းအမြစ်က ပြောသည်ဟု ဧရာဝတီ တွင် ဖေါ်ပြထားသည်။ ထိုသို့ မတောင်းဆိုခဲ့ခြင်း သည် အမှန်ဟု ယူဆရပါက ဘန်ကီမွန်း ဖက်မှ ပဏာမ ယုံကြည်မှု တည်ဆောက်လိုက်ခြင်းလည်း ဖြစ်ပေမည်။ 

 

နှစ်ဖက် ပွင့်ပွင့်လင်းလင်း နှင့် အပြုသဘော ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဖက်မှ သတင်းထုတ်ပြန်ခဲ့သည်။ ဤသည်ကပင် တိုင်းပြည် အခြေအနေသည် မည်သို့မျှ ပုံမှန် အနေအထား မရှိဆိုသည်ကို ထပ်မံ ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

 

၎င်း၏ ခရီးစဉ်သည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ၏ အစ လောဟု ပြော၍ ရသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ရှေ့လျောက် တွေ့ဆုံ ဆွေးနွေးခြင်း မရှိက မည်သို့မျှ အဓိပ္ပါယ် ရှိမည် မဟုတ်ပဲ နယ်လှယ့် အရောင်းသမား bagman အဆင့်သာ ရှိနေမည် ဖြစ်သည်။

 

သမ္မတဟောင်း ဦးသိန်းစိန် အားလည်း Elders အစဉ်အလာ အတိုင်း သွားရောက် တွေ့ဆုံခဲ့သည့် အနေအထားမျိုးဟု ယူဆရပေသည်။

 

နိုင်ငံတကာ မှ မြန်မာ အကျပ်အတည်းကို ၎င်းတို့ အား ဖယ်ထုတ်သည့် သဘောမျိုး မဖြစ်စေပဲ ငြိမ်းချမ်းစွာ ပြီးဆုံးသွားရန် ကြိုးပမ်းနေပြီး ထိုသို့ သဘောတူ လာအောင်လည်း အာဆီယံ က အစ ဘေးတီးပေးနေသော်လည်း ဘဝင် မြင့်နေဆဲ ဖြစ်သည့် စစ်ကောင်စီ မှ သဘောတူ မည် မဟုတ်ပေ၊ အကယ်၍ သဘောတူလာခဲ့လျှင်ပင် ယင်းသည် ပြည်သူများ၏ စစ်အာဏာရှင် အဆုံးသတ် တိုက်ပွဲ နှင့် ဆန့်ကျင်နေမည်သာ ဖြစ်သည်၊ သို့သော် နိုင်ငံတကာ က ထိုသို့ အနေအထား မဖြစ်နိုင်ဟု ယုံကြည်နေကြဆဲပင် ဖြစ်သည်။

 

နောက်ဆုံးတွင် မဖြစ်မနေ သဘောတူလာခဲ့ရလျှင်ပင် ၎င်းတို့ အတွက် လုံခြုံရေး အာမခံချက်မျိုး (ဥပမာ ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လွှတ်ပေးရန်) တောင်းဆိုလာနိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!