ဥရောပ ၏ အနာဂတ်ကို အဆုံးအဖြတ် ပေးဖွယ် ရှိသည့် ယူကရိန်း၏ တန်ပြန် ထိုးစစ်ကြီး

by Hla Soewai - Apr 26 2023

အားလုံးက ရင်တမမ ဖြင့် စောင့်စားနေကြသည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြီးသည် မည်သည့် အချိန်၊ မည်သည့်နေရာမှ စတင်လာမည်ကို မည်သူမျှ တပ်အပ်သေချာ မပြောနိုင်သေးပေ၊ သို့သော် ယူကရိန်း စစ်သားများ ကတော့ တိုက်ပွဲဝင်ရန် အဆင်သင့် အနေအထားတွင် ရှိနေပြီး ၎င်းတို့၏ လက်နက်များ ကို တိုက်ချွတ် ဆေးကြောခြင်း၊ မိမိတို့၏ ချစ်ရသူများထံ နောက်ဆုံး အကြိမ် ဖြစ်ကောင်း ဖြစ်သွားနိုင်သည့် စာများကို အပြီး ရေးနေခြင်းများ ဖြင့် အလုပ်များလျက် ရှိနေပြီ ဖြစ်သည်။

 

၎င်းတို့အားလုံးသည် နိုင်ငံ၏ ငါးပုံတပုံခန့်ကို တရားမဝင် ကျုးကျော် နေထိုင်ယုံမျှမက မိမိတို့ နိုင်ငံသားများကို သတ်ဖြတ်‌ နေကြသူများကိုအပြီးအပိုင် မောင်းထုတ် နိုင်ရန် စိတ်စောနေကြသည်။

 

လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ၎င်းတို့ ပါဝင် တိုက်ခိုက်ကြရမည့် ထိုးစစ်ကြီးသည် ယူကရိန်း၏ အနာဂတ် ကိုသာမက အနောက်နိုင်ငံများ၏ ရပ်တည်ချက် အနေအထား ကို ပြောင်းလဲစေမည် ဆိုသည့် အဖြစ်ကိုလည်း ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။

 

လက်ရှိအနေအထားထက် ပို၍ ကောင်းမည့် အခွင့်အရေး မျိုး ယူကရိန်းတို့ အတွက် နောက်ထပ် ရလာနိုင်စရာ မရှိတော့၊ ပြီးခဲ့သည့် နှစ်လ အတွင်း ဒွန်ဘတ်စ် ဒေသအတွင်းရှိ ဘာခ်မု မြိုအနီး တဝိုက်ရှိ သတ်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သော ရုရှားတပ်များ ယခုအခါ အားပျော့လာနေပြီ ဖြစ်သည်။ ထိုတိုက်ပွဲတွင် ကျဆုံးသွားသော သောင်းနှင့် ချီသော စစ်သားများကို ရုရှားတို့ ယခုထိ အစားထိုး ဖြည့်တင်းနိုင်ခြင်း မရှိ ဖြစ်နေသည်။

 

ဗလာဒီမာ ပူတင်သည် အမြှောက်စာ ဖြစ်မည့် လူများ အလွယ်တကူ ရရှိရန် စစ်မှုထမ်းဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေသစ်များ ပြဋ္ဌာန်းခဲ့ပြီးလည်း ဖြစ်သည်။ ကံဆိုးမိုးမှောင်ကျစွာ စစ်ထဲ ဆွဲသွင်းခံခဲ့ရသူ များသည် ရှေ့တန်းသို့ စေလွှတ်ခံရဖို့ လပေါင်း အတန်ကြာ စောင့်ရဖို့‌ တော့ ရှိနေသည်။

 

ယူကရိန်းသည် နေတိုးတပ်ဖွဲ့များ သုံး လက်နက်များ၊ တင့်ကားများ၊ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် ဒုံးကျည် စနစ်များ၊ အင်အားကောင်းသော လက်နက်ကြီးများ၊ သန်းနှင့်ချီသော ခဲယမ်းများကို ထီပေါက်သလို အစုလိုက် အပြုံလိုက် ရရှိလာခဲ့သည်။

 

ပိုလန် နှင့် ဆလိုဗက်ကီယား တို့မှ တိုက်လေယာဉ်များလည်း ရောက်ရှိလာဖို့ ရှိနေသည်၊ သို့သော် ယခု အချိန်အထိ အမေရိကန် နှင့် အဓိက အနောက်အုပ်စုဝင် နိုင်ငံများကမူ ထိုသို့ ပေးပို့ရန် တင်းခံနေကြဆဲပင် ဖြစ်သည်။ ယခင်ကလည်း တင့်ကားများကို မပေးပဲ အကြာကြီး ထားခဲ့ပြီး ဖြစ်သည်။

 

ယူကရိန်းသည် ယခုအခါ ဒွန်ဘတ်စ်မှ တဆင့် ကရိုင်းမီယား နှင့် ရုရှားအား ဆက်သွယ်ထားသည့် တံတားအား ဖြတ်တောက်နိုင်ရန် ကြိုးပမ်းလာဖို့ ရှိနေသည်။ ထိုတံတားသည် ပူတင် အဖို့ ဆုံးရှူံးခဲ့ရပြီး ဖြစ်သော အသက်ပေါင်းများစွာ အတွက် တခုတည်းသော စိတ်ဖြေရာ၊ လက်ခမောင်း ခတ်စရာ အဖြစ် တည်ရှိနေသော တံတားလည်း ဖြစ်သည်။ ထိုတံတား ကို လက်လွှတ်လိုက်ရမည် ဆိုက ၂၀၁၄ အတွင်း ၎င်းသိမ်းယူထားခဲ့သော ကရိုင်းမီယား အား မည်သို့မျှ ကာကွယ် နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

 

(ပုံတွင် မြင်ရသော တံတားကြီးအား ရုရှားတို့ ကရိုင်းမီယား အား သိမ်းပိုက် အပြီး ဒေါ်လာ ၃.၇ ဘီလီယံ အကုန်အကျ ခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အရှည်အားဖြင့် ၁၂ မိုင် ရှိသဖြင့် ဥရောပတွင် အရှည်ဆုံးတံတား ဖြစ်လာခဲ့သည်။)

 

ကရိုင်းမီယား သို့ ပင်လယ် သို့မဟုတ် ကာခ်ျ မှ 

လှည့်၍ မီးရထား လမ်းဖြင့်သာ ရောက်ရှိ နိုင်တော့မည် ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ထိုတံတား ၏ တစိတ်တပိုင်းအား ယူကရိန်းဟု ယူဆရသူ များက ဖောက်ခွဲ ဖျက်ဆီး နိုင်ခဲ့သည်။

 

နိုဝင်ဘာလ အတွင်း ယူကရိန်း တပ်များက ရုရှားတို့အား ခါဆွန် ပြည်နယ် အတွင်း နီပါး မြစ်တဖက်သို့ ရောက်အောင် တိုက်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း ငါးလ အတွင်း စစ်မြေပြင် အနေအထားသည် သိသိသာသာ အပြောင်းအလဲ မရှိသည်ကို တွေ့ရသည်။ 

 

ဤသည်က ရုရှား အတွက် သတင်းဆိုးပင် ဖြစ်သည်၊ ပင်လယ် လမ်းကြောင်းမှ လွဲ၍ ကုန်စည်များ တင်သွင်းရာ ထွက်ပေါက်များ ဖြစ်သည့် တောင်ဖက် နှင့် အရှေ့ဖက် လမ်းကြောင်းများ သည် ယူကရိန်း၏ စိန်ခေါ်လာမည့် အန္တရာယ် နှင့် ကြုံလာရမည်ဆိုက အကြီးအကျယ် အကျပ်ရိုက်လာနိုင်သည်။

 

ရှေ့လျောက် ငြိမ်းချမ်းရေး ဆွေးနွေးလာသည့်အခါ ယူကရိန်း အတွက် အသာစီး အနေအထား ရလာနိုင်ပြီး ရုရှားတို့ ကရိုင်းမီယား အား သိမ်းပိုက်ထားမှု အား ခြိမ်း‌‌ ခြောက် ခံရဖို့ ရှိနေသည်။ ထိုအနေအထား တွင် ပူတင်သည် စစ်ပွဲကို မရပ်က ရထားသမျှ ပြန်၍ ဆုံးရှုံးသွားနိုင်သည့် အခြေအနေ နှင့် ကြုံရတော့မည်ကို တွက်ဆလာတော့မည် ဖြစ်သည်။

 

သို့သော် ထိုသို့ ဖြစ်လာဖို့က ယူကရိန်းတို့ အတော်ကို စွန့်စားရမည့် အနေအထားတွင် ရှိနေသည်၊ ယူကရိန်း ဖက်တွင် ရုရှား ဗုံးကြဲလေယာဉ် များကို ဟန့်တားနိုင်မည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ အလုံအလောက် မရှိ ဖြစ်နေသည်။

 

ရုရှားတို့သည် ရှေ့တန်း ခံစစ်စည်းကြောင်းကို ကတုတ်ကျင်းများ အထပ်ထပ် တူးကာ အထိုင်ချထား နိုင်ပြီး နဂါးသွားဟု ခေါ်သည့် တင့်ကားများ အား တာဆီးနိုင်သည့် အရံအတားများလည်း ချထားပြီး ဖြစ်သည်။

 

ထိုအနေအထားကို ကျော်လွှားနိုင်ဖို့ ယူကရိန်း တွင် ရုရှားထက် သာလွန်သော စစ်အင်အား ရှိဖို့ လိုအပ်နေသည်။ ထိုသို့ အင်အားကို ရုရှား ခံစစ်ကြောင်း တလျောက် နေရာလပ် မကျန်အောင် စုစည်းနိုင်စွမ်း မရှိ သေး ပဲ အချို့နေရာများတွင်သာ ရှိအောင် လုပ်နိုင်သေးသည်။

 

အကယ်၍ ရုရှား ခံစစ်စည်းကို ဖေါက်ထွက် နိုင်ခဲ့သည် ဆိုစေဦး နောက်မှ ပြန် ဝိုင်းခံရမည့် အန္တရာယ် ရှိနေပြန်၍ သတိကြီးစွာ လှုပ်ရှားရဖို့ ရှိနေသည်။

 

ထို့အတွက် ယူကရိန်း တို့၏ တန်ပြန်ထိုးစစ်ကြီးသည် မဆိုသလောက် သာ အနိုင်ရနိုင်သည်၊ သို့မဟုတ် လက်ရှိ အနေအထားထက် ပို၍ ဆိုးဝါးသွား နိုင်သည်ကို ယူကရိန်း နှင့် အနောက်နိုင်ငံများ အနေဖြင့် မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။

 

အကယ်၍ တံတားကို ဖြတ်နိုင်ခဲ့လျင်ပင် ပူတင်သည် စေ့ဆပ်ဆွေး‌နွေးရေး စားပွဲဝိုင်းသို့ ရောက်လာမည်ဟု တပ်အပ်သေချာ မပြောနိုင်ပြန်ပေ။ စစ်ပွဲကို တတ်နိုင်သမျှ ဆွဲဆန့်ထားနိုင်လေ အနောက်နိုင်ငံများ ယူကရိန်းအား ဆက်ကူညီဖို့ ဝေဝါးလာလေလေ သာ ဖြစ်မည်ဟု ပူတင်က တွက်ဆကောင်း တွက်ဆထားနိုင်သည်။

 

အနောက် အုပ်စုမှလည်း လာမည့် ထိုးစစ်ကြီးသည် စစ်ပွဲကို အဆုံးအဖြတ် ပေးမည့် နောက်ဆုံးတိုက်ပွဲကြီးဟု မှတ်ယူထားမည် ဆိုက အမှားကြီး မှားသွားမည် ဖြစ်သည်။ တိုက်ပွဲများ ငြိမ်သက်သွားသည့် တိုင် ယူကရိန်းသည် ရလာသော နယ်မြေများကို ဆက်၍ ထိန်းချုပ်ထားဖို့ လိုအပ်နေသည်။ ရုရှား လက်သို့ ပြန်ကျ မသွားအောင် ခံစစ်စည်းကိုလည်း ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ထားမှသာ ‌ဖြစ်ပေမည်။

 

ရုရှားတို့ ဘာမုဒ် တဝိုက်သို့ အသစ်တဖန် ဆင်နွှဲလာသော ထိုးစစ်သည် ညံ့ဖျင်းလှသည် ဆိုသော်လည်း ကျန်နေရာများ တွင် ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေမည်။ အမေရိကားနှင့် အနောက်အုပ်စု အ‌နေဖြင့် ယူကရိန်း၏ ဆက်လက်ဆင်နွှဲလာမည့် ထိုးစစ် မှန်သမျှ ကို ပံ့ပိုးပေးသွားမည် ဆိုသော အာမခံချက်မျိုး ပေးဖို့ လိုအပ်နေသည်။

 

ထို့ပြင် ပူတင်အား ဟန့်တားသည့် အနေဖြင့် ‌လိုအပ်လျှင် နောက်နှစ်ပေါင်းများစွာ ကြာသည်အထိ ပံ့ပိုးသွားမည်ဟု အတိအလင်း ပြောထားနိုင်မှ ဖြစ်ပေမည်။ ထိုသို့ ယူကရိန်း အား ပေးမည့် လုံခြုံရေး အာမခံချက် အစီအမံများကို မြန်နိုင်သမျှ မြန်အောင် ချပြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေမည်။

 

အမေရိကား၊ ဗြိတိန် နှင့် ရုရှားတို့သည် ယူကရိန်း၏ နယ်မြေ တည်တံ့ပိုင်ခွင့်အား ၁၉၉၄ တွင် အာမခံခဲ့ကြသော်လည်း ၂၀၁၄ ခုနှစ်အတွင်း ပူတင် မှ ကရိုင်းမီယား အား ပြောင်ပြောင်တင်းတင်း ဝင်သိမ်းသည့် အခါ တုတ်တုတ်မျှပင် မလှုပ်ခဲ့ကြပေ။ ယခုအခါ ပေးမည့် အာမခံချက်သည် အစစ်အမှန် ဖြစ်ဖို့တော့ လိုပေမည်။

 

(၂၀၂၃ ဧပြီ ၂၀ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် အခန်းတွင် ပါရှိသည့် "Ukraine's counter-offensive may shape it's future and Europe's" ကို ပြန်လည် တင်ပြသည်။)