တရုတ် သံအရာရှိကြီး မှ အာဏာရှင်ဟောင်း နှင့် သမ္မတဟောင်းအား သွားရောက်တွေ့ဆုံ

by Hla Soewai - Apr 26 2023

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှုးချုပ် ပန် ရှုဘင် သည် စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ၊ သမ္မတဟောင်း ဗိုလ်သိန်းစိန် တို့နှင့် နေပြည်တော် ခြောက်အိမ်တန်း ရှိ ၎င်းတို့ နေထိုင်ရာ အိမ်များသို့ သွားရောက်တွေ့ဆုံခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ပါရှိလာခဲ့သည်။

 

မင်းအောင်လှိုင် သည် သူ ရင်ဆိုင်နေရသော အခက်အခဲ များ နှင့် ပတ်သက်ပြီး ထိုပုဂ္ဂိုလ်ကြီး နှစ်ဦး၏ အကြံညဏ်များ ရယူလေ့ ရှိမှန်း သိသဖြင့် လက်ရှိ အခြေအနေ ဆိုးဝါးလာမှု အပေါ် ၎င်းတို့၏ အမြင်များ ကို တီးခေါက် ကြည့်ရန် ဖြစ်ပုံရသည်ဟု ဆိုသည်။

 

ဧပြီ လ အစောပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီမှ နိုင်ငံတွင်းရှိ တိုင်းရင်းသား ပါတီ ၅ ခုအား ဘီဂျင်းသို့ လာရောက်ရန် ဖိတ်ကြားခဲ့သော်လည်း စစ်အာဏာသိမ်း အဖွဲ့က ခွင့်မပြု၍ ပျက်ပြယ်သွားခဲ့ရသည်ဟုလည်း သိရသည်။ ဤသည်ကလည်း မင်းအောင်လှိုင်မှ ရွေးကောက်ပွဲ ကော်မရှင် ၏ ခွင့်ပြုချက် လိုသည်ဟု လွှဲချ ခဲ့၍ ဖြစ်သည်ဟု ဆိုသည်။

 

ထိုအတိုင်းဆိုက တရုတ် ဖက်မှ ယခုလို သွားရောက် တွေ့ဆုံခြင်း အား မင်းအောင်လှိုင် သည် သူ့သဘောအရ မည်သို့မျှ ခွင့်ပြုလိုစိတ် ရှိမည် မဟုတ်သော်လည်း အခြား အကြောင်းပြချက် ပေးစရာ မရှိတော့သည့် အပြင် တရုတ်တို့၏ အငြိုအငြင်ကို မခံ နိုင်၍ လိုက်လျောခဲ့ရခြင်းသာ ဖြစ်မည်။

 

တရုတ်သည် ကုလ တွင် ရရှိထားသော ဗီတို အာဏာ ဖြင့် အကြမ်းဖက် စစ်အုပ်စု အား သံတမန်ရေး အရ အကာအကွယ် ပေးနေမှု သည် ၎င်းတို့၏ သိက္ခာကို ပါ ထိခိုက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ မင်းအောင်လှိုင်၏ အာဏာကို ဆုတ်ကိုင်ထားနိုင်ရေး သက်သက်ဖြင့် နိုင်ငံတကာက လက်မခံ နိုင်အောင် ဖြစ်လာနေသည့် လူမဆန်လှသည့် လုပ်ရပ်များ အား အဖြစ်မှန် အတိုင်း သိစေရန် နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရန် မရမက သွားရောက် တွေ့ဆုံခြင်း ဖြစ်နိုင်သည်ဟု ယူဆရပေသည်။

 

စစ်တပ်၏ နေစဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက် နေမှုများသည် ၎င်းတို့ဖက်က ရေတို တွင် အသာစီး ရနိုင်နေသော်လည်း ရေရှည်တွင် အင်္ဂလိပ် စကား ဆိုရိုး ဖြစ်သည့် Shoot yourself in the foot အတိုင်း မရည်ရွယ်ပဲ နှင့် မိမိတို့ ရရှိထားသော အနေအထား များ ဆုံးရှုံး လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ဗိုလ်ချုပ်များသည် ထိုအကြောင်းကို ကောင်းစွာ သဘောပေါက်နေ၍ သူတို့တွင် အချိန် သိပ်မကျန်တော့မှန်း ရိပ်စားမိလာသည် နှင့် အမျှ ရှိသမျှ အစွမ်းကုန် ထုတ်သုံးကာ ကမူးရှုးထိုး ဖြစ်လာနေခြင်းပင် ဖြစ်သည်။

 

အမြဲလို တဖက်လူ၏ ရန်မူ ခံရမည် ဆိုက သံသယ ပွားနေသူ မင်းအောင်လှိုင် အဖို့ ၁၉၈၆ ဧပြီလ အတွင်း သမ္မတ ရီဂင်၏ အမိန့်ဖြင့် အမေရိကန် တိုက်လေယာဉ်များ ကဒါဖီ နေအိမ် အပါအဝင် အရေးကြီးသော စစ်စခန်းများကို ၁၂ မိနစ်ကြာ လျပ်တပျက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ကဒါဖီ ကိုယ်တိုင် အသက်ဘေးမှ သီသီ လေး လွတ်သွားခဲ့ရသည့် အဖြစ်ကိုလည်း မေ့လျော့နေမည် မဟုတ်ပေ။

 

ယမန်နေ့က ဗြိတိသျှ ပါလီမန်တွင် မြန်မာ ရေနံ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း၊ နှင့် လေယာဉ်ဆီ တင်ပို့ နေသော ကုမ္ပဏီများကို အပြီး အပိုင် ပိတ်ဆို့ ဒဏ်ခတ်ရန် ဗြိတိသျှ ပါလီမန် အမတ်များ၏ ကျယ်ကျယ်လောင်လောင် တောင်းဆိုလာမှု ကြောင့် အခြေအတင် ဆွေးနွေးမှုများ စတင်နေပြီ ဆိုသော သတင်း ထွက်ပေါ်လာခဲ့သည်။

 

နိုင်ငံ တွင်း စစ်တပ် ၏ အကြမ်းဖက် ကျုးလွန်မှု များ သည် နိုင်ငံတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ သတင်း ဝင်ယူခဲ့ကြသည့် သတင်း အဖွဲ့အစည်းများ ကြောင့် ပို၍ ထင်ရှားလာပြီး ယခုအခါ ဗိုလ်ဆင်ရိုင်းအား သတ်ဖြတ်ခဲ့ပုံ ပါ ဗီဒီယို မှတ်တမ်းကို ပြင်သစ် ၏ ချန်နယ် ဖိုး တီဗီ မှ ထုတ်လွှင့်ခဲ့သည်ကို အောက်ပါ လင့်ခ် တွင် ကြည့်ရှု နိုင်ပါသည်။

 

https://www.channel4.com/news/myanmar-army-massacres-and-beheadings-uncovered

 

အိန္ဒိယ အစိုးရ ၏ မြန်မာ စစ်အုပ်စု အား တရုတ် ဖက် လုံးဝ ရောက်မသွားစေရန် နှင့် မဟာဗျုဟာ အရ ထိန်းညှိထားရေး ဆိုသည့် မူဝါဒသည် ယခုအခါ အန္တရာယ်များ နှင့် ကြုံတွေလာရပြီး အိန္ဒိယ အား အပြင်းအထန် ခြိမ်းချောက်လာနိုင်သည့် အနေအထား ကျရောက်နေပြီဟု Nikkei Asia Review တွင် ရေးသားထားသည်။

 

တရုတ်တို့ အဖို့ အိန္ဒိယ ရေတပ်၏ လှုပ်ရှားမှု များ၊ ဆက်သွယ်ပြောဆိုနေမှု များ ကို ကြားဖြတ် နားထောင်ခြင်း များ အပြင် နောက်ဆုံးတွင် ဂြိုလ်တု လွှတ်တင်ခြင်း၊ ဒုံးကျည်များ ပစ်ခတ် စမ်းသပ်ခြင်းများ အထိ ပြုလုပ်နိုင်၍ မဟာဗျူဟာအရ လွန်စွာ အရေးပါနေ၍ မြန်မာ စစ်ခေါင်းဆောင်များ အဖို့ မတတ်သာတော့ပဲ လိုက်လျောလိုက်ရခြင်း ဖြစ်မည်၊ 

 

ယခုအခါ တရုတ် သည် တောင်ဖက် သီရိလင်္ကာ ရှိ ၎င်းတို့ သိမ်းယူနိုင်လိုက်သော ဟမ်ဘမ်တိုတာ ဆိပ်ကမ်း၊ အနောက်ဖက် ပါကစ္စတန်ရှိ ဂွာဒါ ဆိပ်ကမ်း များ တွင် ထင်သလို လုပ်ခွင့်ရလာနေပြီး ယခုအခါ အနောက်ဖက်ရှိ ကိုးကိုးကျွန်း ကိုပါ ရရှိသွားတော့မည် ဖြစ်သည်။

 

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံ ပိုင်နက်ထဲ စစ်စခန်း များ ထားရှိခွင့် မပြုရ ဆိုသော အပိုဒ် ပါရှိနေ၍ ဓါတ်ပုံ အထောက်အထားများ ရှိနေသည့် ကြားမှ တရုတ် နှင့် ပတ်သက် ဆက်နွယ်နေခြင်း မရှိပါဟု အကျောက်အကန် ငြင်းဆန်နေပြီး မင်းအောင်လှိုင် ကိုယ်တိုင် ထိုကျွန်းသို့ ရောက်လာရပြီး သက်သေ ထူလာခဲ့သည်။

 

သို့သော်လည်း အဆိုပါ သတင်းကို တရုတ်ဖက်မှ ယခုအချိန်အထိ ငြင်းဆိုခြင်းလည်း မပြု၊ အတည်ပြုခြင်းလည်း မရှိပဲ ရေငုံ နှုတ်ပိတ်နေ၍ စစ်ကောင်စီသည် အိန္ဒိယ အား လက်လွှတ်ရမလို ဖြစ်လာနေပေသည်။

 

ဆောင်းပါး တွင် ဆက်လက်ရေးသားထားသည့် အတိုင်း ဆိုက ကိုးကိုးကျွန်းသည် ယခင် အိန္ဒိယ ပိုင် ဖြစ်သော်လည်း ၁၈၇၇ တွင် အိန္ဒိယ ကျွန်းသားတဦး မှ ဗြိတိသျှ လူမျိုး မီးပြတိုက်စောင့် အား သတ်ဖြတ်ခဲ့မှု ဖြစ်ပွားအပြီး တွင် ဗြိတိသျှ အစိုးရသည် ရန်ကုန် ရှိ အာဏာပိုင်များထံ အုပ်ချုပ်ရေး ကို လွှဲပြောင်း ပေးခဲ့သည်၊ နောက်ပိုင်း အိန္ဒိယ သည် လွတ်လပ်ရေး ရရှိပြီး နောက်တွင် ပြန်၍ တောင်းဆိုခဲ့ခြင်း မရှိ၍ မြန်မာ ပိုင် အဖြစ် ဆက်လက် ရှိနေခြင်းဟု ဆိုသည်။

 

ယခုအခါ အိန္ဒိယ ရေတပ် ၏ အရှေ့အာရှ၊ အရှေ့အလယ်ပိုင်း ဒေသများ နှင့် ဥရောပ ကုန်သွယ်ရေလမ်းကြောင်းအား စောင့်ကြည့် ထိန်းချုပ်ထားနိုင်မှု သာမက အိန္ဒိယ လုံခြုံရေး ကိုပါ ခြိမ်းချောက်ခြင်း ခံနေရပြီဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!