အနောက်တိုင်း စံနှုန်းများကို ဆန့်ကျင်ကြရန် တရုတ် ၏ ထပ်မံ ကြိုးပမ်းလာမှု

by Hla Soewai - May 04 2023

လွန်ခဲ့သော နှစ်သုံးဆယ် ဆိုဗီယက် ပြည်ထောင်စု ပြိုလဲလုလု ဖြစ်လာနေချိန်တွင် အမေရိကန် တတ်သိပညာရှင် ဆင်မြူရယ် ဟန်တင်တန် မှ ကမ္ဘာကြီးတွင် ရှေ့လျောက် မည်သို့မည်ပုံ ပြောင်းလဲလာနိုင်သည် ဆိုသည် အပေါ် အားရဖွယ် မရှိသည့် သူ၏ အမြင်ကို ချပြလာခဲ့သည်။ ယင်းသည်ကား စစ်အေးတိုက်ပွဲကြီး နေရာတွင် အရှေ့ နှင့် အနောက်အကြား "ယဉ်ကျေးမှု ခြင်း ပွတ်တိုက်မှုကြီး" ဖြင့် အစားထိုးလာမည် ဟူ၍ ပြောလာခြင်းပင် ဖြစ်သည်။

 

သို့သော် တရုတ် သည် အမေရိကန် နှင့် ယဉ်ပြိုင်မှု ပြင်းထန်လာနေချိန်တွင် သမ္မတ ရှီကျင့်ပင့်သည် ယဉ်ကျေးမှု ချင်း ကွဲပြားနေ‌သော ကမ္ဘာကြီးတွင် အချင်းချင်း သဟဇာတ ဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်သည်ဟူ၍ ပြောလာခဲ့သည်။

 

သူ၏ အပြောအား အပေါ်ယံ အားဖြင့် ကြည့်လျှင် စိတ်အား တက်ကြွဖွယ် ဖြစ်စေသော်လည်း သူ၏ အမှန်တကယ် ဆိုလိုရင်းသည်က အနောက်အုပ်စု အနေဖြင့် ၎င်းတို့တန်ဖိုးထားသော စံနှုန်းများအား ဈေးဗန်းခင်းလာခြင်းကို ရပ်တန့်ရမည်၊ သို့မဟုတ်က ဟန်တင်တန် ပြောသလို ယဉ်ကျေးမှု ခြင်း ပွတ်တိုက်လာမှု ကြီး ဖြစ်လာလိမ့်မည် ဟူ၍ ဖြစ်သည်။

 

ရှီသည် ‌ဧပြီ ၁၅ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်ထုံးတမ်း အစီအမံ Global Civilization Initiative (GCI) ကို ချပြလာခဲ့ပြန်သည်။ ယင်းအား တရုတ်၏ ဂလိုဘယ်တိုင်းမ် သတင်းစာ မှ Xivilization ဟုပင် ဖော်လံဖါး ရေးသားလာခဲ့သည်။ အနှစ်ချုပ် အားဖြင့် အနောက်အုပ်စုသည် တရုတ် ကွန်မြူနစ် ဝါဒ နှင့် လိုက်လျောညီထွေ ကျင့်ကြံ နေထိုင်သွားရေးပင် ဖြစ်သည်၊ တရုတ် ကွန်မြူနစ် ဝါဒသည် အနောက်တိုင်းမှ ထွက်ပေါ်လာသော မက်စ်ဝါဒ ဖြစ်သော်လည်း ၎င်းတို့၏ ရှေးဟောင်း ယဉ်ကျေးမှု၏ အသီးအပွင့်များဟု ပြောလာသည်။

 

GCI သည် ရှီကျင့်ပင် ချပြလာခဲ့သည် အစီအစဉ်များထဲမှ လက်ရှိ တတိယမြောက်ဟု ဆိုရမည် ဖြစ်သည်။ ပထမဆုံး ၂၀၂၁ ကုလသမဂ္ဂ စင်မြင့်ပေါ်မှနေ၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ Global Development Initiative (GDI) ပြောဆိုလာပြီး သူ၏ လမ်း နှင့် ရပ်ဝန်း စီမံချက် အတိုင်း အကောင်အထည် ဖေါ်ရေးပင် ဖြစ်သည်။ ထိုစီမံချက် ဖြင့် ဆင်းရဲသော နိုင်ငံများ၏ လူထု ကျန်းမာရေး မှသည် ကာဘွန်ဓါတ်ငွေ့များ လျော့ကျရေး အတွက် ဒေါ်လာ လေး ဘီလီယံ ကူညီသွားမည်ဟု ဆိုသည်။ တကယ်တမ်း သူ၏ အကူအညီများကို လက်ခံပြီး စီးပွားရေးဖွံ့ဖြိုးအောင် လုပ်မည် ဆိုက နိုင်ငံသား အခွင့်အရေး၊ လူအခွင့်အရေး များကို မေ့ထားနိုင်မှသာ ဖြစ်ပေမည်။

 

၂၀၂၂ တွင် နောက်ထပ် တခု ဆွဲထုတ်လာပြန်သည်။ ယင်းအား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ Global Security Initiative (GSI) ဟု အမည်ပေးလာခဲ့သည်။ GSI အား သူ၏ "မိတ်ဆွေဟောင်းကြီး" ပူတင်မှ ယူကရိန်း အား ဝင်ရောက် ကျုးကျော်တိုက်ခိုက်ပြီး နှစ်လ အကြာတွင် ချပြခဲ့ခြင်းလည်း ဖြစ်သည်။

 

ယင်းတွင် ရုရှား၏ အယူအဆများကို သံယောင်လိုက်ပြီး နိုင်ငံတကာ လုံခြုံရေး အား တည်ဆောက်နိုင်ရန် အတွက် "တူညီသော၊ ပြီးပြည့်စုံသော၊ ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်သော၊ ‌တာရှည် ခံသော" စသည့် သဘောထားများ ဖြင့် ချည်းကပ်သွားရမည် ဟူ၍ ဖြစ်သည်။ ဆိုလိုသည်က တရုတ် နှင့် ရုရှားတို့ နှင့် ထိစပ်နေသော နိုင်ငံများ၏ လုံခြုံရေး နှင့် စပ်လျင်းသော ကိစ္စများတွင် ၎င်းတို့ အကျိုးစီးပွား ကို ထိခိုက်စေခြင်း မရှိစေရ၊ ရှိမည်ဆိုက တချက်လွှတ် အမိန့်ဖြင့် ပယ်ချသွားခွင့်ကို အာမခံနိုင်မည့် အစီအမံမျိုးပင် ဖြစ်သည်။ 

 

တရုတ် အရာရှိများသည် မကြာမီက တရုတ်၏ ကြားဝင်ပေးမှု ဖြင့် ဆော်ဒီ နှင့် အီရန်တို့ ရင်ကြားစေ့လာခဲ့သည့် အဖြစ်သည် ခေါင်းဆောင်ကြီး ရှီ၏ အမျှော်အမြင် ကြီးလှသည့် GSI ကြောင့်ပင် ဖြစ်သည်ဟု ပြောလာခဲ့ကြသည်။ ဧပြီ ၂၆ ရက်နေတွင် ရှီ နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီးတို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်ကိုလည်း နောက်ထပ် GSI ၏ မှတ်တိုင်တခုဟု ပြောဆိုကြပေဦးမည်။

 

နောက်ဆုံး ထွက်ပေါ်လာသည့် GCI အား တရုတ်မှ ကမကထ ပြု၍ ဆင့်ခေါ် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်မှ နိုင်ငံရေး အသင်းအဖွဲ့ ပေါင်း ၅၀၀ ကျော်မှ ခေါင်းဆောင်များ အွန်လိုင်းမှ တက်ရောက်သည့် ညီလာခံတွင် ချပြလိုက်ခြင်းပင် ဖြစ်သည်။

 

ဤသည်ကလည်း ဂျိုး ဘိုင်ဒင် မှ ကမ္ဘာနိုင်ငံ ၈၅ နိုင်ငံ ပါဝင်သည့် ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ ထိပ်သီး ညီလာခံ ကြီး အား အွန်လိုင်းမှ ဆင့်ခေါ်ခဲ့မှု နှင့် တမင် ချိန်ကိုက် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။တရုတ်ပြည်ကို တော့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။ ရှီ မှ ဒီမိုကရေစီ အမည်ခံပြီး ခွဲခွဲခြားခြား ဆက်ဆံခြင်းသည် ကပင် ဒီမိုကရေစီ ကျင့်စဉ်ကို ဖေါက်ဖျက်ခြင်း ဖြစ်၍ မည်သူကမျှ ထောက်ခံကြလိမ့်မည် မဟုတ်ဟု တိုက်ခိုက် ပြောဆိုလာခဲ့သည်။

 

"နိုင်ငံများသည် အခြားသူများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သဘောထားကြီးကြီးဖြင့် လက်ခံလိုစိတ် ထားရမည် ဖြစ်ပြီး မိမိတို့ စံပြုထားမှုများ၊ တန်ဘိုးများကိုသာ လိုက်နာရမည် ဟု အတင်းအကျပ် ပြောဆို လုပ်ကိုင်ခြင်းအား ရှောင်ကျဉ်သင့်ပြီး ဝါဒရေးရာ အရ ထိတ်တိုက် တွေ့အောင် သွေးထိုး‌ပေးသလိုမျိုး ဖြစ်စေသည်" ဟု ဆိုသည်။

 

အနောက်၏ စွက်ဖက်မှု ကို ယခင်ကလို နိုင်ငံရေး အရ သဘောမထားတော့ပဲ မိမိတို့ ယဉ်ကျေးမှ ဓလေ့ထုံးတမ်းများကို စွက်ဖက်ခြင်းဟု ဆွဲဆန့်လာခဲ့ခြင်းလည်း ဖြစ်သည်။ တရုတ်၏ နိုင်ငံရေး စနစ်ကို တိုက်ခိုက်ခြင်းသည် တရုတ်တို့ ၏ ယဉ်ကျေးမှု ကို တိုက်ခိုက်လာခြင်းဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

 

မော်စီတုန်းသည် ကွန်ဖြူးရှပ် ဝါဒကို ချောင်ထိုးထားခဲ့သော်လည်း ရှီ သည် ဖုတ်ဖက်ခါက စင်ပေါ် ပြန်တင်လာခဲ့သူ ဖြစ်သည်။

 

လက်ရှိ GCI နှင့် ပတ်သက်၍ တရုတ် တို့ ကိုယ့်ရှူး ကိုယ်ပတ် ဖြစ်လာပြန်သည်၊ ယဉ်ကျေးမှု အားလုံးကို တန်းတူညီမျှ သဘောထားပြီး လက်သင့်ခံနိုင်သည့် စိတ်မျိုး ထားရမည်ဟု ဆိုသည်၊ ဤနေရာတွင် အနောက်တိုင်း၏ ယဉ်ကျေးမှု ကိုကော ဆိုသည့် မေးခွန်းသည် မလွဲမသွေ ထွက်ပေါ်လာပေမည်။ 

 

ထိုအမေးကို တရုတ် ဝေဖန်ရေး သတင်းဆောင်းပါးမှ အနောက်တိုင်း ယဉ်ကျေး မှု သည် နဂိုကတည်းကသူငယ်နာ မစင်ပဲ ပေါ်ပေါက်လာခြင်းမျိုး ဖြစ်၍ ပုတ်သိုးဆွေးမြေ့လိုက်လာနေပြီဟု ရေးသားလာခဲ့သည်။ 

 

ရှီသည် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကိုယ်ကိုကိုယ် ယုံကြည် မှုအပြည့်ဖြင့် ကျင့်သုံးကြရန် ပြောနေသော်လည်း တဖက်တွင် တရုတ်ယဉ်ကျေးမှုသည် ပြိုင်စံရှား ဖြစ်သည် ဆိုသော အယူအဆ ကို ပိုပိုသာသာ ပြောဆိုလာခဲ့သည်။

 

၎င်း၏ အပြောသည် အနောက်တိုင်းစံနှုန်းများက ရွံမုန်းနေပြီး တရုတ်၏ အပေးအကမ်းကို မျှော်လင့် နေသည့် ဆင်းရဲသော နိုင်ငံများအား ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။

 

ဆွီဒင် နိုင်ငံ ဂူတင်ဘတ်ခ် တက္ကသိုလ်ကြီး၏ v-Dem တွေးခေါ်မျှော်မြှင်ရေး အဖွဲ့၏ ထုတ်ပြန်သော စစ်တမ်းတွင် ၂၀၁၂ တွင် ကမ္ဘာလူဦးရေ ၏ ၄၆% သည် အာဏာရှင်စနစ်ဖြင့် ထင်ရာစိုင်း အုပ်ချုပ်နေသော နိုင်ငံများ တွင် နေထိုင်ကြရာမှ ၂၀၂၂ တွင် ၇၂% အထိ ရှိလာနေပြီ ဟု ဖေါ်ပြထားသည်။

 

အနောက်တိုင်း ပညာရှင်များက မူ တရုတ်ပြည်တွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး တောင်းဆိုမှုများသည် ၎င်းတို့၏ ယဉ်ကျေးမှု အား တိုက်ခိုက်ခြင်းဟု ရှီ မှ ဆက်စပ်လာမှု ကို ပယ်ချခဲ့ကြသည်။

 

(၂၀၂၃ ဧပြီလ ၂၇ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "China's latest attempt to rally the world against Western values" မှ ကောက်နှုတ် တင်ပြသည်။)