ဘန်ကီမွန်း၏ ခရီးစဉ် အပေါ် မြန်မာ အရေး အထူး အကြံပေး ကောင်စီ အဖွဲ့ဝင် ခရစ် ဆီဒိုတီ၏ အမြင်

by Hla Soewai - May 04 2023

ဆီဒိုတီ သည် ကုလ ၏ မြန်မာအရေး အချက်အလက် ရှာဖွေရေး အဖွဲ့ ဝင် အဖြစ် ၂၀၁၇-၁၉ အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ ယခင် မြန်မာ အရေး ကျွမ်းကျင်သူ များ နှင့် အတူ အထူး အကြံပေး ကောင်စီ ဖွဲ့စည်းရာတွင် ပါဝင်ပြီး အာဏာသိမ်း အဖွဲ့ အပေါ် မည်သို့ မည်ပုံ ဆက်ဆံရမည်ကို အဓိက အကြံပေးနေသူလည်း ဖြစ်သည်။

 

ဘန်ကီမွန်း၏ ခရီးစဉ် အပေါ် ဝေဖန်ချက် အမျိုးမျိုး ပြည်တွင်း တွင် ထွက်ပေါ်လာနေချိန်တွင် ခရစ် ဆီဒိုတီမှ သူ၏ အမြင်ကို ယခု လို ဗီအိုအေ နှင့် အင်တာဗျူးတွင် ချပြသွားခဲ့သည်။ 

 

 (၁)

 

ဘန်ကီမွန်းသည် ကာလကြာမြင့်စွာကတည်းက မြန်မာသို့ သွားရန် စိတ်အားထက်သန်နေသူ ဖြစ်သော်လည်း စစ်တပ်က လက်သင့်ခံမည့် အရိပ်အယောင်များ မတွေ့ရပဲ ရှိနေစဉ် တွင် ယခုလို ရောက်ရှိသွားခဲ့သည့် အတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ မိမိ အမြင်အရမူ ၎င်း၏ ခရီးစဉ်၏ ရလဒ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ခရီးသည် အကျိုးတစုံတရာ ဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ ပြောရန် ခက်ခဲနေသည်။ ဤသည်ကလည်း မိမိတို့ဖက်မှ များများစားစား သိခွင့်မရခဲ့သော ကြောင့်ပင် ဖြစ်သည်။

 

ဘန်ကီမွန်း သို့မဟုတ် The Elders က ထုတ်ပြန်သော ကျေညာချက်တွင် ဘန်ကီမွန်း မှ မင်းအောင်လှိုင် ကို ပြောခဲ့သည်များသာ ပါရှိပြီး မင်းအောင်လှိုင်မှ ဘာပြန်ပြောလဲ ဆိုသည် ကို တလုံးတပါဒမျှ ဖေါ်ပြထားခြင်း မရှိ၍လည်း သူ၏ ခရီးစဉ် သည် အကျိုးတစုံတရာ ရှိခဲ့လားဟု လောလောဆယ် ပြောရခက်နေ၍ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

(၂)

 

မင်းအောင်လှိုင်မှ ယခုလို အကြမ်းဖက်မှု များ တိုးမြှင့် ကျုးလွန်နေချိန်မျိုး တွင် ဖိတ်ခေါ်ခဲ့ရသည့် အကြောင်း နှစ်ချက်ခန့် ရှိနိုင်သည်။ 

 

ပထမ တကြောင်းက မင်းအောင်လှိုင် သည် နိုင်ငံတကာ တွင် မည်သို့မျှ ထိုးဖေါက်၍ မရတော့ပဲ ဘေးကျပ်နံကျပ် ဖြစ်လာနေပြီဟု ယူဆလာ၍ သူ့အနေနှင့် နိုင်ငံတကာ နှင့် ဆက်ဆံလို စိတ် ရှိသည်ကို ပြသရန် ခြေလှမ်းလှမ်းလာခြင်း မျိုး ဖြစ်သည်။ ယခုထိတော့ အဓိက မဟာမိတ်လို ဖြစ်နေသည့် အာဆီယံ အပါအဝင် မည်သူနှင့် မျှ ဆွေးနွေးလိုကြောင်း ပြသခဲ့ခြင်းမျိုး မတွေ့ရသေးပေ။

 

နောက်တကြောင်းက နိုင်ငံတကာ တရားရုံး တွင် ရင်ဆိုင်နေရသော အမှု နှင့် ဆက်စပ်ကောင်း ဆက်စပ်နေမည်။ အိုင်စီဂျေ သို့ မြန်မာဖက်မှ နောက်ဆုံး အစီရင်ခံစာ တင်သွင်းရမည့် ရက်သည် လာမည့် မေလ ၂၄ ရက် ဖြစ်သည်၊ ဤသည်ကို နောက်တနှစ် ရွှေ့ဆိုင်းပေးရန် မြန်မာဖက်က လျှောက်ထားခဲ့သော်လည်း အိုင်စီဂျေက ပယ်ချထားသည့် အတွက် သတ်မှတ်ပေးထားသည့် ရက်တွင် မဖြစ်မနေ တင်သွင်းရတော့မည် ဖြစ်၍ အစီရင်ခံစာ ထဲ အကောင်း တခု ခု ထဲ့ ရေး နိုင်ရန် ကြံစည်ခြင်းလည်း ဖြစ်နိုင်သည်၊ ထိုအချက်များသည် ခန့်မှန်း၍ ရသမျှ ပြောချင်းမျိုးသာ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အတွင်း စိတ်က မည်သို့ပင် ရှိနေစေကာမူ ဘန်ကီမွန်း၏ တောင်းဆိုချက်ကို အပြုသဘော တုန့်ပြန်ရဖို့ ရှိနေသည်။

 

(၃)

 

စစ်အာဏာသိမ်း အဖွဲ့ ပြုလုပ်သော ရွေးကောက်ပွဲ ဆိုသည်က မည်သည်နည်း နှင့်မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိ။ ၎င်းတို့ အဖို့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည် ဆိုသော်လည်း ယခုနှစ် အတွင်း မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်း မမြင်ပေ။

 

(၄)

 

နိုင်ငံတကာ မှ မြန်မာ ဒီမိုကရေစီ အရေးအား စကား အဖြစ်ထက် ကျော်လွန်၍ လုပ်ဆောင်ရန် နှေးကွေးနေဆဲပင် ဖြစ်သည်မှာ ကြေကွဲဖွယ်ပင် ဖြစ်သည်၊ NUG မှ ခံစစ် အတွက် လက်နက်များ တောင်းဆိုနေမှု ကိုလည်း လောလောဆယ် တွင် တုန့်ပြန်လာမည့် အလားအလာ မျိုး မတွေ့ရသေးပေ။

 

နိုင်ငံ တကာ အနေဖြင့် လက်နက်များ မထောက်ပံ့သည့်တိုင် အခြား လုပ်ပေးနိုင်စရာ များစွာ ရှိနေသည်၊ သို့သော် ထိုသို့ လုပ်ပေးနိုင်စရာ လုပ်ပေးရန် ပျက်ကွက် နေသည်က ကုလ နှင့် အာဆီယံ ပင် ဖြစ်သည်။၊ ၎င်းတို့ အဖို့လည်း မြန်မာ အရေးကြောင့် လူတကာ၏ ရှုတ်ချစရာ ဖြစ်လာခဲ့ရပြီး ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည် အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။

 

----------

နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်း များကစ၍ နောက်ဆုံး ဘန်ကီမွန်းအထိ စစ်အာဏာသိမ်း အဖွဲ့အား အကြမ်းဖက်မှုများ ရပ်တန့်ရန် မနားတမ်း တောင်းဆိုနေသည်ကပင် ၎င်းတို့အား အကြမ်းဖက် သမားများဟု သွယ်ဝိုက် ကင်ပွန်းတပ်လိုက်ခြင်း သာ ဖြစ်သည်။

 

ကုလ လူ့အခွင့်အရေး သံတမန် တွန် အင်ဒရူးသည် ဂျပန်သို့ ရောက်ရှိနေပြီး ဂျပန် အစိုးရ အား အခြား G-7 နိုင်ငံများ နှင့် ပူးပေါင်းပြီး “အရိုင်းအစိုင်း ဝါဒ နှင့် ဖိနှိပ် အုပ်ချုပ်နေသော” အာဏာသိမ်း အဖွဲ့အား ပြစ်ဒဏ်ခတ်ရန် တိုကျိုတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းသွားခဲ့သည်။

 

တွန် အင်ဒရူး၏ တိုက်တွန်းချက်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်း အကြမ်းဖက် စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည့် ဂျပန် သတင်းဌာန APF ၏ သတင်းထောက် ကင်ဂျီ နာဂါအိ၏ လက်သည် မပေါ် ပျောက်ဆုံးနေသော ကင်မရာ အား ညီမ ဖြစ်သူအား အား ဘန်ကောက်တွင် ပြန်လည် ပေးအပ်ခဲ့သည့် သတင်း ထွက်ပေါ်လာခြင်း ကြောင့် ဂျပန်တို့၏ အနာဟောင်း ပြန်ပေါ်လာချိန် နှင့် တိုက်ဆိုင်သွားခဲ့ရသည်။

 

အဆိုပါ ကင်မရာကြောင့် ၎င်းအား ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ခြင်း မဟုတ်ဆိုသည့် ထိုစဉ်က စစ်အစိုးရ၏ ပြောဆိုခဲ့မှု များ သဲထဲ ရေသွန် ဖြစ်သွားခဲ့ရပြန်သည်။

 

ယနေ့ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးမှ အင်ဒိုနီရှားသည် အာဆီယံ ဥက္ကဌ အဖြစ် မြန်မာစစ်တပ်၊ အမျိးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား အဖွဲ့များ နှင့် ဆွေးနွေးလျက် ရှိသည်ဟု တရားဝင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။ 

 

သက်ဆိုင်သည့် အဖွဲ့များ အကြား အမြင်များ နှင့် ရပ်တည်ချက် ကွာဟနေမှုများ ကို ပေါင်းကူးပေးရန် ဖြစ်သည်ဟု ပြောလာပြန်၍ အင်ဒိုနီရှားသည် လမ်းလွဲ လိုက်ကာ အချိန်ဖြုန်းနေခြင်း သက်သက် သာ ဖြစ်သည်။

 

မိမိ နှင့် မိသားစု ရပ်တည်ရေး တခုတည်း နှင့် သစ္စာခံတပ်များ သုံးကာ အာဏာ ရှင်စနစ် ထူထောင်ရန် ကြံစည်နေသူ နှင့် တမျိုးသားလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး အတွက် ရုန်းကန်တိုက်ပွဲ ဝင်နေသူ များ အကြား မည်သို့ များ အမြင်ကွာဟမှု ကို ပေါင်းကူးပေး၍ ရနိုင်အံ့ပေမည်နည်း။

 

ဂျပန်သည် အာဏာသိမ်းပြီးနောက်တွင် အကူအညီသစ်များ ပေးရန် ကို ဆိုင်းငံ့ထားပြီး ယခင် ပေးထားသည့် စီမံကိန်းများ ကိုသာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ မြန်မာ စစ်သားများ လေ့ကျင့်သင်ကြားပေးနေမှု အားလည်း အသစ် ထပ်မံ ခေါ်ယူ ပြုလုပ်ပေးတော့မည် မဟုတ်ဟု စက်တင်ဘာလ အတွင်းက ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ကျေညာခဲ့သည်။

 

သို့သော် တွန် အင်ဒရူးက လက်ရှိ သင်တန်းများကို ရပ်စဲရန် တောင်းဆိုလာသည်။ ၎င်းတို့ နှင့် နွယ်၍ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့့ သာ ဂုဏ်သိက္ခာ ထိခိုက်ဖို့ ရှိသည်ဟု ပြောကြားသွားခဲ့သည်။

 

အခြေအနေများက ပို၍ ဆိုးလာနေပြီ ဖြစ်၍ မိမိတို့ ဆောင်ရွက်နေမှုများကို ပြန်လည် ဆန်းစစ်ရတော့မည်ဟု လည်း ပြေုာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!