ဆိုင်ကလုံး မိုချာ အရေး

by Hla Soewai - May 19 2023

ဆိုင်ကလုံး မိုချာ၏ ကျစ်ရစ်ခဲ့သော ဒဏ်ရာ ဒဏ်ချက်များက ဆက်သွယ်ရေး စနစ်များ တဖြေးဖြေး ပြန်လည် တည်ဆောက်လာနိုင်သည်နှင့် အမျှ တဖြေးဖြေး နှင့် ရုပ်လုံးပီပြင်လာနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် တမြို့လုံး နီးပါး ပျက်စီးသွားခဲ့ရသည့် က ရခိုင် ပြည်နယ် မြို့တော် စစ်တွေ နှင့် ရသေ့တောင် မြို့နယ် များ ဖြစ်သည်၊ ထိုအထဲတွင် ခနော်နီ ခနော်နဲ့ အိမ် ကလေးများ နှင့် စစ်တွေရှိ ဒုက္ခသည် စခန်း များ တွင် နေထိုင်နေရသည့် ရိုဟင်ဂျာ များ အသေအပျောက် နှင့် ဒဏ်ရာရသူ အများ ဆုံး ဖြစ်နေသည် ကို တွေ့ရသည်။

 

ကုလ သမဂ္ဂနှင့် ကယ်ဆယ်ရေး အေဂျင်စီ များ က အပြင်းအထန် ကြိုးပမ်းနေသော်လည်း လမ်းတံတား များ ပျက်စီးသွားမှုများ အပြင်၊ စစ်ကောင်စီ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း များ နှင့် ခရီးသွားလာခွင့် ကန့်သတ်ထားပြန်၍ စိတ်ပျက်လက်ပျက် ဖြစ်လာနေသည်ဟု သတင်းများက ဆိုသည်။ စစ်ကောင်စီ မီဒီယာ များ မှ အိမ်အလုံးရေ ၁၈၅,၀၀၀ ပျက်စီးသွားပြီး ယခုထိ သေဆုံးသူ ၅၄ ဦး ရှိနေသည်ဟု ထုတ်ပြန်လာခဲ့သည်။ မိမိတို့ မှ ကြိုတင် ရွှေ့ပြောင်းကြရန် စခန်း ရှိ လူများကို သတိပေးခဲ့သည်ဟု ပြည်နယ် ရှေ့နေချုပ် ဆိုသူ လှသိန်းက ပြောဆိုခဲ့သော်လည်း မည်သည့်နေရာ ရွှေ့ပြောင်းရန်၊ နှင့် ကူညီ‌ရွှေ့ပြောင်းပေးခြင်း များ တော့ မရှိခဲ့ပေ။

 

သို့သော် စစ်တွေသို့ စစ်တပ်ဖက်မှ အစားအသောက်၊ ဆေးဝါး နှင့် ကယ်ဆယ်ရေး ပစ္စည်း များ တင်ပို့ခဲ့သည်ဟုလည်း ပါရှိသည်။

 

သို့သော် ပရဟိတ အဖွဲ့များကမူ စခန်း ပေါင်း ၁၅ ခုမှ ကလေး ၃၆ဦး၊ အမျိုးသမီး ၄၆ ဦး အပါအဝင် အနည်းဆုံး ၁၁၆ ဦး ၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့၍ ကူညီ မြုပ်နှံပေးခဲ့ရသည်ဟု အေပီ သတင်းဌာနကို ပြောကြားခဲ့သည်။ ထိုသို့ သတင်းများ ပေးရန်ကိုပင် သတိကြီးစွာ နှင့် ပြောဆို နေကြရသည်ဟု လည်း ပါရှိသည်။

 

အရေး ပေါ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အမျိုးသား ညီညွတ်‌ရေး အစိုးရ မှ ကျပ် သိန်းတထောင်၊ MNDAA မှ ကျပ် သိန်းတထောင်၊ ကေအိုင်အေ ဗဟိုဌာနချုပ်မှ ကျပ် သိန်း သုံးထောင် အား ရခိုင်တပ်တော် AA အား လှုဒန်းခဲ့၍ ကျေးဇူးတင်ရှိကြောင်း သတင်း ထုတ်ပြန်လာခဲ့သည်။

 

သို့သော် စစ်တွေ လေဆိပ်အား ပိတ်ထားဆဲ ဖြစ်၍ အရပ်သားများ အသုံးပြု၍ မရ ဖြစ်နေဆဲဟု သိရသည်။

 

နိုင်ငံတကာ ဖက်မှ ပထမဆုံး တုန့်ပြန်လာသူက အိန္ဒိယ ဖြစ်ပြီး “ဂရုဏာ စစ်ဆင်ရေး” ဆိုကာ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် လေးစီး ရန်ကုန်သို့ ဆိုက်‌ရောက်လာပြီ ဖြစ်သည်။

 

ဩစတေးလျှ အစိုးရ မှ အမေရိကန် ဒေါ်လာ တသန်း ကူညီ မည် ဟု ဆိုသည်။ အမေရိကန် အစိုးရကမူ ကနဦး အဖြစ် ဒေါ်လာ နှစ်သိန်း အား ရခိုင် နှင့် ချင်း ပြည်နယ် များရှိ မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့သွားမည် ဖြစ်သည်ဟု ရန်ကုန် ရှိ အမေရိကန် သံရုံးမှ ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

မိမိတို့ ဖက်မှ မုန်တိုင်း မကျရောက်မီကတည်းက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် အကူအညီများ အတွက် အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း ပါရှိသည်။

 

ယခင် နာဂစ် ဖြစ်စဉ်က မြန်မာ စစ်ခေါင်းဆောင်များ၏ ရက်စက်စွာ ကိုင်တွယ်ခဲ့မှု ကြောင့် ယခုတခါ အကူအညီ ပေးရမည့် သူများ လက်တွန့်နေကြခြင်းလည်း ဖြစ်မည်။

 

CNN သတင်း ဝက်ဆိုဒ်တွင်တော့ နိုင်ငံတကာ အဖွဲ့အစည်းများထံ လှုဒန်းရန် လင်ခ့် ချပေးထားသည်ကို တွေ့ရသည်။

 

စစ်ခေါင်းဆောင်များသည် မိုချာ အပေါ် အမှီပြု၍ နိုင်ငံတကာ၏ အကူအညီများ နှင့် အသိအမှတ် ပြုမှုများ ရရှိရန် မျှော်လင့်နေသော်လည်း ကုလ သမဂ္ဂ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူး မှ ဒေါ်လာ သန်း တထောင်ခန့် လက်နက် နှင့် ကုန်ကြမ်းများ မှာယူ တင်သွင်းခဲ့သည် ဆိုသော အသေးစိတ် အစီရင်ခံစာသည် အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

 

ထိုအစီရင်ခံစာ တွင် ပါရှိသည့် စင်္ကာပူ ရှိ ကုမ္ပဏီ အများအပြား ကို သုံးစွဲ၍ လွှဲပြောင်းနေသည် ဆိုခြင်းအား စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ချက်ခြင်းလို တုန့်ပြန်လာခဲ့ပြီး မိမိတို့ အနေဖြင့် စင်္ကာပူ ကုမ္ပဏီ များ အား တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ပါဝင် ပတ်သက်ရန် ခွင့်ပြုခဲ့ခြင်း မရှိဟု ငြင်းဆိုသွားပြီး၊ အစီရင်ခံစာ တွင် ပါရှိသည့် အချက်အလက်များကို အသေးစိတ် စုံစမ်း အရေးယူသွားမည်ဟု ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ နှင့် ဆက်ဆံရတိုင်း ကြုံတွေ့နိုင်သော အန္တရာယ်များကြောင့် မည်သူမဆို တန်ရာတန်ကြေးထက် အဆမတန် ပေးမှ လုပ်ကိုင်ပေးကြတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo – The Economist