ပရာရွတ် ကို အရှိူက်ထိုး လိုက် နိုင်သော ထိုင်း ရွေးကောက်ပွဲ

by Hla Soewai - May 19 2023

ယမန်နေ့က တူရကီ နှင့် ထိုင်း ရွေးကောက်ပွဲ နှစ်ခုလုံးတွင် တိုင်းပြည်ကို ဒီမိုကရေစီ အရေခြုံကာသက်တမ်း ရှည်ကြာအောင် အုပ်ချုပ်ခဲ့သည့် အာဏာရှင်စနစ်မျိုး ကို အလို မရှိကြောင်း ထိုနိုင်ငံများရှိ ပြည်သူများက တခဲနက် ဆန္ဒ ထုတ်ဖေါ်ပြသနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

တူရကီ ဝန်ကြီးချုပ် အာဒိုဂန်သည် မဲအရည်အတွက် ၏ ၅၀% မကျော် နိုင်၍ သူနှင့် ပွတ်ကာသီကာ ရှိနေသူ တဦး နှင့် ဒုတိယ အကြိမ် ပြန် လည် ယှဉ် ပြိုင်ရဖို့ ရှိနေသည်။

 

ထိုင်းတွင်တော့ ၂၀၁၄ ခုနှစ် ကတည်းက အာဏာသိမ်းပြီး သက်တမ်း ရှည် အုပ်ချုပ်ခဲ့သည့် စစ် ဗိုလ်ချုပ်ဟောင်း ပရာရွတ် ချန် အိုချာသည် ၎င်း၏ အကျင့်ပျက် ခြစားမှု များ နှင့် စီးပွားရေးကို နိုင်နင်းအောင် မအုပ်ချုပ် နိုင်မှုများကြောင့် လူငယ် များ ဦးဆောင်သည့် ရှေ့သို့ချီ (Move Forward) ပါတီ နှင့် ဖွေထိုင်း ပါတီ တို့ အပေါ် စုစုပေါင်း အမတ်နေရာ ၃၆ နေရာသာ ရရှိခဲ့သဖြင့် အရေး နိမ့်သွားခဲ့ပြီ ဖြစ်သည်။

 

ဤသည်ကပင် လက်တဆုပ်စာ အထက်တန်းလွှာ တို့၏ ထောက်ခံမှု သာ ရနေသော စစ်တပ် နှင့် ရွှေနန်းရှင် တို့အား ထိုင်း ပြည်သူများက တခဲနက် ဆန့်ကျင်လိုက်ကြခြင်းလည်း ဖြစ်သည်။

 

တနင်္လာနေ့ မနက် မဲရေတွက်မှုအရ အမတ်နေရာ ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ရှေ့သို့ချီ ပါတီ မှ ၁၅၁ နေရာ၊ ဖြူထိုင်း ပါတီမှ ၁၄၁ နေရာ အနိုင်ရရှိထားပြီး ဖြစ်သည်။

 

ပါလီမန် စနစ် ထုံးစံအရ ဆိုမူ ထို နှစ်ပါတီသည် သေချာပေါက် ညွှန်ပေါင်းအစိုးရ ဖွဲ့ခွင့်ရသွားခဲ့ပြီ ဖြစ်သော်လည်း စစ်တပ်အလိုကျ ရေးဆွဲ အတည် ပြုထားသော လက်ရှိ ၂၀၁၇ ဖွဲ့စည်းပုံ အရမူ စစ်တပ်မှ ခန့်အပ်ထားသော အထက်လွှတ်တော် အမတ် ၂၅၀ နှင့် အောက်လွှတ်တော် အမတ်များ ပေါင်း၍ ဝန်ကြီးချုပ်ကို ရွေးချယ်ရဖို့ ရှိနေသည်။ ထိုသို့ ရွေးချယ် နိုင်ရန် ရက်သတ္တပတ်‌ ပေါင်း များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ဖွယ် ရှိနေသည်။

 

ထို့အတွက် စစ်ဗိုလ်ချုပ်များသည် kingmaker ဖြစ်နေဆဲဟု ဆိုရမည် ဖြစ်သည်။ ထိုင်းပြည်သူများကမူ ထိုင်း နိုင်ငံရေး ကို အစဉ်တဆက် မလွတ်တမ်း ဆုပ်ကိုင်ထားသော စစ်တပ်သည် ရွေးကောက်ပွဲ ရလဒ်ကို အလွယ်တကူ လက်ခံပါမည်လောဟု အပူချိန် ၁၀၀ ဒီဂရီ ဖါရင်ဟိုက် အောက်တွင် အချင်းချင်း လက်တို့ မေးခွန်းထုတ်လျက် ရှိသည်။

 

ဝန်ကြီးချုပ် ဖြစ်ရန် ထိတ်တန်း မှ ပြေးနေသူသည် ထိုင်း ကျေးလက် ပြည်သူ တို့၏ အသည်းစွဲ ဖြစ်သော သာစင် ရှင်နာဝါထွာ၏ အငယ်ဆုံး သမီး ဖြစ်သူ ပေတွန်တန် ဖြစ်သော်လည်း သူမ ကိုယ်တိုင်က ဟိုတယ် လုပ်ငန်း စီမံခန့်ခွဲရေး မှ အပ နိုင်ငံရေး အတွေ့အကြုံ မဆိုသလောက်သာ ရှိနေသည်၊ ထို့ပြင် ရှင်နာဝါထွာ အမည်ကြားယုံမျှ နှင့် ရွှေနန်းတော် ဝင်များ နှင့် စစ်ဗိုလ်ချုပ်များက ခါးခါးသီးသီး ဖြစ်နေသည်။ 

 

အသက် ၃၆ နှစ်ရှိ ပေတွန်တန်သည် မေလ (၁) ရက်နေ့တွင် ကလေးမျက်နှာမြင်ခဲ့သော်လည်း အလျင်အမြန်ပင် ရွေးကောက်ပွဲ မဲဆွယ်မှုများကို ဆက်၍ ပြုလုပ်ခဲ့သည်။ သို့သော် ထွက်ပေါ်လာသော ရလဒ် က သူမ ထင်သလို ဖြစ်မလာခဲ့ပဲ ရှေ့သို့ချီ ပါတီက နှာတဖျား အသာ ဖြင့် ဖြတ်ကျော် သွားခဲ့သည်။ ဤသည်ကလည်း မဲဆန္ဓရှင် ၅၂ သန်း ရှိသည့် အနက် တဝက်နီးပါးသည် လူငယ် တက်သစ်စ ဂျင်ဇီးများ ဖြစ်နေကြသောကြောင့်ပင်။ နောက်တကြောင်းက သူမသည် ပရာရွတ် နှင့် ပေါင်းကာ ညွှန်ပေါင်း ဖွဲ့သွားနိုင်သည်ဟု ကောလဟသများ ပျံ့နှံ့လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

 

ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရိုနတ်သည် အသက် ၄၂ နှစ်ရှိပြီး ဟားဘတ် တက္ကသိုလ် ကနေဒီ အုပ်ချုပ်ရေး ကျောင်းတိုက် ထွက်တဦး ဖြစ်သည့်အပြင့် အမ်အိုင်တီ ဟု လူသိများသည် မက်ဆားချူးဆက် စက်မှု တက္ကသိုလ် မှ ဘွဲ့ရတဦးလည်း ဖြစ်သည်။

 

သူသည် စီးပွားရေး လုပ်ငန်းရှင်တဦး လည်း ဖြစ်ပြီးလူကြိုက်များသူလည်း ဖြစ်၍ ထိုင်း စစ်ဗိုလ်ချုပ်တို့ မျက်နှာ မပျက်ပဲ အလွယ်တကူ လက်ခံ၍ ရသူ ဖြစ်သည်။

 

သို့သော် သူသည်လည်း စစ်တပ်အတွက် ချို့ယွင်းချက်များ ရှိနေပြန်သည်။ စစ်မှု မထမ်းမနေရ ဥပဒေ နှင့် ဘုရင် ကို ဝေဖန်ခြင်း မပြုရ ဥပဒေများကို ပြန်လည် ပြင်ဆင်ရေး၊ လိင်တူ အိမ်ထောင်ပြုခြင်းကို တရားဥပဒေ ဖြင့် အသိအမှတ် ပြုရေး၊ အနိမ့်ဆုံး တနာရီ လုပ်ခကို ၁၃ ဒေါ်လာ သတ်မှတ်ရေး အစရှိသည် မူဝါဒများ ကို ပါတီ မူဝါဒ အဖြစ် ဆုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။

 

ရှေးရိုးစွဲ အယူအဆရှိနေသည့် ထိုင်းတွင် ထိုသို့သော ကြွေးကြော်သံ ဖြင့် ရွေးကောက်ပွဲတွင် အသာစီး ရလာခဲ့ခြင်းကပင် အံ့ဩစရာ ဖြစ်နေသည်။ ၎င်းအနေဖြင့် အနည်းငယ် ဖြေလျော့ပေးမည် ဆိုလျှင်ပင် ထိုင်းစစ်ဗိုလ်ချုပ် တို့ လက်ခံနိုင်ကောင်း လက်ခံနိုင်ဖွယ် ရှိသော်လည်း ထိုင်းနိုင်ငံရေး တွင် သမိုင်းသစ် ဖွင့်နိုင်မှ ဖြစ်မည် ဆိုသော သူ၏ ခံယူချက်ကို တပြားသားမျှ မလျော့ဟု တနင်္ဂနွေနေ့က ထပ်မံ ပြောဆိုခဲ့ပြန်သည်။ ထို့အပြင် စစ်တပ် ကို ထောက်ခံသည့် မည်သည့် ပါတီ နှင့် မျှ လက်တွဲမည် မဟုတ်ဟု လည်း ‌ဆိုသည်။

 

သူတို့ နှစ်ဦး ညွှန်ပေါင်း ဖွဲ့ဖြစ်သွားပါက အသက် ၇၃ နှစ်ရှိ သာစင်သည် အလိုအလျောက် ထိုင်းနိုင်ငံရေး လောကထဲ ပြန်ရောက်လာမည် ဖြစ်သည်။

 

ပရာရွတ် ကတော့ နိုင်ငံ ရေး တွင် ဒီမိုကရေစီ စနစ် ဖြင့် ဆက်၍သွားရမည်ကို သူယုံကြည်သော်လည်း နောက်ထပ် အာဏာသိမ်းပွဲ ထပ်မဖြစ်ဟု အာမဘန္တေ မခံနိုင်ဟု ပြောခဲ့သည်။ သို့သော် တနင်္ဂနွေ ညတွင်မူ ဒီမိုကရေစီ လုပ်ငန်းစဉ်များ နှင့် ရလဒ်ကို လေးစား လိုက်နာ မည်ဟု ပြောဆိုခဲ့သည်။

 

ကြာသပတေး နေ့တွင် ထိုင်းစစ်ဦးစီးချုပ် ကမူ ယခုတကြိမ် သည် ယခင်ကနှင့် မတူစေရဟု လူထုအား ကြိုးစား ပမ်းစား အာမခံသွားခဲ့သည်။

 

ထပ်မံ ရရှိသော သတင်းများအရ အနိုင်ရသည့် ရှေ့သို့ချီ နှင့် ဖြူထိုင်း ပါတီ တို့မှ ညွှန်ပေါင်းအစိုးရ ဖွဲ့ရန် သဘောတူ လိုက်ကြပြီဟု သိရသည်။

 

နောက်ထပ် အမတ်နေ‌ရာ များ ရရှိခဲ့ကြသည့် လေးပါတီ လည်း ပူးပေါင်းလာပြီ ဖြစ်၍ စုစုပေါင်း အမတ်နေရာ ၃၀၉ နေရာ အခိုင်အမာ ရရှိထားပြီး ဖြစ်သည်ဟု ရှေ့သို့ချီ ပါတီ ခေါင်းဆောင်မှ သတင်းစာရှင်းလင်းပွဲ တွင် အသိပေးခဲ့သည်။

 

သို့သော် သူ့အား ဝန်ကြီးချုပ် အဖြစ် ခန့်အပ်နိုင်ရေး သည် မရေမရာ ဖြစ်နေဆဲပင်၊ စစ်တပ်မှ ခန့်အပ်ထားသော အထက်လွှတ်တော် နှင့် အတူ ပူးတွဲ၍ မဲပေး ရွေးချယ်ရမည့် အပြင် ဘုရင်ကပါ အတည်ပြုပေးရန် ရှိနေသည်။ ထိုင်း အထက်လွှတ်တော်က မဲမကွဲပဲ တညီတညွတ် တည်း ဆန့်ကျင်လာမှု ကို ကျော်လွှားနိုင်ရန် အတိုက်အခံများဖက်က ၃၇၆ မဲ ရရှိဖို့ လိုနေသည်။ သို့သော် ပြသာနာ က ရှေ့သို့ချီ ပါတီ ခေါင်းဆောင်ကို မရွေးလျှင် ၎င်းတို့ အဖို့ မည်သူကို ရွေးမည်နည်း ဆိုသည်ပင် ဖြစ်သည်။

 

မစ္စတာ ပီတာ လင်ဂျာရိုနတ်မှ သူ့အနေဖြင့် စိုးရိမ်မှု မရှိကြောင်း၊ ထိုကဲ့သို့ ပြည်သူများ ၏ ဆန္ဒကို လျစ်လျုရှု ကာ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းသည့် မည်သူ မဆို တန်ဖိုးကြီးကြီး ပေးဆပ်ရမည်သာ ဖြစ်ပြီး ထိုင်းပြည်သူများက မည်သည့်နည်းနှင့်မျှ အဖြစ်ခံမည် မဟုတ်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ လက်ရှိ ရွေးကောက်ပွဲသည် ထိုင်း အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရုန်းကန်လှုပ်ရှားမှုကြီး ဖြစ်လာပေတော့မည်။

 

ကိုးကား - ၂၀၂၃ မေလ ၁၄-၁၅ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ ဆောင်းပါးများ