မိုချာ မုန်တိုင်း ကြီး ဒဏ် ယခုအချိန်အထိ လူ သုံးဦး သေဆုံးဟု နိုင်ငံတကာ သတင်းများက ဆို

by Hla Soewai - May 19 2023

စစ်တွေ မြို့အနီး တနာရီ မိုင် ၁၃၀ နှုန်း နှင့် တိုက်ခတ် လာသော ပြင်းအား Category-5 အဆင့် ရှိ မိုချာ မုန်တိုင်းဒဏ်ကို ပြည်သူများ မိမိတို့ အသိဓါတ် အပြည့် ဖြင့် ဘုန်းတော်ကြီး ကျောင်းများ၊ စေတီပုထိုးများ၊ အခြား အကာအကွယ်ရမည့် နေရာများ ခိုလှုံနေကြရပြီး၊ စစ်အာဏာသိမ်း အဖွဲ့မှ ဘုန်ကြီးများကို ပင့်ဖိတ်ကာ ဖေါင် ဖြင့် ရှင်ဥပ္ပဂုတ် ကို တိုင်တည်ခြင်း၊ အိုင်ဖုန်း ဖြင့် မုန်တိုင်း တားခြင်း အစရှိသည့် ပေါက်တတ်ကရ လုပ်ကိုင်ကုန်ကြသည်။ 

 

ထိုသို့ လုပ်၍ ဘာများ အရှုံးရှိနိုင်မည်နည်းဟု ၎င်းတို့ စိတ်ထဲတွင် အထင်ရောက်ကောင်း ရောက်နိုင်သော်လည်း အားလုံး၏ အမြင်တွင် ၎င်းတို့၏ level of intelligence ကို အတိုင်းသား မြင်ခွင့်ရသွားကြသည်က အကြီးအကျယ် အရှုံးပေါ်သွားခြင်း ဖြစ်သည်။ မည်သို့သော ပြင်ဆင်မှုမျိုး ကို မှ ပြုလုပ်ခြင်း ဆိုသည့် သတင်း တပုဒ်တလေမျှပင် မတွေ့ရပေ။ ဤသည်ကလည်း မင်းအောင်လှိုင်သည် ရခိုင်၊ မကွေး နှင့် စစ်ကိုင်း တိုင်း ဒေသကြီးများ တွင် ၎င်း၏ အုပ်ချုပ်ရေးသည် ဆိုင်းဘုတ်များသာ ကျန်နေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

 

ရခိုင်တပ်တော် မှ ကျေးရွာ ၂၁ ရွာမှ အနည်းဆုံး လူပေါင်း တသောင်းခန့် ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု ဆိုသည်၊ အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း ၎င်းတို့ ထိန်းချုပ်ခွင့်ရ နယ်မြေများတွင် ကြိုတင် ကာကွယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

သို့သော် မင်းအောင်လှိုင်သည် နာဂစ်လို အနေအထား အထိ ဖြစ်သွားပါက ၎င်း အစိုးရိမ်ဆုံး ဖြစ်သည့် နိုင်ငံတကာ မှ အလုံးအရင်း နှင့် မရမက ဝင်ရောက်လာမည့် အရေးပင် ဖြစ်သည်။ 

 

နောက်ဆုံး ရရှိသော နိုင်ငံတကာ သတင်းများ အဆိုအရ စစ်တွေ၊ ကျောက်ဖြူ နှင့် ဂွမြို့နယ် များ ရှိ အိမ်များ၊ ထရန်စဖော်မာများ၊ ဓါတ်အားပေးတိုင်များ၊ ဆဲလ်ဖုန်းတာဝါများ၊ လှေသင်္ဘောများ ထိခိုက်ပျက်စီး ကုန်သည်ဟု သိရသည်။ ကိုကိုး ကျွန်း ရှိ အဆောက်အဦး အချို့လည်း ထိခိုက်သွားသည်ဟု ဆိုသည်။

 

စစ်တွေ အခြေစိုက် မီဒီယာ များ အဆိုအရ မြေနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်များ ရေမြုပ် ပြီး အင်တာနက် နှင့် ဖုန်း လိုင်းများ ပြတ်တောက်ကုန်သည်ဟု သိရသည်။

 

တနင်္ဂနွေ နေ့ မနက်ပိုင်းတွင်တော့ တာချီလိတ် နှင့် ပြင်ဦးလွင် ဖက်တွင် နောက်ထပ် သုံးဦး သေဆုံးသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အတွက် စုစုပေါင်း ခြောက်ဦး အထိ ဖြစ်လာပြီ ဟု ဆိုသည်။

 

နာဂစ် ဖြစ်ချိန်တွင် ဖေ့စ်ဘုတ် သည့် မြန်မာပြည်သို့ ရောက်မလာသေး၊ သို့သော် ဗိုလ်သန်းရွှေ နှင့် ဗိုလ်သိန်းစိန် တို့ အုပ်ချုပ်ရေး အဖွဲ့မှ သတင်းစာ၊ ရုပ်မြင်သံကြားတို့မှ တချိန်လုံး ဆော်ဩနေမည် ဆိုက အသေအပျောက်သည် တသိန်း လေးသောင်း အထိ မည်သို့မျှ ဖြစ်သွားစရာ အကြောင်း မရှိပေ။

 

သို့သော် ထိုပုဂ္ဂိုလ်ကြီး နှစ်ဦး စလုံးက စိတ်တွင် မည်သို့မျှ ထိခိုက်သည့် လက္ခဏာမျိုး တစက်ကလေးမျှပင် မတွေ့ရပဲ စာဖတ်၊ ပန်းချီ ဆွဲနေရင်း နေနိုင်ကြဆဲပင် ဖြစ်သည်၊ လက်ရှိ မိုချာသည် ၎င်းတို့၏ မေ့ချင်ယောင် ဆောင်နေသော အိမ်မက်ဆိုးကြီး ကို တဖန် ပြန်လည် နိုးထစေခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ မှ နိုင်ငံရေး သည် မိမိတို့ နှင့် မဆိုင်၊ ကိုယ်လုပ်မှ ကိုယ်စားရတာ ဟူသော အတွေးများ ရှိနေသရွေ့ မိမိတို့ အရေးသည်လည်း ၎င်းတို့နှင့် မည်သို့မျှ မပတ်သက် ဟူသော လူများ၏ အုပ်ချုပ်ခြင်း သာ ခံရမည်ဟု ပြောဆိုခဲ့ဖူးပေသည်။

 

ယခုအချိန် ရရှိသော သတင်းများသည် ပမာဏ အဆင့်သာ ရှိနေသေးပြီး အတိအကျ မသိရှိနိုင်သေးသော်လည်း လက်ရှိ ကုလ လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးရေး အဖွဲ့ အိုချာ မှ မိုချာ ဝင်ရောက်မည် ခန့်မှန်းထားပြီး ဖြစ်သည့် ရခိုင်၊ ချင်း၊ မကွေး နှင့် စစ်ကိုင်း ဒေသကြီးများတွင် လူပေါင်း ၆ သန်း ခန့်သည် (မင်းအောင်လှိုင် ၏ ကောင်းမှုကြောင့်) အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြပြီး ဟု ဆိုသည်၊ ၎င်းတို့ အနေဖြင့် အရေးပေါ် တုန့်ပြန် နိုင်ရန် အဆင့်မြင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

 

Mocha ဟူသော အမည်အား အလှည့်ကျ အမည်ပေးစနစ်အရ ယီမင်မှ နိုင်ငံ၏ ကော်ဖီစေ့များ အများဆုံးတင်ပို့ရာ ဆိပ်ကမ်း အမည်ကို အစွဲပြု အမည်ပေးခဲ့ခြင်း ဖြစ်ပြီး၊ မိုးလေဝသ ကျွမ်းကျင်သူများ အဆိုအရ ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် သမုဒ္ဒရာ ပူနွေးလာခြင်းကြောင့် ဖြစ်ပြီး၊ မိုချာသည် ပါကစ္စတန် ပေးသော နာဂစ် ထက် ပို၍ ပြင်းထန်သည်ဟု ဆိုသည်။

 

မည်သို့ပင် ဆိုစေ မိုချာသည် လောလောဆယ်အထိ မင်းအောင်လှိုင်၏ အကြမ်းဖက် တပ်များလောက် လက်သံ မပျောင် သည့် အတွက်တော့ ပြည်သူများ အတွက် စိတ်သက်သာရာ ရမိသည်က တော့ အမှန်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo - CNN