ပရာရွတ် အတွက်ပါ ယတြာ ချေပေးရဖို့ ဖြစ်လာနေ

by Hla Soewai - May 27 2023

ထိုင်းတွင် ပီတ လင်ဂျရိုနတ်သာ အစိုးရ ဖွဲ့ခွင့် ရခဲ့ပါက မြန်မာ နှင့် ပတ်သက်သော မူဝါဒသည် အပြောင်းလဲကြီး ပြောင်းလဲသွားဖို့ ရှိနေပြီး ထိုင်း-မြန်မာ နယ်စပ်သည်လည်း မင်းအောင်လှိုင် အတွက် မည်သို့မျှ စိတ်ချလက်ချ ထား၍ ရတော့မည် မဟုတ်ပေ။

 

လင်ဂျာရိုနတ်၏ အောင်ပွဲခံ ခဲ့ ခြင်းနှင့် အတူ အားလုံး၏ ခေါင်းထဲတွင် မြန်မာ အပေါ် မူဝါဒ ပြောင်းလဲလာမည်လောဟူသော မေးခွန်း အစီအရီ ထွက်ပေါ်လာခဲ့ကြသည်။

 

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန် အိုချာသည် ပြီးခဲ့သည့် နှစ်နှစ်က အာဏာသိမ်းယူလာခဲ့သည့် မင်းအောင်လှိုင် အပေါ် သိသိသာသာ ပင် လိုက်လိုက်လျောလျော ဆက်ဆံပေးခဲ့သည်။

 

"အသံတိတ် ဒစ်ပလိုမေစီ" ဆိုသော ခေါင်းစဉ် အောက်တွင် မင်းအောင်လှိုင်၏ လူထု အပေါ် နှိပ်စက် ညှင်းပမ်းနေမှု များကို ရေငုံ နှုတ်ပိတ်နေပေးခဲ့ခြင်းနှင့် အတူ နယ်ခြားဒေသတွင် မတည်မငြိမ် ဖြစ်လာနေမှု များကို လစ်လျုရှု နေခဲ့သူ ဖြစ်သည်။

 

ပြီးခဲ့သည့် လများ အတွင်း Track 1.5 ဆိုကာ ထိုင်းမှ ကမကထ ပြူ၍ မြန်မာ စစ်တပ်ကိုပါ ခေါ်ယူ ဆွေးနွေးခဲ့သည်။ အာဏာသိမ်း မှု ကို ဆန့်ကျင်တွန်းလှန်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရကိုမူ ဖယ်ထုတ်ထားခဲ့သည်။

 

ထိုလုပ်ရပ်သည် ထိုင်း နှင့် မြန်မာ အကြား ပုဂ္ဂိုလ်ရေး အရသော်၎င်း၊ အဖွဲ့အစည်း အချင်းချင်း အကြား နီးကပ်စွာ ဆက်ဆံနေမှု နှင့် အာဆီယံ ၏ "မစွက်ဖက်ရေး" ဆိုသည်က ဝမ်းတွင်းက ကြိတ်သဘောကျနေမှု များ မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

 

‌ရွေးကောက်ပွဲ မတိုင်မီ ကာလများကပင် ပီတ လင်ဂျရို နတ်သည် မြန်မာအရေး နှင့် ပတ်သက်၍ ထိုင်း၏ လောလောဆယ် ချည်းကပ် ရပ်တည်မှု များကို အဆုံးသတ်မည်ဟု ကတိပေးခဲ့ပြီး ဖြစ်သည်၊ ထိုင်း၏ နိုင်ငံခြားရေး မူဝါဒ အား လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး အပေါ် အခြေခံ၍ ပြောင်းလဲကျင့်သုံးမည် ဖြစ်၍ မြန်မာ အရေးအား လည်း ထိုမူဝါဒ အတိုင်း ကိုင်တွယ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲ အပြီး ပွဲဦးထွက် သတင်းစာ ရှင်းလင်းပွဲ တွင်ပင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့မှ အာဆီယံ၏ အချက် ငါးချက် ကို မဖြစ်မနေ လိုက်နာရေး တွင် ထိုင်းသည် အဓိက နေရာမှ ရှိနေသည်ကို သိရှိထားကြောင်း၊ သူ့အနေဖြင့် ဝန်ကြီး ချုပ် အဖြစ် ပထမ ဦးစားပေး အဖြစ် ထိုင်း နှင့် မြန်မာ အကြား လူသားချင်း စာနာမှု ဖြင့် ဘေးကင်း လုံခြုံစွာ သွားနိုင်မည့် စင်္ကြန်လမ်း တခု ထူထောင်ပေးမည် ဖြစ်ကြောင်း၊ အမေရိကန် ၏ BURMA ACT ကို အကောင်အထည် ဖေါ်နိုင်ရေး အတွက်လည်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အစရှိသည် ဖြင့် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

အဓိက အားဖြင့် န်ိုင်ငံတကာ နှင့် လက်တွဲပြီး သင့်လျော်သည့် အတိုင်းအတာ ဖြင့် ဖိအားပေးမှုများ၊ လိုက်လျောလာရန် ဆွဲဆောင်ပေးခြင်း များ နှင့် လုပ်ပေးမည် ဆိုက မြန်မာ ပြည်သူများ မိမိတို့ ပြဿနာ မိမိတို့ ဖာသာ ဖြေရှင်း သွားနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ မိမိ အစိုးရ အနေဖြင့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ထိတွေ့ ဆက်ဆံသွားမည် ဆို၍ NUG ပါဝင်လာမည် ဖြစ်သည်။

 

ထို့စကားများသည် နေပြည်တော်ရှိ စစ်အုပ်ချုပ်ရေး သမားများ အဖို့ တုန်လှုပ်စရာ ဖြစ်လာခဲ့ရပြီး ဒုတိယ အာဏာသိမ်း ခေါင်းဆောင် စိုးဝင်းမှ ထိုင်းနယ်စပ်တလျောက်ရှိ စစ်တိုင်းမှုး များအား ညွှန်ကြားချက် ပေးပို့ခဲ့ရာတွင် "ရှေ့သို့ချီ ပါတီသည် အနောက်လိုလားသူ များ ဖြစ်၍ အကြမ်းဖက်သမား များကို အကူအညီ ပေးလာမှာ ဖြစ်ကြောင်း၊ ထို့အတွက် ၎င်းတို့၏ လှုပ်ရှားမှု များကို စောင့်ကြည့် သတင်းရယူရန်" ပါရှိလာခဲ့သည်။

 

ပီတ ၏ ကတိ စကားများ နှင့်ပင် ထိုင်း မူဝါဒ သည် လုံးဝကြီး မဟုတ်တောင် သိသိသာသာ ပြောင်းလဲလာမည်ဟု ယူဆရသော်လည်း မြန်မာတို့၏ တော်လှန်ရေး လမ်းကြောင်းကို မည်မျှ အတိုင်းအတာ အထိ ရိုက်ခတ်နိုင်မည် ဆိုသည်ကာ ပြောရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

 

ပီတ သည် မလေးရှား၊ အင်ဒိုနီရှား တို့ အတွက် အင်အားတရပ် ဖြစ်လာနိုင်သော်လည်း မြန်မာ တော်လှန်ရေး အင်အားစု များက လုပ်ငန်းသဘောအရ သေ သွားပြီ ဟု ယူဆထားသော အချက် ငါးချက် ကို ပင် ဆုပ်ကိုင်လာသည်ကို တွေ့နေရဆဲ ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ ထိုင်း အစိုးရသစ်၏ မူဝါဒသည် လူသားချင်း စာနာထောက်ထားသည့် ဖက် ရွှေ့လာခဲ့လျှင်ပင် စစ်တပ်၏ နှိပ်စက်ညှင်းပမ်းမှု ဒဏ်ကို ကာလ ကြာမြင့်စွာ ခံစားနေရသော မြန်မာပြည်သူ များ အတွက် သတင်းကောင်းပင် ဖြစ်သည် ဟု The Diplomat အွန်လိုင်း စာစောင် "How Thailand's Myanmar Policy Could Change Under Move Forward? ဆောင်းပါးမှ ကောက်နှုတ် တင်ပြချင်း ဖြစ်သည်။

 

ပီတ လင်ဂျရိုနတ် အစိုးရသည် မိမိ အရင်က ဖေါ်ပြခဲ့သလိုပင် မြန်မာ တွင် စစ်အာဏာရှင် စနစ် တည်မြဲနေသရွေ့ ၎င်းတို့၏ ရပ်တည်မှုကို အမြဲလို ခြိမ်းချောက်ခံနေရသည်ဟု ယူဆထားမည် ဖြစ်သည်။ မြန်မာ တွင် စစ်အာဏာရှင်စနစ် ကို ဖယ်ရှားရန် အကူအညီ ပေးခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားကို ဆောင်ကျဉ်းရာ လည်း ရောက်နေပေသည်။

 

မင်းအောင်လှိုင် အဖို့ကတော့ ပီတ လင်ဂျရိုနတ်၏ စကားများသည် သူ့အတွက်တော့ နားထဲသို့ သံပူရေ နှင့် လောင်းခံနေရသလို ဖြစ်နေ၍ ပရာရွတ် အတွက်ပါ ယတြာ ထဲ့ ချေ ပေးရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!