မြန်မာ မှ တဆင့် တိုင်ဝမ်ကို လှည့်ခွေမည့် တရူတ် တို့၏ အကြံကို အမေရိကန် သတိပြုမိရန် လို

by Hla Soewai - May 27 2023

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်သည် အမေရိကန်၏ အင်အား ကို လျော့တွက်လွန်ပြီး မည်သို့မည်ပုံ ပိုင်ပိုင် နိုင်နိုင် အသုံးချရမည် ဆိုသည့် အပေါ်လည်း နားလည်မှု လွဲမှားခဲ့သည်ဟု ယခု အပတ်ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီး၏ ခေါင်းကြီးပိုင်း တွင် ဝေဖန်ရေးသားထားသည်။

 

ထို့အတွက်လည်း ရုရှားအား တညီတညွတ်တည်းစီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ရန် အမေရိကန်၏ ဆော်ဩလာမှု အားလည်း နိုင်ငံ အများစု က ပေလျာလကံ ပြုခဲ့ကြသည်။

 

တရုတ်အင်အား ဩဇာကြီးထွားလာမှု အတွက်လည်း အမေရိကန် နိုင်ငံရေး သမားများက zero-sum ခေါ် သူကို မနိုင်လျှင် ကိုယ်ရှုံး မည် ဆိုသော မူဝါဒဖြင့် ရင်ဆိုင်လျက် ရှိနေပြန်သည်။

 

အမေရိကန် တို့ အီရတ်၊ အာဖဂန်နစ္စတန် (ယခုအခါ မြန်မာပြည်) တို့တွင် ဒီမိုကရေစီ ပြန့်ပွားရန် နှင့် ကာကွယ်ပေးရန် ဆိုသည့် တာဝန်များ ပျက်ကွက်ခဲ့ပြန်သည်။

 

တိုင်ဝမ် နှင့် မြန်မာသည် တရုတ်၏ ဩဇာအာဏာ ချဲ့ထွင်လာနေမှု ကို ထိန်းချုပ်နိုင်မည့် မဟာဗျုဟာ ကျသည့် အပြင် အပြန်အလှန် ချိတ်ဆက်မိထားသည့် နေရာများ ဖြစ်သည်ဟု Myanmar Policy Institute ၏ ဥက္ကဌ ဖြစ်သူ Zaw Tuseng မှ The Diplomat အွန်လိုင်း ဂျာနယ် တွင် ရေးသား ထားသည်ကို ကောက်နှုတ် တင်ပြထားပါသည်။

 

တရုတ်သည် ယခုအခါ မြန််မာ နိုင်ငံ အတွင်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ စီမံကိန်းများ တွင် ရင်းနှီးမြုပ်နှံလာခြင်း၊ အာဏာသိမ်း အဖွဲ့ကို စစ်ရေး အရ ပံ့ပိုးပေးလာခြင်းများဖြင့် နိုင်ငံတွင်း ဩဇာလွှမ်းနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့သည်။ ဤသို့ဖြင့် တရုတ်သည် မြန်မာ၏ အနာဂတ် ကို အဆုံးအဖြတ် ပေးရာတွင် အဓိကနေရာတွင် ရှိလာမည်သာမက အိန္ဒိယ သမုဒ္ဒရာဖက်ပါ ခြေလှမ်းလာနေပြီ ဖြစ်၍ အမေရိကန် နှင့် မဟာမိတ်များ၏ အကျိုးစီးပွား များကို အန္တရာယ်ပြုလာတော့မည် ဖြစ်သည်။

 

အမေရိကန်သည် မြန်မာ၏ မဟာဗျုဟာ အရ အရေးပါမှု ကို အသိအမှတ် ပြုသင့်ပြီး နိုင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများအား ယခုထက် ပို၍ ထောက်ခံမှု ပေးခြင်း၊ စီးပွားရေး ဒဏ်ခတ်မှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်ရေး နှင့် ဒေသတွင်းရှိ အကျိုးတူ နိုင်ငံများနှင့် ပို၍ ပူးပေါင်းဆောင်ရွက်ကာ တရုတ်အား တန်ပြန်သင့်လှသည်။

 

ဝါရှင်တန် တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် ရုံး ဖွင့်ပွဲသို့ တက်ရောက်လာသည့် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အာဇရာ ဇေယျ ၏ အသင့်ပြင်ဆင်လာသော မိန့်ခွန်းတွင်လည်း BURMA ACT ၏ NUG အား လူသားချင်းစာနာ ထောက်ထားမှု ပိုင်းတွင် အကူအညီပေးရေး နှင့် ပတ်သက်ပြီး မရေမရာ ‌သာ ပြောဆိုသွားခဲ့သည်။

 

အမေရိကန် အကူအညီများကို စောင့်စားနေကြသည့် ရွာသားများသည်လည်း ရုရှား နှင့် တရုတ် တို့ ထောက်ပံ့ထားသည့် တိုက်လေယာဉ် များ၏ တိုက်ခိုက်မှု ကို နေ့စဉ်လို ခံနေကြရသည်။

 

အမေရိကန်သည် အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာပြည်တွင် တရုတ် နှင့် ရုရှားတို့ ကျုးကျော် ဝင်ရောက်လာမှု ကို ဟန့်တားသည့် မဟာဗျုဟာ ကို အကောင်အထည် ဖေါ်ရာတွင် နှေးကွေး လွန်းနေသည်။

 

နယ်စပ် လုံခြုံရေး အကြောင်းပြကာ တရုတ်သည် မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုး၍ ဆက်ဆံလာပြီး ဝင်ရောက် စွက်ဖက်လာနေသည်ကို ကြည့်က အိန္ဒိယ သမု‌ဒ္ဒရာ အထိ ခြေလှမ်း လှမ်းရန် ပြင်ဆင်နေသည် မှာ သိသာထင်ရှားလွန်းနေသည်။ လောလောဆယ် တွင် အမေရိကန် သည် ရှိသမျှ အင်အား နှင့် အရင်းအမြစ်များကို တိုင်ဝမ် အတွက် ပုံအော်ထားပြီး မြန်မာကို လစ်လျုရှုထားသည်။ ယင်းသည် တိုင်ဝမ် အတွက် ပို၍ပင် အန္တရာယ်များလာနိုင်သည်။

 

တရုတ်သည် အိန္ဒိယ သမုဒ္ဒရာသို့ ၎င်းတို့၏ နောက်ဖေးပေါက် တံခါးမှ ဝင်နိုင်ထွက်နိုင်ပြီး မလက္ကာ ရေလက်ကြားတွင် ပိတ်ဆို့ခံရမည့် အရေးကို ရှောင်နိုင်ရှားနိုင်မည်ဆိုက တိုင်ဝမ် သို့ ဦးလှည့်လာတော့မည် ဖြစ်သည်။

 

(တရုတ်သည် မြန်မာနိုင်ငံ အတွင်း ၎င်းတို့ အကျိုးစီးပွား အပျက်ခံပြီး စစ်အာဏာသိမ်း အဖွဲ့ကို မဆုပ်မနစ် ထောက်ခံနေခြင်းသည် ထိုအကြောင်းသည် အဓိကနေရာမှ ပါဝင်နေသည်ဟု မိမိလည်း ယုံကြည်နေမိသည်)

 

မြန်မာနိုင်ငံ ၏ အခြေအနေသည် အမေရိကန်တို့၏ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများအတွက် အာမခံ ထားမှု ကို အမှန်တကယ် သက်သေပြနိုင်သည့် အခွင့်အရေး များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

အမေရိကန် တို့၏ နိုင်ငံခြားရေး မူဝါဒ ကို ကာကွယ်ရာ ရောက်မည့် အပြင် စစ်ပွဲဒဏ် ခံနေရသော မြန်မာ ပြည်သူများ အတွက်လည်း အကျိုးရှိရာ ရှိကြောင်း ဖြစ်လာပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image credit - The Economist