လုံခြုံရေး ကောင်စီ၏ အာရီယာ ဖေါ်မြူလာ ဆွေးနွေးပွဲ

by Hla Soewai - May 27 2023

နယူးယောက် ရှိ ကုလ သမဂ္ဂ တွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက မြန်မာ နိုင်ငံ ၏ ဆိုးရွားလာနေသော အခြေ အနေနှင့် မိုချာ ဆိုင်ကလုံး မုန်တိုင်း ဒဏ်သင့် ကယ်ဆယ်ရေး လုပ်ငန်းများ အပေါ် ဗြိတိန်၏ ကမကကထ ပြုမှု ဖြင့် အာရီယာ ဆွေးနွေးပွဲ ပုံစံမျိုး မေလ ၁၉ ရက် နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

အာရီယာ ဆွေးနွေးပွဲ ဆိုသည်ကား ပြင်ပ မှ ပုဂ္ဂိုလ်များ အား ဖိတ်ကြား၍ အကြောင်းအရာ တခုခု အပေါ် သဘောထား အမြင် တောင်းခံခြင်း ပင် ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံ‌ရေး ကောင်စီ ပြင်ပ အစည်းအဝေး ပုံစံမျိုးအား ၁၉၉၂ ခုနှစ်တွင် ဗင်နီဇွဲလား သံအမတ် ဒီဂို အာရီယာ မှ စတင် ခဲ့သည့် ဖေါ်မြူလာ ဖြစ်၍ နောက်ပိုင်းတွင် အာရီယာ ဆွေးနွေးပွဲ ဟု အမည်တွင်လာခဲ့ခြင်း ဖြစ်သည်။

 

ထိုအစည်းအဝေး သို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီးရေးရာ ငြိမ်းချမ်းရေး ကွန်ယက် အမှုဆောင် ဒါရိုက်တာ ဒေါ်ဝေဝေနု က တက်ရောက်၍ အခြေအနေမှန်များကို ရှင်းလင်း ပြောပြခဲ့သည်။

 

လုံခြုံရေး ကောင်စီ အစည်းအဝေး မှ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်ပြီး လေးလ အကြာ ပြီးခဲ့သည့် လ အတွင်း စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် တချီတည်း နှင့် အရပ်သားများ သေဆုံးခဲ့ရမှု နှုန်းသည် ကမ္ဘာတွင် စံချိန်တင်လောက်အောင် မြင့်မားခဲ့ရသည် ဟု ဆိုသည်။

 

ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး တာဝန်ခံ ၏ အစီရင်ခံစာ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ အချို့ကပင် ထိုသို့ ကျုးလွန်နိုင်ရန် လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ပါရှိကြောင်းလည်း ထောက်ပြသွားခဲ့သည်။

 

ဆိုင်ကလုံး မိုချာ ဒဏ်ကို အပြင်းအထန် ခံခဲ့ရသော ရခိုင် ပြည်နယ် အတွင်း ကုလ အေဂျင်စီများ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့များ၏ လုပ်ငန်းများ ဆောင်ရွက်ရေး တွင် ပိတ်ဆို့ ဟန့်တားမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ထို့အတွက် မုန်တိုင်းသင့် ပြည်သူများသည် သောက်ရေ နှင့် စားစရာ မရှိ ဖြစ်နေသည်ဟု ဆိုသည်။ ၎င်းတို့ လုပ်ရပ်များသည် လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော ၂၀၀၇ တွင် ကျရောက်ခဲ့သည့် နာဂစ် မုန်တိုင်း ကဲ့သို့ပင် ဖြစ်နေသည်ဟု လည်း ပြောခဲ့သည်။

 

မြန်မာ နိုင်ငံ အတွင်း ရှိနေဆဲ ဖြစ်သော ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် ရှိနေပြီး စခန်းများ အတွင်း ထည့်သွင်းခံထားရသည့် ၁၄၀,၀၀၀ ခန့်သည် ၎င်းတို့ နေထိုင်နေရသော အခြေအနေများ ကြောင်း အဆိုးဝါးဆုံး ထိခိုက်ခံခဲ့ရသူ များ ဖြစ်သည်၊ ထိုစခန်းများသည် ၂၀၁၁ အတွင်း စစ်အစိုးရ၏ ဦးဆောင်လှုံ့ဆော်ခဲ့သည့် အကြမ်းဖက်မှု များ ကြောင့် ရောက်နေရခြင်း ပြီး လက်ရှိ စာရင်းများ အရ မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၄၀၀ ခန့် သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

 

တဖက်နိုင်ငံရှိ ရိုဟင်ဂျာ များ ပြန်လည် လက်ခံရန် ပြုလုပ်နေသည့် စမ်းသပ်အစီအစဉ်များသည်လည်း ပြန်ရောက်လာသူများအား ၎င်းတို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ရန် ရည်ရွယ် စီမံနေခြင်း ဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံတကာ ၏ သင့်တင့်လျှောက်ပတ်သော အကာအကွယ် မရှိပဲ ပြန်လည် ပို့ဆောင်နေခြင်းကို စောင့်ကြည့် စီစစ်ပေးသင့်ကြောင်း။

 

ယခုအချိန်အထိ ရက်စက်ကြမ်းကြုပ်လှသည့် အကြမ်းဖက် လုပ်ရပ်များကို ကျုးလွန်နေဆဲ ဖြစ်သော စစ်တပ်အား မည့်သည့်နည်း နှင့် မျှ မြန်မာပြည် လုံခြုံရေး၊ ငြိမ်းချမ်းရေး အတွက် တာဝန်ရှိ အဖွဲ့အစည်း အဖြစ် ယုံကြည်၍ မရကြောင်း၊ စစ်တပ်သည် အသွင်ပြောင်းလာလိမ့်မည်ဟု အယူအဆအပေါ် အမှီပြုနေပါက တိုင်းပြည် အခြေအနေသည် ပို၍ ဆိုးဝါးလာနိုင်ပြီး ဒေသတွင်း တည်ငြိမ်ရေးကိုပါ အန္တရာယ် ကျရောက်လာမည် ဖြစ်ကြောင်း၊ အာဆီယံ သည် မြန်မာ အရေးကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် အပြင် ၎င်းတို့၏ မအောင်မြင်သော အချက် ငါးချက်ကိုပါ ပြန်လည် စဉ်းစားရန် ပျက်ကွက်ခဲ့မှု သည် လွန်စွာ စိတ်ပျက်စရာ ဖြစ်ရကြောင်း၊

 

ထို့အတွက် လုံခြုံရေး ကောင်စီ အနေဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ဖွဲ့စည်းပုံ အပိုဒ် (၇) ပါ အတိုင်း မြန်မာ စစ်ဗိုလ်ချုပ်များအား ၎င်းတို့ ကျုးလွန်နေသော နိုင်ငံတကာ ရာဇတတ်မှု များ အတွက် ဝန်ခံလာစေရန် လုံခြုံရေး ကောင်စီ အနေဖြင့် အလျင်အမြန် အရေးယူ ဆောင်ရွက်သင့်ကြောင်း။ ထို့အတွက် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး သို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ယင်းနှင့် အလားတူသည် အထူး ခုံရုံးများ ဖွဲ့စည်းပေးရန် ဖြစ်ကြောင်း၊

 

မုန်တိုင်းသင့်ခံ ပြည်သူများ အားလည်း ကုလသမဂ္ဂ နှင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များ မှ တဆင့် ပေးပို့နိုင်ရန် စီမံပေးသင့်ကြောင်း၊

 

နိုင်ငံတွင်း လူမျိုးတုံး သတ်ဖြတ်မှုများ နှင့် အခြား ရက်စက်ကြမ်းကြုပ်မှု များ ထပ်မံ မဖြစ်ပွားစေရေး နှင့် တရားဥပဒေနှင့် အညီ ဖြစ်စေရေး အတွက် လုံခြုံရေး ကောင်စီ တွင် တာဝန်ရှိ ကြောင်း အစရှိသဖြင့် တင်ပြ ပြောဆိုသွားသည်ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။’

 

တက်ရောက်လာသည့် နိုင်ငံ များမှ ကိုယ်စားလှယ်များက မြန်မာ နိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်း နှင့် အရပ်သားများ အပေါ် အင်အားသုံး တိုက်ခိုက်နေမှုများ၊ အာဆီယံ ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး အဖွဲ့ ယာဉ်တန်းအား ပစ်ခတ်ခဲ့မှု အပေါ် အပေါ် ရှုတ်ချကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

 

မြန်မာပြည်သူတို့ အဖို့ လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာ ရှိစွာ နေထိုင်နိုင်ခွင့်၊ လုံခြုံမှု၊ ကြွယ်ဝဖွံ့ဖြိုးမှု ရှိလာစေမည့် အနာဂတ် တရပ် ပေါ်ထွန်းလာတော့မည် ဖြစ်ပြီး ထို့အတွက်လည်း တကမ္ဘာလုံးက အတတ်နိုင်ဆုံး ဝိုင်းဝန်း ပံ့ပိုးပေးနေကြပြီလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!