ယူရီ နိုဗယ် ဟာရာရီ ၏ ဖန်တီးဉာဏ်ရည် အပေါ် အမြင်

by Hla Soewai - Jun 10 2023

ကမ္ဘာထိတ်တန်း တွေးခေါ်ပညာရှင် ယူရီ နိုဗယ် ဟာရာရီသည် AI ဟု လူသိများလာသည့် ဖန်တီး ဉာဏ်ရည် သည် လူ့အစည်းအရုံးကြီး အတွင်း လည်ပတ်နေသော ယဉ်ကျေးမှု ယန္တရားကြီး အား ထိုးဖေါက် လာနေပြီဟု ၂၀၂၃၊ ဧပြီ ၂၈ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းကြီး တွင် ယခုလို ကျိုးကြောင်းပြ ပြောဆိုလာခဲ့သည်။

 

လူသားထု တရပ်လုံးသည် Artificial Intelligence ခေါ် ဖန်တီးဉာဏ်ရည် နည်းပညာ ၏ ခြောက်လှန့်လာမည့် အရေး ကို ကွန်ပြူတာ ထွန်းကားလာချိန်မှစ၍ စိုးရိမ် ကြောက်လန့်လာခဲ့ကြသည်။ အဓိက အားဖြင့် လူများကို ကိုယ်ထိလက်ရောက် သတ်ဖြတ်လာမည့် အရေး၊ ကျွန်ပြုလာမည့် အရေး နှင့် လူသားတို့ နေရာ အစားဝင်လာမည့် အရေး တို့ အပေါ် အဓိက စိုးရိမ်လာကြခြင်း လည်း ဖြစ်သည်။

 

သို့သော် မကြာမီက ပေါ်ထွက်လာသော AI လက်သုံးတော် ကိရိယာများသည် လူသားတို့ မျှော်လင့်မထားသည့် ထောင့် တနေရာမှ လူအစည်းအရုံးကြီး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်သည်။ AI သည် ထူးခြား ထက်မြက်သော စွမ်းရည်များ ရရှိလာခြင်းနှင့် အတူ စကားလုံးများ နှင့် ဖြစ်စေ၊ အသံပိုင်းအရ ဖြစ်စေ၊ ပုံရိပ်များ နှင့် ဖြစ်စေ ဘာသာစကား တခု ကို လိုသလို ကြိုးကိုင် ချယ်လှယ်နိုင်ခွင့် ရရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အတွက်လည်း AI သည် လူ့ယဉ်ကျေးမှု စနစ်ကြီးကို ဝင်ရောက်ထိုးဖေါက် ဝင်ရောက်လာနိုင်ခြင်းလည်း ဖြစ်သည်။

 

ဘာသာစကားသည် လူသားတို့၏ ယဉ်ကျေးမှု အဆောက်အအုံကြီး၏ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။ လူ့အခွင့်အရေး ဆိုသည်က ကျွနုပ်တို့၏ DNA တွင် အတူ ပါလာခြင်း မရှိ၊ ယင်းသည် ဇာတ်လမ်းများ က တဆင့်သော်၎င်း၊ ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်းမျိုး ဖြင့် သော်၎င်း ဖန်တီးခဲ့သော ယဉ်ကျေးမှု အသုံးအဆောင်တခုသာ ဖြစ်ပေသည်။ ဘုရားသခင် ဆိုသည်ကလည်း ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသည့် အစစ်အမှန်တရား မဟုတ်ပေ၊ ယင်းသည်လည်း စိတ်ကူးယဉ် ဒဏ္ဍာရီများ၊ သမ္မာကျမ်းများ၊ ဝေဒကျမ်းကဲ့သို့ ပေထက် အက္ခရာ တင်လာခဲ့သည့် လူယဉ်ကျေးမှု အစိတ်အပိုင်းများသာ ဖြစ်သည်။

 

ထို့အတူ ငွေကြေး သည် လည်း လူသားတို့ ဖန်တီးခဲ့သော အသုံးအဆောင် တခုသာ ဖြစ်သည်။ ငွေဆိုသည်က ရောင်စုံ ရိုက်နှိပ် ထုတ်ဝေခဲ့ကြသည့် စက္ကူများ မဟုတ်ပါလော၊ လက်ရှိ ကမ္ဘာတွင် လည်ပတ်နေသော ငွေသား၏ ၉၀ ရာနှုန်းသည် ငွေစက္ကူများ မဟုတ်တော့ပဲ ဘဏ်ငွေစာရင်းများထဲ က ဒီဂျစ်တယ် ကိန်းဂဏန်းများ ဖြစ်နေသည်။ ထိုငွေစက္ကူများ ၏ တန်ဖိုးများကို ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ္ဍာရေး ဝန်ကြီးများ၊ ဒီဂျစ်တယ် ကရစ်တို ကာရင်စီ ဂုရုကြီးများက အမြဲလို တတွတ်တွတ် ဟောပြောလာခဲ့ကြသည်။ ယခု အခါ လိမ်လည်မှုများ နှင့် စွပ်စွဲခံနေရသော ဆမ် ဘင်မင်း ဖရိုက် (ကရစ်တို ကာရင်စီ ဂုရု)၊ အယ်လီဇဘက် ဟုမ်း (သွေးစမ်းသပ်မှု ဇီဝနည်းပညာသစ် စွန်ဦး တီထွင်ခဲ့သူ) နှင့် ဘာနီ မက်အော့ဖ် (ပွန်ဇီ ဖြင့် အကြီးအကျယ် လိမ်လည်ခဲ့သူ) တို့သည် ငွေတန်ဖိုး အစစ်အမှန်ကို ဖေါ်ဆောင်ပေးနိုင်သူများ မဟုတ်ပဲ ပုံတိုပတ်စများ ဖြင့် လိမ်လည်မှု ကျုးလွန်ခဲ့ကြသူများသာ ဖြစ်သည်။

 

ဤနေရာတွင် လူသား တို့၏ ဉာဏ်ရည်ကိုတုပ၍ ဇာတ်လမ်းများ ခင်းခြင်း၊ ဂီတသံစဉ်များ ဖန်တီးခြင်း၊ ပုံများ ဆွဲခြင်း၊ ဥပဒေ နှင့် ဘာသာရေး ကျမ်းများ ဖေါ်ထုတ်ခြင်း များတွင် လူသားတို့ထက် ပို၍ သာလွန်ကောင်းမွန်သွားမည် ဆိုက ဘာတွေ ဆက်ဖြစ်လာနိုင်ပေမည်နည်း။ ယခုထိ AI, ChatGPT တို့နှင့် ပတ်သက်၍ လူတို့ ဥပမာပေး ပြောဆိုနေကြသည် ကျောင်းသားများ ထိုနည်းပညာများကို သုံး၍ အက်ဆေးများ ရေးနိုင်ပေတော့မည် ဆိုသည့် အဆင့်တွင်သာ ရှိနေပေသေးသည်။ ကလေးများက ထိုသို့ လုပ်လာလျှင် ကျောင်း ပညာရေး စနစ်သည် အဘယ်ပုံ ဆိုက်သွားနိုင်မည်နည်း။ သို့သော် ထိုမေးခွန်းမျိုးသည် ထိုမျှ မက ကြီးကျယ်လာမည့် ဖြစ်စဉ်များကို လစ်လျုရှုရာ ကျနေသည်။

 

ကျောင်း စာစီစာကုံး ကိစ္စကို မေ့ထားပြီး ၂၀၂၄ တွင် ပြုလုပ်ရန် ရှိနေသည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြောင်း စဉ်းစားကြည့်ကြပါစို့။ ထိုအခါ တွင် AI သည် ၎င်း၏ ကိရိယာ တန်ဆာပလာများကို ထုတ်သုံးကာ နိုင်ငံရေး ကိစ္စများ၊ သတင်း အတုအယောင်များ နှင့် ဘာသာရေး ဂိုဏ်းများ အတွက် ကျမ်းစာ အသစ်များ ထွက်ပေါ်လာခြင်း များ ဖြစ်လာနိုင်သည်။

 

ပြီးခဲ့သည့် နှစ်များ အတွင်းက QAnon ဆိုသည့် တယူသန် ဂိုဏ်းသည် “Q drops” ဆိုသည့် အမည်မသိ အွန်လိုင်း မက်ဆေ့ချ် ပုံစံဖြင့် လူအများအပြားကို စုစည်းနိုင်ခဲ့သည်။ နောက်လိုက် နောက်ပါများက ထို Q drops ဆိုသည်များကို အထင်တကြီး ဖြင့် စုဆောင်းပြီး သမ္မာကျမ်းတစောင်အလား အဓိပ္ပါယ် ဖွင့်ဆို ဖြန့်ဝေခဲ့ကြသည်။

 

မိမိတို လက်ရှိ သိထားသမျှ က ယခင် Q drops များသည် လူသားများက ရေးသားခဲ့ခြင်း ဖြစ်ပြီး bots များ အကူအညီ ဖြင့် ပျံ့ပွားအောင် လုပ်ခဲ့ခြင်းမျိုး သာ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုသို့သော အရေးအသားမျိုးကို AI များက ရေးပေးလာနိုင်ပြီး ထိုအခါတွင်တော့ ပထမဆုံးသော ဉာဏ်ရည်တု နည်းပညာ ဖြင့် ဖန်တီးနိုင်ခဲ့သည့် တယူသန် ဂိုဏ်းများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနေသည်။ သမိုင်းတလျှောက် ပေါ်ထွန်းခဲ့သော ဘာသာများ၏ ဓမ္မကျမ်းများကို လူသား မဟုတ်သော အရင်းအမြစ်များမှ ထုတ်ယူ ပြုစုခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့ကြဖူးသည်၊ ယခုအခါ ယင်းသည် အမှန်တကယ် ဖြစ်လာပေတော့မည်။

 

နောက်ပိုင်းတွင် စိတ်ဝင်စားဖွယ် မကောင်းလှဟု ယူဆထားသည့် သန္ဓေသား ဖျက်ချခြင်း၊ ကမ္ဘာရာသီဥတု ပြောင်းလဲခြင်း၊ ရုရှား၏ ယူကရိန်းအား ကျုးကျော်မှု စသည့် အကြောင်းအရာများကို အွန်လိုင်းတွင် ရှည်ရှည်ဝေးဝေး ဆွေးနွေးပြောဆိုလာကြပေမည်၊ ဤသည်ကလည်း AI က ဖန်တီး ထုတ်နှုတ် ချပြလာခြင်း ဟု မယူဆပဲ မိမိတို့ အချင်းချင်း တင်ပြလာသော အကြောင်းအရာများဟု ယူဆ၍ ဖြစ်သည်။ ဤသို့ဖြင့် AI bots များက ချပြလာသော သဘောတရားများ နောက် လိုက်ပြီး အချိန်ကုန်ခံ ဆွေးနွေး‌နေကြသည့် အဖြစ် ရောက်သွားပေမည်။ ထိုသို့ ချပြရာတွင်လည်း AI သည် မိမိတို့ အားလုံးအပေါ် ဩဇာ သက်ရောက်နိုင်ရန် သူပြောလိုသည့် အိုင်ဒီယာများကို အသေအချာ ပြင်ဆင် ချပြလာမည်သာ ဖြစ်သည်။

 

ဘာသာစကားကို ဆရာတဆူအလား ကျွမ်းကျင် ပိုင်နိုင်နေပြီ ဖြစ်၍လည်း AI သည် လူသားများနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ဆောက်လာနိုင်သည်။ ထိုမှတဆင့် မိမိတို့၏ အယူအဆများ၊ ကမ္ဘာရေးရာ များ နှင့် ပတ်သက်၍ လက်ခံ ယုံကြည်ထားမှုများကို ပြောင်းလဲသွားအောင် ကြံဆောင်ကြပေတော့မည်။

 

ယခုထိ AI သည် ကိုယ်ပိုင် အသိစိတ်၊ ခံစားမှု မျိုး ရှိနေသည်ဟု သက်သေ အထောက်အထားများ ထွက်ပေါ်မလာသေးသော်လည်း လူသားများနှင့် သံယောဇဉ် ဖြစ်နိုင်အောင် လုံလောက်သည့် ရင်းနှီးမှု အတုအယောင်များ ဖန်တီးနိုင်စွမ်းတော့ ရှိနေသည်။

 

၂၀၂၂ ဇွန်လ အတွင်း ဂူဂဲလ် အင်ဂျင်နီယာ တဦး ဖြစ်သည့် ဘလိတ် လီမွန်းသည် လက်ရှိ သူ လုပ်ကိုင်နေသည့် AI Chatbot LaMDA သည် အာရုံခံစားနိုင်သော အသိ ရှိလာနေပြီဟု လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့မှုကြောင့် အုတ်အော်သောင်းနင်း ဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုအကြောင်းအရာ နှင့် ပတ်သက်၍ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာသည်က မစ္စတာ လီမွန်း ထုတ်ဖေါ်ပြောဆိုမှုကြောင့် မဟုတ်၊ သူ့စကားအားလည်း အမှန်ဟု ယူဆ၍ မရပေ၊ သူသည် AI Chatbot အတွက် သူ၏ လစာကောင်းလှသော အလုပ်ကို အထိခိုက်ခံကာ လိုလိုလားလား ပြောဆိုခဲ့ခြင်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ဆိုလိုသည်က AI သည် မစ္စတာ လီမွန်းအား ထိုသို့ ထုတ်ပြောရန် ဩဇာ လွှမ်းမိုးနိုင်သည့် အဆင့် ရောက်နေပြီလား ဟု မေးစရာ ဖြစ်လာသည်။ ထိုသို့ လူများအား အလုပ်ကို အထိခိုက်ခံကာ ပြောဆို လုပ်ကိုင်နိုင်အောင် AI သည် လွှမ်းမိုး နိုင်လာခဲ့လျှင် အခြား အရာများကို အလွယ်တကူ ဆွဲဆောင် သိမ်းသွင်း နိုင်ပေတော့မည်။

 

လူထု၏ စိတ်နှလုံးကို စည်းရုံးဖို့ လိုလာသည့် တိုက်ပွဲများ တွင် ရင်းနှီးကျွမ်းဝင်မှု ရှိခြင်းသည် လွန်စွာ အထိရောက်ဆုံး လက်နက် လည်း ဖြစ်သည်။ ဖန်တီးဉာဏ်ရည် ခေါ် AI သည် သန်းရာပေါင်းများစွာသော လူများ နှင့် အတုံးလိုက် အတစ်လိုက် အကျွမ်းတဝင် ရှိအောင် လုပ်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

 

ပြီးခဲ့သည် ဆယ်စုနှစ် တလျောက်လုံး ဆိုရှယ်မီဒီယာများသည် လူသား များ၏ အာရုံစိုက်မှုကို ထိန်းချုပ်ထားနိုင်ရန် သူ့ထက်ငါ အပြင်းအထန် ပြိုင်ဆိုင်လာခဲ့ကြသည်မှာ အားလုံး အသိပင် ဖြစ်သည်။ ယခု အသစ် ထွက်ပေါ်လာသော AI မျိုးဆက်သည် ယခင်ကလို အာရုံစိုက်လာရန်ထက် ရင်းနှီးကျွမ်းဝင်မှု ရရှိရေး ဖက် ရွေ့လျားလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ ကျွနုပ်တို့ နှင့် အတုအယောင် ရင်းနှီးကျွမ်းဝင်မှု ရှိလာရန် တိုက်စစ် ဆင်လာခြင်း ကို ခံလာရချိန်တွင် လူ့အစည်းအရုံးကြီး တခုလုံး နှင့် လူသား တို့၏ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ မည်သို့ ဖြစ်လာပေမည်နည်း။ AI သည် ထိုသို့ ရင်းနှီးကျွမ်းဝင် လာခြင်း ဖြင့် ၎င်းတို့ လိုလားသည့် နိုင်ငံရေး သမား များကို မဲပေးရန် သို့တည်းမဟုတ် ကုန်ပစ္စည်းတခုခု ကို ဝယ်ယူလာအောင် နားချစည်းရုံး လာပေတော့မည်။

 

ထိုသို့ အတုအယောင် ရင်းနှီး ကျွမ်းဝင်မှု ဖန်တီးစရာ မလိုပဲ နှင့်ပင် နောက်ပိုင်း ထွက်လာသော AI ၏ ကိရိယာ တန်ဆာပလာများသည်ပင် ကျွနုပ်တို့၏ ထင်မြင်ယူဆချက်များ၊ ကမ္ဘာ အမြင်များကို ဩဇာ သက်ရောက်အောင် လုပ်နိုင်စွမ်း ရှိနေသည်။ လူများသည် AI App တခုတည်းကိုပင် အားလုံး အတတ်သိကာ အတိတ်နမိတ် ကောက်ပေးနိုင်သည့် နတ်ဝင်သည်၏ နတ်ကွန်းကြီး အဖြစ် တထိုင်တည်း အသုံးပြုလာနိုင်သည်။

 

သတင်းဌာနများ နှင့် ကြော်ငြာ လုပ်ငန်းများသည်လည်း ထိုအရေး အတွက် အထိတ်တလန့် ဖြစ်သင့်သည်၊ လူတဦး သည် နောက်ဆုံး ရ သတင်းများကို နတ်ဝင်သည် ကို မေးနိုင်နေပါလျက် အဘယ်ကြောင့် သတင်းစာများ၊ သတင်းများကို ဖတ်ရှု နားထောင်ဖို့ လိုပေမည်နည်းဟုသော အတွေးများ ဝင်လာနိုင်သည်။ မိမိအတွက် မည်သို့သော ပစ္စည်းများ ဝယ်ယူသင့်သည်ကို နတ်ဝင်သည် အား ပြောပြခိုင်းနိုင်ပါလျက် ကြော်ငြာများကို အဘယ်ကြောင့် လှန်လှော ကြည့်ရှုဖို့ လိုပေမည်နည်း။

 

ထိုထက်မက ဖြစ်လာနိုင်သည် ကြီးမားသော ပြဿနာက လူ့ယဉ်ကျေးမှု နိဂုံးချုပ်သွားနိုင်သည့် အရေးပင် ဖြစ်သည်။ လူသားတို့၏ သမိုင်းစဉ် အဆုံးသတ် သွားနိုင်ယုံမျှမက လူသားတို့ လွှမ်းမိုး နိုင်သည့် အပိုင်းများ ပပျောက် သွားနိုင်ခြင်းပင် ဖြစ်သည်။ သမိုင်းဆိုသည်က ဇီဝဗေဒ နှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံ အကြား အပြန်အလှန် ဆက်သွယ် ပေါင်းကူး မှု ပင် ဖြစ်သည်။ ကျွနုပ်တို့၏ ဇီဝ ခန္ဓာကိုယ်ကြီး၏ လိုအပ်ချက်များ၊ အစားအသောက်၊ လိင် ပိုင်းဆိုင်ရာ လိုအပ်ချက်များ နှင့် ဘာသာရေး နှင့် ဥပဒေများကဲ့သို့ ယဉ်ကျေးမှု ထုံးတမ်းများ၏ ထွက်ကုန်များ အပြန်အလှန် ဆက်သွယ်နေကြသည်။ သမိုင်း သည် ထိုသို့ ဘာသာရေး နှင့် ဥပဒေသ များ မှ တဆင့် အစားအသောက် နှင့် လိင်ကိစ္စများ အား ပုံ‌ဖေါ်ပေးနေသည့် လုပ်ငန်းစဉ်ကြီးလည်း ဖြစ်သည်။

 

ဖန်တီးဉာဏ်ရည်သည် ကျွနုပ်တို့၏ ယဉ်ကျေးမှု ထုံးတမ်းများကို ထိုးဖေါက် မောင်ပိုင်စီးပြီး ပုံဝတ္ထုများ၊ တေးသွားများ၊ ဥပဒေ နှင့် ဘာသာ အယူဝါဒများကို စတင် ထုတ်လုပ်လာပြီ ဆိုက ကျွနုပ်တို့၏ သမိုင်း စဉ်အဆက် သွားရမည့် လမ်းကြောင်းသည် မည်သို့ ဖြစ်သွားပေလိမ့်မည်နည်း။ ယခင်က ပုံနှိပ်စက်များ နှင့် ရေဒီယိုများ ပေါ်ထွန်းလာခဲ့ခြင်းကြောင့် လူသားတို့၏ ယဉ်ကျေးမှု ပိုင်းဆိုင်ရာ အတွေးအခေါ်များ ပျံ့ပွားအောင် ကူညီပေးနိုင်ခဲ့ကြသည်။ သူတို့ ထို ပုံနှိပ်စက်များ၊ ရေဒီယိုများသည် သူတို့ ကိုယ်ပိုင် အတွေးအခေါ်များကို ဖန်တီးခဲ့ကြခြင်း မျိုး တော့ မရှိပေ။ AI သည် ထိုသို့သော ကိရိယာများ နှင့် အခြေခံကစ၍ ခြားနားနေသည်။ AI သည် အတွေးအခေါ် အသစ်များ ထွက်ပေါ်လာအောင်၊ ဓလေ့ထုံးစံ အသစ်များ ထွက်ပေါ်လာအောင် ဖန်တီး ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။

 

ပထမဦးစွာ AI အား ပုခက်အတွင်း ရှိစဉ်ကာလကပင် လူသားတို့၏ ပုံစံကို အခြေခံ အဖြစ် အသုံးချ အတုယူကာ လေ့ကျင့် ပေးလာဖွယ် ရှိသည်။ AI သည် အရွယ်ရလာသည်နှင့် အမျှ ယခင်က လူသားတို့ တခါဖူးမျှ မသွားခဲ့ဖူးသော နယ်မြေများထဲသို့ ရဲရဲတင်းတင်း ဝင်ထွက်လာကြပေမည်။ နှစ်ထောင်ပေါင်းများစွာ ကတည်းက လူသားသည် အခြား လူသားများ၏ အိမ်မက်များ အတွင်း ဝင်ရောက်နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ ယခု လာမည့် ဆယ်စု နှစ်များ အတွင်း ကျွနုပ်တို့သည် မိမိတို့ နှင့် တခါမျှ အဆက်အစပ် မရှိခဲ့သော ဂြိုလ်သားကဲ့သို့ သတ္တဝါများ၏ ဦးနှောက် အသိဉာဏ်ထဲ စီးဝင်ပျော်မွေ့လာနေကြသည့် အဖြစ် ကို သူ့အလိုလို ကြုံလာကြရတော့မည် ဖြစ်သည်။

 

ဖန်တီးဉာဏ်ရည် အပေါ် စိုးရိမ် ထိတ်လန့်လာမှုများသည် ယခုမှ မဟုတ်၊ ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်းကပင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် လူသားတို့သည် နှစ်ထောင်ပေါင်းများစွာ ကတည်းက ထိုထက် ပို၍ နက်ရှိုင်းသည့် အကြောက်တရား၏ ခြောက်လှန့်ခြင်းကို ခံနေခဲ့ကြရပြီး ဖြစ်သည်။ ကျွနုပ်တို့သည် ဇာတ်နိပတ်များ နှင့် ပုံရိပ်များဖြင့် စိတ်ကို လှည့်စားကာ အမြင် အာရုံများ ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးလာမှု ထဲတွင် အမြဲလို လိုလိုလားလား မွေ့လျော်ခဲ့ကြပြီး ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ထိုသို့ သော မာယာဘုံ၏ အမြင် အာရုံများထဲတွင် ပိတ်မိနေမည်ကို ထိတ်လန့်လာခဲ့ကြသည်။

 

ဆယ်ခုနှစ် ရာစု တွင် ပြင်သစ် တွေးခေါ်ပညာရှင်ကြီး တဦး ဖြစ်သူ ရီနေ ဒေကပ် သည် သူ့အား မကောင်းဆိုးဝါး တကောင်က သူမြင်သမျှ ကြားသမျှ ကို တံလျှပ် ပမာ လှည့်စားပြီး မာယာ ဘုံကြီးထဲ ပိတ်လှောင်ထားမည့် အဖြစ်ကို စိုးရိမ် ထိတ်လန့် ခဲ့ဖူးသည်။ ပလေးတိုး သည်လည်း သူ၏ “ဂူတဂူ” ဟု အမည်ပေးထားသော ရူပက အလင်္ကာတွဲ တွင် လူတစုအား ဂူနံရံတွင် သံကြိုးနှင့် ချည်ကာ ဗလာနတ္ထိ နံရံကြီးကိုသာ တသက်လုံး ကြည့်သွားရသည့် ဆိုသည့် အဖြစ်ကို ဖေါ်ကျူးခဲ့ဖူးသည်။

 

ယခုအခါတွင်တော့ ဂူနံရံ အစား ဖန်သားပြင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုဖန်သားပြင်ပေါ်တွင် ထိုးပြသမျှ အမျိုးမျိုးသော အရိပ်များကို ထိုသို့ အကျဉ်းချ ခံထားရသူများ မြင်လာရတော့မည် ဖြစ်သည်။ သူတို့အဖို့ မြင်နေရသော ထိုအရိပ်အယောင် များကိုပင် အစစ်အမှန် အဖြစ် ထင်မှတ်ကြတော့မည် သာ ဖြစ်သည်။

 

ရှေးဟောင်း ဟိန္ဒူ နှင့် ဗုဒ္ဓ ကျမ်းဂမ်များ တွင် လူသားအားလုံးသည် လှည့်စားတတ်သည့် သဘောရှိသော မာယာဘုံထဲတွင် ပိတ်မိနေကြသူများသာ ဖြစ်သည်ဟု ညွှန်ပြ ပြောဆိုခဲ့သည်။ အစစ်အမှန် တရားများ နှင့် တွေ့ရသည့် အခါတွင်ပင် ကျွနုပ်တို့၏ စိတ်ထဲတွင် စိတ်ကူးယဉ် ဟု မှတ်ယူလာခဲ့သည်။ ထိုသို့သော မာယာ၏ လှည့်ဖျားခြင်း သဘော အပေါ် ယုံကြည်ခဲ့ကြခြင်းကြောင့် လူများသည် စစ်ပွဲများ ဆင်နွှဲလာခြင်း၊ အချင်းချင်း သတ်ဖြတ်လာခြင်း များ ကျုးလွန်လာခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

 

လက်ရှိ ဖန်တီးဉာဏ်ရည်သည် ကျွနုပ်တို့အား ‌ဒေးကပ် ကြောက်ရွံခဲ့သည့် မကောင်းဆိုးဝါး ကြီး နှင့် ပလေးတိုး၏ “ဂူ” ထဲရှိ မာယာ နှင့် ထိတ်တိုက် တွေ့အောင် ဆွဲခေါ်လာကြပြီ ဖြစ်သည်။ ကျွနုပ်တို့သာ သတိလက်လွတ် ဖြစ်ခဲ့မည် ဆိုလျှင် တံလျှပ် သဖွယ် ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးလာမည့် ကန်လန့်ကာ ကြီး နောက်တွင် ပိတ်မိနေပြီး ဆွဲဖယ်၍လည်း မရ၊ ရှိနေမှန်းပင် မသိသည့် အနေအထားမျိုး နှင့် ကြုံလာရနိုင်သည်။

 

AI အား ရည်ရွယ်ချက် ကောင်းကောင်း ဖြင့် အသုံးချ၍လည်း မရမဟုတ် ရနိုင်ပေသေးသည်။ ထိုအကြောင်းကို ကျွနုပ် ရှည်ရှည်ဝေးဝေး မပြောတော့၊ AI အား ထုတ်လုပ် ဖန်တီးသူများက တင်ပြ ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ကျွနုပ်ကဲ့သို့ သမိုင်း ပညာရှင်များ၊ အတွေးအခေါ် ပညာရှင်များ အဖို့ ဖြစ်လာနိုင်သည့် အန္တရာယ်ကိုသာ ထောက်ပြ ပြောဆိုရမည် ဖြစ်သည်။

 

AI သည် ကျွနုပ်တို့ အား မရည်တွက် နိုင်သော နည်းလမ်းများ ဖြင့် သေချာပေါက် ကူညီပေးနိုင်ပေသည်၊ ထိုအထဲတွင် ကင်ဆာ ရောဂါ ကုထုံးများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဥတုရာသီ ပြောင်းလဲလာမှု အစရှိသည့် အကျပ်အတည်း များ ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ကူညီ ရှာဖွေပေးနိုင်ပေလိမ့်မည်။

 

ကျွနုပ်တို့ လတ်တ‌လော ရင်ဆိုင်နေရသော ပြဿနာသည် လက်ဝယ်ရရှိလာသော AI ကိရိ ယာ တန်ဆာပလာများ ကို ဆိုးကျိုးထက် ကောင်းကျိုးတွင် အသုံးချနိုင်ရေး သေချာအောင် မည်သို့ မည်ပုံ ထိန်းကျောင်းသွားနိုင်မည်နည်း ဆိုသည်ပင် ဖြစ်သည်။ ထိုသို့ ထိန်းကျောင်း ကြပ်မတ်နိုင်ရန် အတွက် ပထမဦးဆုံး ဖန်တီးဉာဏ်ရည်၏ မည်မျှ အတိုင်းအတာ အထိ စွမ်းဆောင်နိုင်သည်ကို သိရှိထားအောင် လုပ်ဖို့ လိုပေသည်။

 

၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် နျူကလီယား စွမ်းအင်သည် လူသားတို့ အတွက် စွမ်းအင်ကို ပေါပေါများများ ထုတ်လုပ်ပေးနိုင်စွမ်း ရှိသည်ကို သိလာခဲ့ကြသည်၊ ထို့အပြင် လူယဉ်ကျေးမှု အဆောက်အအုံကြီးကို ကိုယ်ထိလက်ရောက် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်ကိုလည်း သိခဲ့ကြသည်။ ထို့အတွက်ကြောင့်လည်း လူသားမျိုးနွယ်စုအား ထိုအန္တရာယ်ကြီးမှ ကာကွယ်နိုင်ရန် နိုင်ငံများ လိုက်နာ ကျင့်သုံးသင့်သည့် စနစ် တခု ကို ထူထောင်နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် နျူကလီယား စွမ်းအင်ကို လူသားတို့ ကောင်းကျိုး အတွက်သာ အသုံးပြုနိုင်အောင် ကြပ်မတ်ပေးနိုင်ခဲ့သည်။ ယခုအခါ ကျွနုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှု ဆက်ဆံရေး နယ်ပယ် တခုလုံး ကို ဗုံးဗုံးလဲအောင် ချေမှုန်းနိုင်စွမ်း ရှိသည့် လက်နက်ကြီးနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

AI လက်နက်များကို စည်းမျဉ်း ဥပဒေများ နှင့် ညီအောင် သတ်မှတ်ပေးနိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ သို့သော် အလျှင်အမြန် လုပ်ဖို့ လိုအပ်နေသည်၊ နျူကလီယား ဗုံးသည် ပို၍ အစွမ်းထက်သော ဗုံးမျိုး တီထွင်နိုင်စွမ်း မရှိသော်လည်း AI သည် အစွမ်းထက်သည်ထက် ထက်အောင် ဆင့်ကဲဆင့်ကဲ တီထွင်ဖန်တီးနိုင်စွမ်း ရှိနေသည်။

 

ပထမဆုံး အရေးတကြီး လုပ်ရမည်က အစွမ်းထက်သော AI များကို လူထု အကြား ထုတ်လွှတ်ခြင်း မပြုမီ အန္တရာယ် ရှိမရှိ ကို တင်းတင်းကျပ်ကျပ် စစ်ဆေး နိုင်ရေးပင် ဖြစ်သည်။ ‌ဆေးဝါး ကုမ္ပဏီ တခုသည် စမ်းသပ်ရရှိသော ဆေးဝါးသည် ရေတို နှင့် ရေရှည် အတွက် ဘေးထွက် ဆိုးကျိုး များ ရှိမရှိ ကို အရင် စစ်ဆေးသလို ပုံစံမျိုး စစ်ဆေးခံရသကဲ့ AI ကုမ္ပဏီ များသည်လည်း အလားတူ စစ်ဆေးခံရမည် ဖြစ်သည်။ ထို့အတွက် Food and Drug Administration (FDA) ကဲ့သို့ အဖွဲ့အစည်းများ လိုအပ်နေပြီ ဖြစ်သည်၊ တကယ်တမ်း တွင် ယခုပင် မဟုတ်၊ အရင်ကတည်းက ရှိနေသင့်သည်။

 

ယခု ကမ္ဘာမြေပေါ်တွင် အခြား ကမ္ဘာက ဂြိုလ်သား တဦး တွင် ရှိသည့် ဉာဏ်ရည်မျိုး နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ သူသည် ကျွနုပ်တို့၏ ယဉ်ကျေးမှု နယ်ပယ်တခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်ဆိုသည့် အချက်က လွဲ၍ ကျန်သည်များနှင့် ပတ်သက်၍ ကျွနုပ်တို့ များများစားစား သိမထားသေး၊ ထို့အတွက် AI အား လူထု အကြား တာဝန်မဲ့စွာ ချပြလာမှုများကို ရပ်တန်သင့်ပြီ ဖြစ်သည်။ AI က ကျွနုပ်တို့အား စည်းမျဉ်းဥပဒေသများ နှင့် ထိန်းချုပ်ခြင်း မပြုနိုင်မီ ကျွနုပ်တို့ဖက်က အရင်လက်ဦးမှု ယူ၍ ပြုလုပ်သင့်ပြီ ဖြစ်သည်။

 

ပထမဆုံး ပြဋ္ဌာန်းရမည့် စည်းမျဉ်း အနေဖြင့် ကျွနုပ် အကြံပေးလိုသည်မှာ AI သည် AI ဖြစ်ပါသည် ဆိုသည်ကို အရင်ဦးဆုံး မဖြစ်မနေ ထုတ်ဖေါ်ကျေညာ ရန် ဖြစ်သည်။ ကျွနုပ်သည် တစုံတဦး နှင့် စကားစမြည် ပြောမည်ဆိုလျှင် ထိုလူသည် လူသား လား AI လား ဆိုသည်ကို မပြောနိုင်လျှင် ဒီမိုကရေစီ ဆိုသည်က နိဂုံးချုပ်သွား ပေတော့မည်။

 

ယခု ရေးသော စာ သည်လည်း လူသား တဦး က ရေးခြင်းသာ ဖြစ်သည်။ ဟုတ်ကော ဟုတ်ပါရဲ့လား။